မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်လို့ တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသင့်၊ မပြုသင့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ် တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့် မရခဲ့ပါဘူး။
အဲဒီကိစ္စဟာ မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ အစဉ်အလာကို ဆုပ်ကိုင်ထားသူတွေနဲ့ ကျန်းမာရေး ရှုထောင့်က စဉ်းစားပြီး အစဉ် အလာကို ဖောက်ထွက်ချင်သူတွေအကြား အငြင်းပွားစရာ ကိစ္စလည်း ဖြစ်နေခဲ့ပါတယ်။
တရားဝင် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ လိင်အလုပ်သမတွေဟာ ဥပဒေရဲ့ အကာအကွယ်ကိုမရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံ တွေ့နေရသလို၊ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း မရရှိပါဘူး။ ဒါ့ကြောင့် HIV ကူးစက်ပြန့်ပွားမှုဖြစ်စေတဲ့ အဓိက ဦး တည် အုပ်စု ၃ မျိုးအနက် တခုအပါအဝင်ဖြစ်တဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကတဆင့် ရောဂါကူးစက် ပြန့်ပွားမှုတွေလည်း ဖြစ် ပေါ်နေဆဲပါ။
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီးတွေထဲက ဝ. ၄၅ ရာခိုင်နှုန်းဟာ အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအဖြစ် ရှိနေပြီး ခန့်မှန်းခြေ ၄ သောင်းကနေ ၈ သောင်း အကြား အရေအတွက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ကောက်ယူထားတဲ့ ခန့်မှန်းခြေ စာရင်း တွေက ဆိုပါတယ်။
လိင်ဖျော်ဖြေရေး လုပ်ငန်းတွေကို တရားဝင်လိုင်စင် ချထားပေးခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိနိုင်တယ်၊ မြန်မာ့ယဉ်ကျေးမှုကြောင့် လိင်မှုဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို ဘယ်လို အဟန့်အတားဖြစ်စေတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Marie Stopes International Myanmar မှ Country Director ဒေါက်တာ စစ်နိုင်ကို ဧရာဝတီ သတင်းထောက် စနေလင်းက အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။
Marie Stopes International Myanmar (MSI) ဟာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ HIV/AIDS ကာကွယ် တားဆီးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ပြည်ပလူမှုရေး အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
မေး။ ။ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုရဲ့ အတားအဆီးက HIV/ AIDS ကူးစက်ပြန့်ပွားမှုတွေမှာ ဘယ်လောက်အတိုင်း အတာ အထိ သက်ရောက်မှု ရှိနိုင်သလဲခင်ဗျ။
ဖြေ။ ။ ယဉ်ကျေးမှုဆိုတာက အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီထဲမှာမှ အရှက်တရားကြောင့် ဘာမှမပြောတာကို ဘဲ ယဉ်ကျေးမှုလို့ ဆွဲယူကြတယ်။ ဒါက ယဉ်ကျေးမှုအကောင်းတွေ အများကြီး ရှိတဲ့အထဲကနေ မပြောတာ၊ ပေးမသိတာ၊ ပေးမပြတာတွေကြောင့် အန္တရာယ်ရှိတဲ့ အပိုင်းကို ရွေးထုတ်ပြောတာ။
လူငယ်တွေကို မပြောသင့်၊ မပြသင့်ဘူး။ သိရင် ချက်ချင်း လုပ်ကုန်ကြတော့မယ်ဆိုတဲ့ ဘယ်လိုမှ ရှင်းပြလို့မရသေးတဲ့ အယူအဆတခုက အခုချိန်ထိ ရှိနေသေးတယ်။ ဘာသာကြောင့်လည်းမဟုတ်ဘူး။ လူမျိုးကြောင့်လည်း မဟုတ်ဘူး။ နိုင်ငံ ကြောင့်လည်း မဟုတ်ဘူး။ ဒါက စနစ်နဲ့ကို ဆိုင်တာ။ ကမ္ဘာ့နိုင်ငံတွေမှာ အခုချိန်ထိ ရှိနေကြသေးတယ်။
မေး။ ။ ကျနော်တို့ နိုင်ငံမှာကျတော့ မိဘက သားသမီးတွေကို လိင်ပညာ(Sex Education) နဲ့ ပတ်သက်လို့ ပြောပြ လေ့ မရှိတာမျိုး၊ ဆရာက တပည့်ကို မပြောတာမျိုး၊ ပြည့်တန်ဆာ လုပ်ငန်းကိုပဲ ပြစ်မှုတခုလို ကျူးလွန်တဲ့ကိစ္စလို့ ယူဆကြတယ်။ လိင် အပျော်အပါးကို လူမှုရေးဖောက်ပြန်တယ်လို့ ယူဆကြတယ်။ အဲဒါက ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ် ရေးကို ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲခင်ဗျ။
ဖြေ။ ။ ပြည့်တန်ဆာ လုပ်ငန်းကို ရာဇဝတ်မှုလို့ မြင်မှာပေါ့ဗျ။ ဥပဒေကိုက ရာဇဝတ်မှုလို့ ပြဌာန်းထားတာကိုး။ ဒီ လုပ်ငန်း ကို ရာဇဝတ်မှု လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား ဆိုတာကတော့ လူထုနဲ့ ဥပဒေပညာရှင်တွေ၊ သက်ဆိုင် သူတွေ ငြင်းကြ၊ ဆွေးနွေး အဖြေရှာကြရမယ့် အပိုင်းပါ။ ကျနော်တို့ ပြောလို့လဲ ဖြစ်မှာမှ မဟုတ်တာ။ ဒါကို ပြောနိုင်ခွင့် ရှိတဲ့သူတွေ ငြင်းကြပါစေ၊ ကိုယ်ဘာထင်လဲ ဆိုတာ ပြောမနေတော့ဘူး။
ဒါပေမယ့် တခုရှိတာက လိင်ပညာမှာ မိဘက သားသမီးကို ဒီအကြောင်းတွေ လုံးဝကို မပြောချင်ဘူး၊ ဆရာတွေလည်း ဒီအတိုင်းပဲ။ အရိုသေတန်မှာစိုးလို့။ ပြီးရင် ကျုပ်ကဘယ်လို ဆက်အုပ်ချုပ်တော့မှာလဲ ဆိုတာက ပါသေးတယ်။ တချို့နေရာတွေမှာ ကျနော်တို့ကို ပြောခိုင်းတာမျိုးရှိတယ်။ ကျနော်တို့ကတော ပြောနေကျဆိုတော့ ပြောထွက်မှာပေါ့တဲ့။ သြော် ကိုယ်တွေကပဲ အရုတ္တ၊ အနတ္တ ပြောထွက်တယ်လို့ကို ဖြစ်နေတာ။ ရယ်စရာကိုဖြစ်ရော။
ဒါပေမယ့် ကျနော်တို့က ကောင်းတာပေါ့ဆိုပြီး ပြောကြတယ်။ သူတို့က အဲဒါကို ပြောလိုက်ရင် နောက်နေ့မှာ ဆူဖို့၊ စာကျက်ခိုင်းဖို့၊ လိမ္မာအောင်နေဖို့ ခက်မယ်လို့ ထင်နေကြတယ်။ မိဘက၊ ဆရာက သားသမီး၊ တပည့်တွေထက် မြင့် တဲ့ နေရာကနေ ထိန်းကျောင်းပဲ့ပြင်ခဲ့တဲ့စနစ်ကို ကျင့်သုံးလာတာ ကြာနေတော့၊ အဲဒီစနစ်ကို ဖယ်ရှားဖို့ ခက်နေတယ်။ ခင်ခင်မင်မင်၊ လေးလေးစားစားနဲ့ တန်းတူ ဆက်ဆံတာမျိုးဆိုရင်၊ ဥပမာ အသက် ၁၀ နှစ်ကလေးပဲ ရှိနေသေးပေမယ့် သူ့မှာလည်း သူ့ရဲ့တန်ဖိုးနဲ့၊ ငါကလည်း အသက် ၆၀ ကျော်နေပေမယ့် ငါ့ရဲ့တန်ဖိုးနဲ့ အမှန်ကိုအမှန်တိုင်းမြင်ပြီး အုပ်ချုပ် တဲ့ မိဘ၊ ဆရာ ပုံစံမျိုးဆိုတာ ကျနော်တို့ဆီမှာ အလေ့အကျင့်မရှိဘူး။ အဲဒါကြောင့် ဇွတ်မပြောခိုင်းဘူး။ ပြောလိုက် လို့ လွဲနေရင် အကုန်ရှုပ်ကုန်မှာ။ ကျနော်တို့ အကြံပေးမှာက မိဘကလည်း ယုံကြည်၊ သားသမီးကလည်း ယုံကြည်တဲ့ တတိယ ပုဂ္ဂိုလ်တွေကို ပြောခိုင်းပါ။ သိဖို့တော့ လိုကိုလိုတယ်။ မသိလို့ ကြီးပြင်းလာရင် ရှာကြဖွေကြ သိကြရင် အဲဒီ အချိန် မှာ အကာအကွယ်ဆိုတာ ရှိချင်မှ ရှိတော့မယ်။
ခက်တာက ကျောင်းတွေမှာ လိင်ပညာ (Sex Education) လို့ ခေါင်းစဉ်တပ်လိုက်တာပဲ။ ဒါက လိင်ဆက်ဆံတာ ဘယ်လို လုပ်ရတာကို သင်ပေးတာမှ မဟုတ်တာ။ လူ့လောကမှာ ရှိနေတဲ့ အကောင်း၊ အဆိုး၊ အကြောင်းအကျိုး တွေကို အန္တရာယ်နဲ့၊ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုး ရှင်းပြတဲ့၊ မြင်အောင်လုပ်ပေးတဲ့ ပညာပါ။ ဒါ ကြားတာနဲ့ ကလေးတွေ ပျက်စီးကုန်လိမ့်မယ် လို့ ထင်နေတာမျိုး ရှိနေတယ်။ တချို့ကျောင်းတွေမှာ ၈ တန်းအောင်တွေကို ဒီဟာ မပေးပါနဲ့၊ ကျန်တာအကုန်ပြောပါ၊ ကွန်ဒုံး ဆိုတာ မပြောပါနဲ့၊ ဒီကလေးတွေက ၁၀ တန်းပဲရှိသေးလို့ ဆိုတာမျိုးတွေ ရှိတယ်။ ကျနော်တို့ပြမှ ဒီကလေးတွေက ကွန်ဒုံးကို မြင်ဖူးတော့မှာ ကျနေတာပဲ။
အဲဒါမျိုးဆိုရင် ကျနော်က အိုကေ၊ ဆရာတို့၊ ဆရာမတို့က အကောင်းဘက်ကနေ ပြောတာပဲ၊ ကျနော်တို့ကလည်း အန္တရာယ် ကင်းအောင် ပြောတာပဲ။ ဒါပေမယ့် အန္တရာယ်ကင်းအောင် လုပ်ပေးမယ့်သူတွေက စောင့်တယ်။ ၁၅ နှစ်၊ ၁၈ နှစ်မပြည့်သေး လို့ ခဏတော့ စောင့်မယ်၊ မိန်းကလေးတွေကို သမီးကလေး ငယ်သေးလို့မပြောဘူး။ မဆီလျော်သေးပါဘူး ဆိုပြီးတော့ စောင့် ပါတယ်။ အဆိုးက မစောင့်ဘူး ဖမ်းရောင်းစားမယ့် ဂိုဏ်းက မစောင့်ဘူး။ သူ့ကို ဘယ်သူတွေ ကာကွယ်ပေးမှာလဲ၊ သူ့ကိုယ်သူ ဘယ်လို ကာကွယ်ရမယ်ဆိုတာ တတ်နိုင်သလောက် ကျနော်တို့ပေးထားဖို့ တာဝန်မရှိဘူးလား။ အပြာကားပြတဲ့ နေရာတွေမှာ ကလေးငယ်သေးတယ်၊ ရှေ့နှစ်မှ ပြန်လာကြည့်လို့ ဘယ်ရုံက ပြန်လွှတ်လဲ။ အန္တရာယ်က အသက်မသတ်မှတ်ဘူး။ ကျနော် ကတော့ စောင့်ချင်သလား၊ စောင့်ပါ။ ကျနော်တို့မှာက ဆုံးဖြတ်ပိုင်ခွင့်မှ မရှိတာ။ မတတ်နိုင်ဘူးဗျာ။
မေး။ ။ ကျနော်တို့နိုင်ငံရဲ့ ဆေးလောကမှာလည်း ခေတ်ပညာတတ် လူငယ်ဆရာဝန်တချို့က Sex ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အသုံးအဆောင်၊ ဆေးဝါးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး လုပ်ချင်ကြတယ်။ တဖက်မှာလည်း နည်းပေး လမ်းပြဖြစ်မှာ စိုးရိမ်ပြီး ဒါကို ပိတ်ပင်သင့်တယ်လို့ ယူဆကြတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီအယူအဆ ၂ ခုကတော့ ရှိမှာပဲဗျ။ ကဲ.. Facebook ခေတ်စားနေတာ ကောင်းလား၊ ဆိုးလား။ ၂ ခုလုံး ကျနော်တို့ ခံစားပြီးပြီ။ တသက်လုံး ပြန်မတွေ့တော့ဘူးထင်တဲ့ ဆရာ၊ ဆရာမ၊ သူငယ်ချင်း မိတ်ဆွေတွေ ပြန်တွေ့ကြနဲ့။ ဒါက ကောင်း တာ။ ဆိုးတာပြောရရင် သေတဲ့သူတွေလည်း သေပြီးပြီ။ မနည်းတော့ဘူး။ အယူအဆတွေကတော့ ရှိနေမှာပဲ။ အဆိုးကို ဘယ် လို ထိန်းမလဲ၊ အကောင်းဘက် များများရအောင် ဘယ်လိုလုပ်မလဲဆိုတာ ခေတ်တခေတ်ပေါ် မူတည်ပြီးတော့ ငြင်းကြဦးမှာပဲ။ ကြားထဲက လူထုကျန်းမာရေး အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ လိုအပ်တာကို လိုအပ်တဲ့ အချိန်မှာ ရအောင်လုပ်ပေးဖို့ တာဝန် ရှိတာပေါ့။ အခုလောလောဆယ် အတိုက်အခိုက် ခံနေရဆုံးက အရေးပေါ် သားဆက်ခြား ဆေးကိစ္စပဲ။
အဲဒီဆေးကြောင့် အန္တရာယ်ကင်းသွားတဲ့ အသက်တွေ၊ လူတွေကို မမြင်ဘူး။ ဒီဆေးကြောင့် ဘယ်လောက်တောင် ပျက်စီး ကုန်ပြီ၊ ဘယ်နေ့မှာ အဲဒီဆေးတွေကို လိုက်ဖမ်း ပါတယ်ဆိုတာက ရှိသေးတယ်။ ဒါတွေက ရှိနေဦးမှာပဲ။ ခေတ်ပေါ် မူတည် ပေမယ့် ခေတ်ကသာပြောင်းမယ်၊ လူတွေက အသက် ၆၀ ပဲနေရမှာ။ ၈၀ လောက်မှ ခေတ်ပြောင်းရင် ကြားကာလမှာ ဘယ်လို နေကြမလဲ။ ကိုယ်က ဥပဒေကိုလည်းပြောလို့မရ၊ ယဉ်ကျေးမှုကိုလည်း ပြင်လို့မရဆိုတော့ လုပ်စရာရှိတာကို လုပ်နေရဦးမှာပဲ။ အတားအဆီး ရှိနေသေးရင်တော့ စောင့်ရ၊ ရအောင်ပြန်ညှိရမှာပဲ။ အရေးပေါ် သားဆက်ခြားဆေးက တော်တော့်ကို ဒုက္ခရောက် ရရှာတယ်။ ကျေးဇူးတင်တဲ့ သူရှိပေမယ့် ရှက်လို့ တယောက်မှ မပြောရဲဘူး။ ကျေးဇူးမတင်တဲ့သူ နည်းနည်းက ကျယ် ကျယ်လောင်လောင် ပြောကြတယ်။
မေး။ ။ နိုင်ငံခြားမှာဆို ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လိုင်စင်၊ နေရာ သတ်မှတ်ပေးထားတယ်။ အဲဒီလို လုပ်လိုက် လို့ ပဲ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းမယ်၊ အမှုအခင်းတချို့ ကျဆင်းတယ်လို့ ပြောကြတယ်။ မြန်မာနိုင်ငံမှာ လိင် လုပ် သား တွေကို အရေးယူဖို့ပဲ ဥပဒေက ရှိနေပြီး အကာကွယ်ပေးမယ့် ဥပဒေမျိုး မရှိသေးတာကရော။
ဖြေ။ ။ အဲဒီ အမှုအခင်း ကျဆင်းတယ်ဆိုတာမှာ မုဒိန်းမှု မပါဘူးဗျ။ ပြည့်တန်ဆာ လုပ်ငန်းနဲ့ မုဒိန်းမှု မဆက်စပ်ဘူး။ သို့သော် အကြမ်းဖျင်းတော့ ပြောနေကြတာပဲ။ ထားပါတော့။
မုဒိန်းမှုမျိုးက လူတွေရဲ့ သဘာဝလား၊ ပတ်ဝန်းကျင်ကြောင့်လား လို့ စဉ်းစားကြတယ်။ သတ္တဝါ ဗီဇစိတ်ကြောင့် ဖြစ်တာ လည်း အတိုင်းအတာ တခုအထိ ပါသလို၊ ပတ်ဝန်းကျင်ကြောင့်လည်း ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာ အခုတလော ပိုပြီး တော့ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ ကျနော်တို့ဆီမှာလဲ ရှိတယ်။ သူတို့ဆီမှာ ပိုများနေတယ်။ ဘာလို့လဲ။ ဗီဇချင်း၊ သွေးချင်း မတူလို့မဟုတ်ဘူး။ ပတ်ဝန်းကျင်မတူလို့။ လူထုကို ထိန်းကျောင်းသွားမယ့်နည်း အမျိုးမျိုးတော့ ရှိမှာပေါ့။ ဒီ လုပ်ငန်းကြီးကို လိုင်စင်ပေးမှာလား၊ အဲဒီလိုဆို ပိုဆိုးသွားမှာလား။ ဒါတွေက ပြောလို့မရဘူးဗျ။ အချိန်၊ အခြေအနေတခု ပြန်ကြည့်ပြီးမှပဲ ရမှာ။ ကိုယ်ကြောင့်ပဲ ဥပဒေကို ပြင်ပါ၊ ဖျက်ပါလို့ ပြောနေလို့မှမရတာ။ တခုပဲပြောချင်တာက အရေးယူတာလည်း ရှိနေတယ်၊ အရေးမယူဖို့ ပြောတဲ့သူကလည်း ပြောနေတယ်။ ဒါပေမယ့် အရေးမယူဘဲ လူတွေကို အန္တရာယ်ကင်းဖို့ ဘယ်လို လုပ်ကြမလဲ ဆိုတာပဲ။
ပြည့်တန်ဆာလုပ်ငန်းက လုံးလုံးကြီး ပျောက်မှာမဟုတ်ဘူး။ ပပျောက်ရေးက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်တော့မှ မဖြစ်နိုင် ဘူး။ အနည်းနဲ့အများပဲ ဖြစ်နေမှာ။ မူးယစ်ဆေးလည်း အဲဒီလို ပြောလို့ရတယ်။ အဲဒီတော့ ရှိတာကို ဘာလုပ်ကြမလဲ၊ လိုင်စင် ပေးပြီး ထိန်းတဲ့နည်း၊ အန္တရာယ်ကာကွယ်တဲ့ နည်းမျိုးစုံ ရှိတယ်။ လူမှုရေး ပြဿနာတွေ၊ ပြစ်မှုတွေ နည်းသွားတာနဲ့တော့ ဒီလိုလုပ်တာ သက်ဆိုင်တယ်။ မုဒိန်းမှုနဲ့တော့ ဒီလိုလုပ်လို့ နည်းမှာဆိုတာ မဆိုင်ဘူး။ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားတာမှာ နေရာ၊ ခေတ်၊ ပထဝီအနေအထား၊ သမိုင်းကြောင်းတွေ စတဲ့ အများကြီးပေါ် မူတည်တယ်။ နောက်တခုက လူတွေရဲ့ ဓလေ့စရိုက်နဲ့လည်း ဆိုင်တယ်။
မေး။ ။ ဆရာတို့ဆီကို လိင်အလုပ်သမတွေ လာပြီးတော့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်လေ့လုပ်ထ ရှိပါသလားခင်ဗျ။
ဖြေ။ ။ ရှိပါတယ်။ အဲဒီလိုရှိအောင်ကို တော်တော်လေး ကြိုးစားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ငန်းလုပ်တဲ့အမျိုး သမီး တွေက သူတို့ရဲ့ အားတဲ့အချိန်၊ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပုံမှန်လုပ်ဖို့ တမျိုးစီစဉ်ပေးရတာ။ ဒါကလည်း ဈေးရောင်းတဲ့အုပ်စုကို ဆေးစစ်ပေးစေချင်တယ်ဆိုရင် ဈေးမရောင်းတဲ့အချိန်မှာ လုပ်ပေးရ သလိုမျိုးပဲ။ အဲဒီ လို မဟုတ်ရင် ပတ်ဝန်းကျင်က သူတို့အပေါ်မှာ တုံ့ပြန်ဆက်ဆံမှုတွေ အပေါ်မှာ တချို့နေရာတွေမှာ တော်တော်လေး အဆင်မပြေဘူး။ အဲဒီလို သူတို့အားမယ့်အချိန်၊ သွားလို့လာလို့ လွယ်ကူမယ့် နေရာလိုပေါ့။ တချို့အမျိုးသမီးတွေက သူတို့ ကို စီမံခန့်ခွဲတဲ့သူတွေကြောင့် သွားချင်တိုင်း သွားလို့မရဘူး။ အဲဒါကြောင့် သူတို့နဲ့ မနီးမဝေး နေရာလေးတွေကို လုပ်ရတာ။
နောက်တခုက လူတွေအများကြီး လာတဲ့နေရာမှာဆိုရင် ကိုယ်က ကံကောင်းပြီး ဒုက္ခမရောက်ပေမယ့်၊ သူက ကံဆိုးပြီး ဒုက္ခရောက်တယ်လို့ မမြင်ဘဲ၊ “သူတို့ မို့လို့ဒီလိုဖြစ်တာ၊ ငါတို့တော့ ဘယ်တော့မှ အဲဒီလိုမျိုးမလုပ်ပါဘူး”ဆိုတဲ့ ကိုယ်ချင်း မစာတဲ့ စိတ်ထားက မိန်းကလေးတွေက အစထားတာ၊ ဒီလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီးလို့ သိတာနဲ့ အဲဒီနေရာမှာပဲ ဆက်ဆံပုံ၊ စကားတွေက တမျိုးဖြစ်သွားတာမျိုးဆိုတော့ အဲဒီလို လူများတဲ့နေရာမျိုးဆိုလည်း သူတို့က လာစစ်တာမျိုးမရှိဘူး။ သူတို့အတွက် အဆင်ပြေအောင် စီစဉ်ပေးရတာပေါ့။
မေး။ ။ သူတို့အတွက် အဆင်ပြေအောင်ဆိုတော့ ဘယ်လိုပုံစံမျိုး စီစဉ်ပေးရတာလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ အဲဒီလို သူတို့အတွက်သီးသန့် ဖွင့်ပေးတာမျိုးတော့ မလုပ်ပါဘူး။ တချို့အဖွဲ့အစည်းတွေက ဒီလို ကူညီရေးလုပ်ငန်းတွေ သီးသန့်လုပ်ကြတယ်။ သူတို့လာပြီး သီးသန့်ပြလို့၊ ကုလို့ရအောင် သီးသန့်ကို စီစဉ် ဖွင့်ပေးတယ်။ ဒါလည်း ကောင်းပါတယ်။ တော်တော်လေး ခက်ခက်ခဲခဲ လုပ်ကြရတယ်။ ကျနော်တို့ကကျတော့ သက်သက်ကြီး နောက်တစား ထပ်ခွဲတာမျိုး မဖြစ်စေချင်လို့ပါ။ ဘယ်သူမဆို ကုသမှုခံယူဖို့ လာလို့ရအောင် လုပ်ထားတာဖြစ်တော့ သူတို့ အတွက် စီမံခန့်ခွဲရတာနည်းနည်းတော့ ခက်ပါတယ်။
လုပ်ငန်းအဆင်မပြေတဲ့၊ ဆင်းရဲတဲ့၊ ဝေးလံခေါင်းပါးတဲ့ နေရာမှာ နေတဲ့လူတွေကို ဖယ်ပြီးကြည့်မယ်ဆိုရင် မြို့ပေါ်တွေမှာ နေတဲ့၊ ဝင်ငွေပုံမှန် ရှိနေတဲ့ လူတွေတောင် ကျန်းမာရေး စောင့်ရှောက်စစ်ဆေးဖို့ကို ခပ်အေးအေးပဲ နေနေကြတာ။ မလဲ မချင်း၊ မကွဲမချင်း၊ ကိုက်ခဲတာမဖြစ်မချင်း နေနေကြတာပဲ။ ရာထူးရှိတဲ့သူတွေရော၊ စစ်ဘက်ဆိုင်ရာတွေကပါ ကျန်းမာရေး က ဂရုစိုက် စရာလို့ မထင်ကြဘူး။ ကျနော်တို့ ပြောရင်တောင် ဆရာဝန်မို့လို့ ဒီလိုစကား ပြောမှာပေါ့လို့ ဆိုမယ်။ ဆရာဝန်တွေတောင် ဒီလိုအလေ့အကျင့်တွေ မရှိဘူးဗျ။ တချို့ကြတော့ ရယ်စရာတောင် ဖြစ်သေးတာ ရှိသေးတယ်။ တခုခုစစ်လို့ စောစောစီးစီး တွေ့သွားရင် ကောင်းတာပေါ့လို့မတွေးဘဲ တွေ့ရင် တခုခုလုပ်ရတော့မှာပေါ့လို့ စိုးရိမ်တဲ့ သူတွေလည်း ရှိတယ်။ ဒီလို ပုံမှန် လူတွေမှာတောင် ဒီလောက်ရှိနေရင် စီးပွားရေး အဆင်မပြေတဲ့၊ အများက ဝိုင်းနှိမ်ထားတဲ့၊ မျက်နှာမရရှာတဲ့ သူတွေမှာဆို ပို ဆိုးတာပေါ့။ သူတို့ လိင်အလုပ်သမတွေက တော်တော်လေးလည်း ပေါ့ကြတယ်။ ပစ်စလက်ခတ်လဲ နေကြပါတယ်။ ပတ်ဝန်းကျင်ကလည်း ပစ်စလက်ခတ်ကို ထားကြတယ်။
မေး။ ။ တနှစ်တနှစ်ကို လိင်အလုပ်သမ ဘယ်လောက်က ဒီလို HIV အတွက် ပုံမှန်စစ်ဆေးမှုတွေ လုပ်ကြပါသလဲ။
ဖြေ။ ။ မရှိဘူးလို့တော့ ပြောလို့မရဘူး။ စစ်ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် ၄လတကြိမ်၊ ၆ လတကြိမ် စစ်တာမျိုးတော့ မရှိသေးဘူး ထင်တယ်။ ဆေးခန်းတွေ၊ ဆေးရုံတွေကလည်း ယောကျာ်ကဘယ်သူလဲ၊ ဘယ်မှာနေလဲ၊ ဘာအလုပ်လုပ်လဲ စသဖြင့် စကားပြောတာတွေလည်း ရှိနေတော့ အဲဒါကိုမကြိုက်တဲ့သူတွေက သွားမစစ်ကြတော့ဘူးပေါ့။ သွေးစစ်တဲ့ကိစ္စမှာ HIV မှမဟုတ်ဘူး။ ဘီပိုး၊စီပိုး စတာတွေလည်း ရှိတာကြောင့် အခုလုပ်နေကြတာထက် အများကြီး ပိုလုပ်ဖို့လိုပါတယ်။ အထူးသဖြင့် အန္တရာယ်ရှိနိုင်တဲ့ အလုပ်ကို လုပ်နေကြသူတွေအနေနဲ့ ပိုစစ်သင့်ပါတယ်။
ကိုယ်လုပ်တဲ့အလုပ်က အန္တရာယ်ရှိလား၊ မရှိလားဆိုတာ သိနေတာပဲ။ မသိတာတွေလည်း ရှိတယ်။ အိမ်ရှင်မတွေပဲ။ သူ တို့ ကတော့ ရှင်းတယ်။ သူတို့ဘဝမှာ ယောကျာ်(ခင်ပွန်း) ပဲရှိတာ။ ဒါပေမယ့် သူတို့ရဲ့ ယောကျာ်တွေကတဆင့် HIV ကူးကြတယ်။ ကိုယ်နေပုံထိုင်ပုံကို သိပေမယ့် တခါတလေကျတော့ ကိုယ့်ရည်းစားက ဘယ်လိုလဲ၊ ယောကျာ်က ဘယ်လိုလဲ ဆိုတဲ့ အပေါ်မူတည်ပြီး အန္တရာယ်ရှိပြန်ရော။ အခုချိန်ထိ တနှစ်ကို လူ၁၀၀ ကူးရင် ၂၀၊ ၂၅ ယောက်လောက်က အိမ်ရှင်မတွေပဲ။
ကိုယ့် အိမ်ထောင်ဘက်ကြောင့်၊ ချစ်သူတွေကြောင့် သွေးစစ်ဖို့လိုတဲ့ လူတွေရှိပေမယ့် မစစ်ကြဘူး။ တချို့ကျတော့ တွေ့ သွားလို့ရှိရင် ပတ်ဝန်းကျင်ကပေးမယ့် ဒုက္ခအမျိုးမျိုးကိုမခံချင်လို့ ငါတော့ထိလောက်ပြီလို့ တွက်တဲ့သူက လုံးဝမစစ်တော့ ဘူး။ ရှောင်ကိုရှောင်နေကြတာ။ တကယ်တွေ့ရင်ရော ဘယ်သူက ဆေးလာပေး၊ ပြုစုမလဲ။ ဘယ်သူမှ မရှိဘူး။ အလုပ်ဖြုတ် မယ့်သူ၊ နှိမ် မယ့်သူ၊ ပစ်ပယ်ကြမယ့်သူ၊ ရှောင်နေကြမယ့်သူတွေက အဆင်သင့်ပဲလေ။
မေး။ ။ လမ်းပေါ်မှာ လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်သူ အနည်းငယ်ကတော့ ပုံမှန်စစ်တာမျိုး လုပ်တယ်လို့ သိရပေမယ့် ကေတီဗီ၊ အနှိပ်ခန်း၊ Call Girl လို့ခေါ်တဲ့ ဖုန်းနဲ့လုပ်ကြတဲ့ မိန်းကလေးတွေကို မေးကြည့်တာမှာ လုံးဝမလုပ်ကြဘူးလို့ ဆိုတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ အခုအချိန်ထိ ခက်ခဲနေသေးတယ်ဗျ။ ကွန်ဒုံးဆောင်ပါလို့ ပြောလိုက်တာကိုပဲ သူတို့ကိုစွပ်စွဲတာလို့ မြင်နေကြတုန်းပဲ။ လူကိုမပြောနဲ့ဗျာ။ ဟိုတယ်တွေမှာ ကွန်ဒုံးထားပေးပါလို့ ပြောတာကိုပဲ ကျုပ်တို့ဟိုတယ်က ဒါမျိုးမဟုတ်ဘူး၊ ဖြစ် နိုင်ရင် မလာတောင် မလာကြပါနဲ့လို့ ပြောကြတယ်။ ကျနော်တို့ လာလိုက်လို့ပဲ သူတို့ဟိုတယ်ကို အထင်လွဲသွားမယ် ဆိုတဲ့ အမြင်တွေက ရှိနေကြသေးတယ်။ လိင်အလုပ်သမတွေကို သွေးစစ်ဖို့လိုပါတယ်လို့ ပြောနေတာကိုပဲ သွေးစစ်ရင် ဒီအလုပ်ကို လုပ်ကြတဲ့သူတွေပဲလို့ မြင်နေကြတုန်းဆိုတော့ အဲဒီကိစ္စတွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းဖို့ လိုနေ တုန်းပဲခင်ဗျ။
မေး။ ။ လိင်အလုပ်သမတွေမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရမှုတွေကရော ဘယ်လောက် အတိုင်းအတာ ရှိနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ ဒါက HIV ကူးစက်ခံရတဲ့ သူတွေမှ မဟုတ်ဘူး။ ချဲ့ပြောရင် လူမျိုးတွေ၊ ဘာသာတွေတောင် ပါလာမှာ။ လူအများ နှိပ်စက်မှုတွေ ခံစားခဲ့ရတဲ့သူတွေဟာ ကြောက်သွားတယ်။ တချို့က ဒါကို ရသလောက် ရှောင်လိုက်ကြတယ်။ တဘက် မှာ ကျတော့ သူ့အပေါ် ကောင်းတဲ့သူမရှိခဲ့တဲ့အတွက် သူများအပေါ် ဘယ်လိုမှ မကောင်းတော့ဘူး။ ငယ်ငယ်လေးထဲက သူများရဲ့ အသုံးချ၊ အမြတ်ထုတ်၊ အလွဲသုံးစားပြုတာ၊ မတော်မတရား အကျင့်ခံရတာ၊ ရောင်းစားခံလိုက်ရတဲ့ လူမျိုးတွေ ကျတော့ လူတွေကို အဆိုးတွေနဲ့ပဲ ကြည့်ပြီး တခုခုဖြစ်ရင် သူ့ဘက်က မနာအောင်ကို စစဉ်းစားတတ်ကြရော။ ငါကိုတော့ သူများတွေက ဒုက္ခပေးပေမယ့် ငါကတော့ သူများတွေကို ဒုက္ခ မပေးတော့ပါဘူးလေ လို့ တွေးကြတဲ့သူတွေ ရှိသလို ငါ့အပေါ်တောင်မှ ဘယ်သူက မှ မကောင်းခဲ့တာ၊ ငါကဘာလို့ သူများတွေအပေါ် ကောင်းနေရတော့မှာလဲလို့ တွေးကြတဲ့ သူတွေလည်း ရှိတယ်။ အဲဒီမှာပဲ သူတို့ နိုင်တဲ့လူတွေကို ပြန်နှိပ်စက်တော့တာပဲ။
သူတို့ အချင်းချင်းကြားထဲမှာတောင် ပြန်အနိုင်ကျင့်၊ နှိပ်စက်တာမျိုးတွေ အများကြီးရှိတယ်။ ဒါက လူမျိုး၊ ဘာသာ၊ ဒေသ ကြိုက်တဲ့ နေရာတွေမှာ ကြည့်ကြည့် လူတွေက ဒါမျိုးတွေပဲ ဖြစ်နေကြတာပဲ။
မေး။ ။ နောက်ဆုံးမေးခွန်း အနေနဲ့ လိင်ဖျော်ဖြေရေး လုပ်ငန်းထဲမှာ ရောက်ရှိနေကြတဲ့သူတွေကို လူမှုအသိုင်းအဝိုင်းက ရော၊ အာဏာပိုင်တွေဘက်ကရော ထားရှိတဲ့ သဘောထားတွေကို နိုင်ငံတကာ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး ဘယ်လိုမျိုး ဖြစ်သင့် တယ်လို့ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ဆရာ တယောက်ပြောခဲ့ဖူးသလို ဒီလူတွေကို သူလိုကိုယ်လိုရတဲ့ အခွင့်အရေး တန်းတူရပြီး လူ တယောက် အနေနဲ့ အသက်ရှင် နေထိုင်သွားလာခွင့်ရရင် တော်ပါပြီတဲ့။ ထိုင်ကန်တော့ နေစရာလဲ မလိုဘူး။ တိုးပွားလာအောင် အားပေးတာမျိုးလည်း မဟုတ်ဘူး။ ပါးရိုက်၊ လက်သီးနဲ့ထိုးဖို့လည်း မကောင်းဘူး။ ခြေထောက်နဲ့ လှမ်းကန်ဖို့လည်း မသင့်ဘူး။ စည်း တခုက တယောက်ကြောင့် နောက်တယောက် ဒုက္ခမရောက်ရစေနဲ့ပေါ့။ သူတို့ဘက်ကလည်း သူများကို မထိခိုက်ဖို့ တာဝန်ရှိ တယ်။ သူများတွေကလည်း သူတို့တွေကို အန္တရာယ်ပြုတာ၊ မတရားပြုတာတွေကိုလည်း ကာကွယ် ပေးဖို့လိုတယ်။ ဖမ်းပြီ ဟဲ့လို့ ဆိုလိုက်တာနဲ့ ဆင်းရဲတဲ့၊ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့ သူတွေမှာပဲ သွားဖြစ်နေတယ်။ ဒီလုပ်ငန်းကို ရပ်တန့်ချင်လို့ပါဆိုပြီး လုပ်နေရာကနေ အဲဒီလုပ်ငန်းထဲက ဆင်းရဲတဲ့သူတွေကိုပဲ နှိပ်ကွပ်နေသလို ဖြစ်ဖြစ် သွားတတ်တယ်။ ဒါက သိပ်တော့ သဘာဝမကျဘူး။ မြေနိမ့်ရာလှံစိုက်သလို မဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်။ ။