ဟိုတနေ့က ကျမဆောင်းပါး တပုဒ်ဖတ်လိုက်ရပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ဆောင်းပါးပါ။ ဆရာ မင်းသုဝဏ်ဟာ ဆိုရင်ဖြင့် ကျမတို့ရဲ့ မြန်မာကလေးကဗျာ လောက၊ မြန်မာကလေးစာပေ လောကမှာ ကလေးများအတွက် အင်မတန် စေတနာ ထားပြီးတော့ ကလေးစာပေများကို ပြုစုခဲ့တဲ့သူပါ။ ဒီနေ့ခေတ် သူငယ်တန်း ကလေးများရဲ့ သူငယ်တန်း ဖတ်စာအုပ်မှာ ကလေးတွေ ရွတ်ဆိုနေကြတဲ့ “က – ကလေးငယ် ချစ်စဖွယ်၊ ခ -ခရေကုံး မလေးပြုံး” တို့ ဆိုတဲ့ ကဗျာစာသား လေးတွေရဲ့ အရင်ပထမ ဦးဆုံး လမ်းဖောက်ပေးခဲ့သူဟာ ဆရာ မင်းသုဝဏ်ပါပဲ။ အဲဒီလို ကလေးကဗျာလေးတွေ ရေးဖို့အတွက် ဆရာ မင်းသုဝဏ်ဟာ ဘယ်လိုကနေ အကြံဉာဏ်ရခဲ့တယ်၊ ဘယ်လို အတွေးမျိုး ရခဲ့တယ် ဆိုတာကို “ကျနော်၏ မြတ်ပုည” ဆိုတဲ့ ဆောင်းပါးမှာ ဆရာက ပြောခဲ့ပါတယ်။
ဆရာဟာ ကံအားလျော်စွာပဲ ဖျာပုံအရေးပိုင် ရောဘတ်မိုး ဆီကနေ အင်္ဂလိပ်စာဆို ဝေါ်လတာ ဒီလာမဲယား တည်းဖြတ် ထားတဲ့ Tom Thumb’s Alphabet လို့ခေါ်တဲ့ ကလေးတွေ ရွတ်ဖို့ အင်္ဂလိပ် အက္ခရာ ကဗျာလေး တအုပ်ကို ရလိုက်ပါတယ်။ ဆရာဟာ စာမေးပွဲခန်း စောင့်ရင်းနဲ့ပဲ ကလေးတွေ မြန်မာစာကို ခက်ခက်ခဲခဲ ဖြေနေကြရတာ၊ အဲဒီလို ကဗျာ စာပေမျိုး မြန်မာကလေးကဗျာ လောကမှာ မရှိသေးတာကို သတိပြုလိုက်မိတယ်။ ဒါနဲ့ ကကြီး၊ ခခွေး အက္ခရာတွေ အတိုင်း ဒီလို ကလေးကဗျာမျိုးကို ကလေးများ အတွက် ရေးရင်ကောင်းမှာပဲလို့ စိတ်ကူးရခဲ့ပါတယ်။
အဲဒီလိုနဲ့ ဆရာဟာ “က- ကန်စွန်းပင် ရေမှာရွှင်၊ ခ- ခရမ်းသီး ဒါးနဲ့ လှီး၊ ဂ – ဂဏန်းကောင် လက်မထောင်၊ ဆ- ဆရာကြီး ခေါင်းလောင်းတီး…” စတဲ့ ကလေးတို့ ရွတ်ရဆိုရ လွယ်မယ့် အလင်္ကာကဗျာ လေးများကို ပြုစုခဲ့ပါတယ်။
အက္ခရာ ကဗျာ အစဟာ ဆရာမင်းသုဝဏ် ပါပဲ။ ဆရာဟာ ကလေးစာပေကို စိတ်ဝင်စားသူ၊ အနောက်တိုင်း ကလေးစာပေကို လေ့လာသူ၊ ကလေး စိတ်ပညာကိုလည်း နားလည်သူ ဖြစ်တဲ့ အလျောက် ကလေးကဗျာများကို ရေးစပ်တဲ့ အခါမှာ ကလေးတို့ နားလည်လွယ်မယ့် စကားလုံးများ၊ မြင်နေတွေ့နေကျ ဖြစ်တဲ့ အရာများနဲ့သာ စပ်ဆိုခဲ့ပါတယ်။ ဆရာ ရေးခဲ့သားခဲ့တဲ့ သံပေါက် ကဗျာတွေဟာ ဖြည့်စွက်စရာ၊ ပြင်ဆင်စရာ မလိုအောင်ကိုပဲ ကလေးတို့ အတွက် ပြည့်စုံတဲ့ ကဗျာများပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အများသိကြပြီးတဲ့ အတိုင်း စာပေအမှောင်ခေတ် တခုကို ကျမတို့ ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီ စာပေ အမှောင်ခေတ်ရဲ့ ဆိုးကျိုး နောက်ဆက်တွဲများ အရ ဆရာ့ရဲ့ ကလေးကဗျာတွေကို ဖြုတ်ပစ်ကြ ပါတော့တယ်။ အကြံတူ နောက်လူ သာစမြဲ ဆိုတဲ့ ဆိုစကား ရှိပေမယ့်လည်း နောက်ပြင်လိုက်တဲ့ သံပေါက်ကဗျာတွေဟာ ဆရာ့ကဗျာတွေကို လုံးလုံး မမီတဲ့အပြင် ကလေးတို့ အတွက် နားလည်ရ ရှုပ်ထွေးစေပြီး အဓိပ္ပာယ် ဝေဝါးစေပါတယ်။
ဥပမာ…၊ “ခ -ခရေကုံး မလေးပြုံး” ဆိုတဲ့ အလင်္ကာနဲ့ “ခ-ခရမ်းသီး ဓါးနဲလှီး” ဆိုတာကို နှိုင်းယှဉ်ကြည့်ကြရအောင်ပါ။ “ခ-ခရေကုံး မလေးပြုံး” ဆိုတဲ့ အလင်္ကာမှာ မလေး ဆိုတာ မမလေးကို ခေါ်ကြောင်း၊ မလေးက ခရေကို ကြိုက်တဲ့အတွက် ခရေပန်းလေးကို မြင်ရတဲ့ အခါမှာ ပြုံးပျော်သွားကြောင်း စသဖြင့် ငါးနှစ်အရွယ် ကလေးတို့ နားလည်အောင်လို့ တော်တော်လေးကို ရှည်ရှည်ဝေးဝေး ရှင်းပြရဦးမှာပါ။ ဟော … ဆရာရေးခဲ့တဲ့ “ခ-ခရမ်းသီး ဓားနဲ့လှီး” ဆိုတာကတော့ ရှင်းစရာကို မလိုပါဘူး။ ကလေးတို့ မေမေ ဟင်းချက်တဲ့ နေရာမှာ ခရမ်းသီးကို ဓားနဲ့လှီးနေတာကို မြင်နေကြရ တာပဲ။ ခရမ်းသီးကို မေမေ ဓားနဲ့လှီးတာ မြင်တိုင်း မြင်တိုင်း ခ-ခရမ်းသီး ဓားနဲ့လှီးလို့ သတိရကြမှာပဲ။ ကဲ … ခရမ်းသီးကို မမြင်ဖူးကြဘူးပဲ ထားဦး၊ ဆရာမက ခရမ်းသီးကို အတန်းထဲ ယူလာပြီးတော့ ဓားနဲ့လှီးပြလိုက်ရုံပါပဲ။ ဒီလိုပဲ “က-ကန်စွန်းပင် ရေမှာ ရွှင်” ဆိုတဲ့ စာကြောင်းကို မြင်လိုက်တာနဲ့ ကလေးတို့ဟာ ရေထဲမှာ ပေါက်တဲ့ ကန်စွန်းပင် လေးတွေကို သတိရ လာကြမှာပါ။
ဆရာဟာ ကလေးတို့ ဆိုလို့ ရွတ်လို့ ကောင်းတဲ့ သံပေါက် ကဗျာလေးတွေကို စပ်ဆိုတဲ့ အခါမှာ ရွတ်လို့ရရင်ပြီးရော၊ ဆိုလို့ရရင် ပြီးရော ဆိုပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ ဒီအရွယ် ကလေးများ အတွက် အင်မတန်မှ အရေးကြီးတဲ့ ပတ်ဝန်းကျင်ကို သတိပြုမိမှုကို နှိုးဆွပေးနိုင်စေဖို့ပါ ရည်ရွယ် ရေးသားပြုစု ပေးခဲ့တာပါ။
အခု ကျမတို့ ကလေးတွေ ရွတ်ဆိုနေရတဲ့ “ဂ- ဂဏန်းသင် ပြုံးရွှင်ရွှင်” ဆိုတဲ့ စာကြောင်းကိုပဲ ကြည့်ပါဦး။ ဒီခေတ် ဒီအခါမှာ ပေါင်း၊ နုတ်၊ မြှောက်၊ စား ဆိုတဲ့ အရာကို ဘယ်သူကမှ ဂဏန်းရယ်လို့ မသုံးကြတော့ ပါဘူး။ သင်္ချာ လို့ပဲ သုံးကြ ပါတော့တယ်။ ဂ-ဂဏန်းသင် ပြုံးရွှင်ရွှင် ဆိုတဲ့ အဓိပ္ပာယ်ကို ကလေးတို့ နားလည်ဖို့ ဘယ်လိုမှ မလွယ်ပါဘူး။ ဂဏန်းသင်လို့ မပျော်ဘဲ စိတ်ညစ်နေတဲ့ ကလေးဆို ပိုလို့ ဆိုးပါဦးမယ်။ ဆရာ ရေးခဲ့တဲ့ “ဂ- ဂဏန်းကောင် လက်မထောင်” ဆိုတာနဲ့ ယှဉ်ကြည့်စေချင်ပါတယ်။ ဂ – ဂဏန်းကောင် လက်မထောင်လို့ ကလေးက ဆိုလိုက်ရင်ဖြင့် ဂဏန်းကောင်လေး လက်မ တထောင်ထောင်နဲ့ နေနေတာကို မျက်စိထဲ မြင်လာမှာပါပဲ။
အခုတော့ ကျမတို့ရဲ့ ကလေးတွေခမြာ ပါးစပ်ကသာ ဒီသံပေါက် ကဗျာတွေကို ကြက်တူရွေး စာအံသလိုမျိုး အလွတ်ရွတ် နေကြရတာပါ။ စာရဲ့ အဓိပ္ပာယ်ကိုလည်း တော်တော်များများက နားမလည်ကြ ရှာပါဘူး။ ဆရာ၊ ဆရာမ တော်တော်များများ ကလည်း မရှင်းပြကြပါဘူး။ ကလေးတို့ကို မြန်မာ စာသင်တဲ့ ရည်ရွယ်ချက်ထဲမှာ ကလေးတို့ အက္ခရာလေးတွေကို မှတ်မိစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်အပြင် ဒီအရွယ်မှာ သိပ်အရေးကြီးတဲ့ အသံနဲ့ ကာရန်လေး တွေကိုပါ မသိမသာ သင်ပေးသွားဖို့ လိုပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို သတိထားမိစေဖို့၊ စူးစမ်း လေ့လာတတ်ဖို့၊ ကဗျာလေးတွေ၊ ပုံပြင်လေးတွေကို ချစ်တတ်၊ နားထောင်တတ် စေဖို့လည်း လိုပါတယ်။
ကလေးကဗျာ၊ ကလေးစာပေ၊ ကလေး သင်ရိုးညွှန်းတန်း စတာတွေကို ဆွဲကြ၊ သားကြ၊ ရေးသားရတာဟာ အင်မတန် ခက်ခဲတဲ့ အလုပ်ပါ။ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကလေး ဦးနှောက်ဖွံ့ဖြိုးမှု အတိုင်းတာ၊ ဒီအရွယ် ကလေးတို့ရဲ့ လိုအပ်တဲ့ စွမ်းရည် စတာတွေကို ချိန်ဆညှိနှိုင်းပြီးသာ သင်ရိုးညွှန်းတမ်း ဆွဲသင့်ပါတယ်။
ကလေးများ ဖတ်ဖို့ အတွက် ရေးတဲ့ ဖတ်စာများကို ရေးတဲ့ အခါမှာလည်း ကလေးတို့ နားလည်လောက်တဲ့ စကားလုံး များကိုသာ သုံးဆွဲပြီးတော့ ရေးသင့်ပါတယ်။ သရသံ (အသံကို) သင်တဲ့ အခါမှာ ကလေးတို့ အဓိပ္ပာယ်ကိုပါ နားလည်အောင် သင်ပေးသင့်ပါတယ်။ ကလေး အရွယ်နဲ့ နားမလည်နိုင်လောက်တဲ့ စကားလုံးမျိုးကို သင်ရိုးညွှန်းတမ်းမှာ ထည့်မဆွဲသင့်ပါဘူး။
ဥပမာ…၊ ပထမတန်း ဖတ်စာမှာ ဆိုရင် “မျိုးစေ့များ အပင်ပေါက်လာပြီ၊ မညှိုးမခြောက်ပါစေနှင့်” ဆိုတဲ့ အထိက အဆင်ပြေ နေပါပြီ။ ဒါပေမယ့် ဆက်ပြီးတော့ “မြေတောင်မြောက်ပေးပါ” ဆိုတာကို ထည့်ရေးလိုက်တဲ့အ ခါမှာတော့ ကလေးများ အတွက် နားလည်ဖို့ တော်တော်လေးကို ခက်ခဲသွားရ ပါတော့တယ်။ အောက် သရ အတွက် မြှောက်ကို သင်ချင်တယ် ဆိုရင်လည်း တခြား မြှောက်တာကို သုံးလို့ရတာတွေ အများကြီးပါ။
ဥပမာ- ညီလေးကို ချီမြှောက်ထားသည် အောက်ကို ချပေးပါ။ ညီလေး ကြောက်နေသလား၊ ကလေးကို မချောက်ရ။ … စသဖြင့် ရေးလို့ရပါတယ်။
ဒီ အစားထိုး ဖတ်စာ စာသားက ကျမဘာသာ ကျမ ရုတ်တရက် စဉ်းစားမိလို့ ရသလောက်ရေးတာမို့ အမှားအယွင်း ပါနိုင် ပါတယ်။ ဒါပေမယ့် ဒီစာကြောင်းတွေမှာ ဆိုရင်ဖြင့် ခြောက်နှစ်အရွယ် ကလေး နားမလည်နိုင်စရာ မရှိပါဘူး။ ခုနက မြေတောင်မြှောက် ဆိုတဲ့ အသုံးကတော့ ခြောက်နှစ် အရွယ်မပြောနဲ့ လူကြီးများတောင်မှ အလွယ်တကူ နားလည်ဖို့ ခက်ခဲတဲ့ အရာပါ။ မြေတောင်မြှောက်တယ် ဆိုတာဘာလဲလို့ ကျမ လူတော်တော်များများကို လိုက်မေးဖူးပါတယ်။ တော်တော်များများ မသိကြပါဘူး။ မြေတောင်မြှောက်တာကို ကလေး နားလည်အောင်လို့ ခြံထဲထွက်ပြီးတော့ အပင်ကို ကိုယ်တိုင် စိုက်ပြမယ် ဆိုရင်လည်း ကလေးများဟာ အပင်ခြေရင်းမှာ သဲပုံထားတယ် ဆိုတာလောက်ကိုပဲ နားလည်နိုင်ကြ ပါသေးတယ်။ တကယ့် မြေတောင်မြှောက်တဲ့ အဓိပ္ပာယ်ကို မသိနိုင်ကြသေးပါဘူး။ ဒီလိုမျိုး ကလေးအရွယ်နဲ့ မသင့်တော်တဲ့၊ ကလေးတို့ အလွယ်တကူ နားမလည်လောက်တဲ့ စကားလုံးမျိုးတွေ၊ ဖတ်စာ တွေဟာဖြင့် သူငယ်တန်းနဲ့ ပထမတန်း ဖတ်စာ စာအုပ်တွေ ထဲမှာ အများကြီးပါ။
ကျမတို့ ကလေးတွေရဲ့ ဖတ်စာ သင်ရိုးညွှန်းတမ်း တွေကို ပြင်တော့မယ်၊ အသစ် ပြန်ရေးဆွဲတော့မယ်လို့ ကြားရပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲမှုကြီးကို လုပ်တဲ့အခါမှာ ကလေးအကြောင်းကို တကယ်နားလည်တဲ့၊ စိတ်ပါဝင်စားတဲ့၊ လေ့လာချင်စိတ် ရှိတဲ့၊ လေ့လာနေတဲ့ လူများ၊ ပုဂ္ဂိုလ်များ ပါနိုင်ပါစေလို့ မျှော်လင့်ရတာပါပဲ။ မူလတန်း ပညာရေးဟာ ကလေးတို့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီးတဲ့၊ အခြေခံကျတဲ့ ပညာရေးပဲမို့ ကျမတို့ ကလေးများ ဒီတကြိမ်တော့ဖြင့် သူတို့အရွယ်၊ သူတို့ အသိလေးနဲ့ လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းများ၊ ဖတ်စာအုပ်များကို ကိုင်ပြီးတော့ တကယ်တတ်အောင် သင်နိုင်ကြတော့ မလားရယ်လို့ မျှော်လင့်မိပါတယ်။