ပညာ့လက်ဆုပ်စနစ် ဆိုသည်မှာ ပညာသင်ကြားရာတွင် ဆရာမှ ကျောင်းသားတို့၏ တွေးခေါ်နိုင်မှု စွမ်းအားကို ကန့်သတ် ချုပ်ခြယ်ထားပြီး ဆရာများက မိမိသင်ကြားမှုမှ လွဲ၍ မည်သည့် တွေးခေါ်ဆင်ခြင်မှုကို လက်မခံဘဲ လက်ဝါးကြီးအုပ် ဆုပ်ကိုင် ထားသည့် သင်ကြားရေး စနစ်ကို ဆိုလိုသည်။ ဤစနစ်သည် မည်သည့်နိုင်ငံ ပညာရေးစနစ်တွင်မှ မတွေ့မြင်ဘူးသည့် စနစ်လည်း ဖြစ်သည်။
မြန်မာ့ ဆိုရိုးစကားတွင် ဆရာစားချန်သည် ဆိုသည့် ဓလေ့မှ ဆင်းသက်လာသည်ဟု ယူဆထားပြီး ယခုအခါတွင်တော့ ဆရာစား ချန်ရုံတင်မက၊ ကိုယ်ပိုင်ထိုးထွင်း ဆင်ခြင်ကြံဆမှုကိုပါ ပိတ်ပင်ထားသည့် စနစ်တခုပင် ဖြစ်လို့နေသည်။
ပညာ့လက်ဆုပ် စနစ်သည် မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ရေးအတွင်း အစိုးရအား ပြန်လည်၍ တွန်းလှန်မည့် ပညာတတ် လူတန်းစားများ မပေါ်ပေါက်ရေးအတွက် အကွက်ကျကျ စီမံဖန်တီးထားသော ပညာရေးစနစ်ဖြစ်သည်။ အင်္ဂလိပ်ခေတ်က အစိုးရဌာနများတွင် အမှုထမ်းဆောင်ရန်အတွက် ဖန်တီးထားသော ကျွန်ပညာရေး စနစ်ထက် ဆိုးရွားသော စနစ်ဖြစ်ကာ မူလတန်း အရွယ်မှစတင်၍ ကိုယ်ပိုင်အတွေးအခေါ်များ မပေါ်ထွန်းစေရန်နှင့် စဉ်းစားတွေးခေါ်မှု ယဉ်ကျေးမှု မပေါ်ပေါက်စေရန် ရည်ရွယ်ပြီး ဖိနှိပ်ချုပ်ခြယ်မှုများ ဖုံးလွမ်းသော ပညာရေးစနစ်ပင် ဖြစ်သည်။
ပညာ့လက်ဆုပ် စနစ် မြန်မာ့ပညာရေးတွင် ပေါ်ပေါက်လာခြင်းမှာ အဓိကအားဖြင့် ဆရာ၊ ဆရာမများအား မလောက်ငှသည့် လစာ ပေးခဲ့သောကြောင့် ဖြစ်သည်ဟု သုံးသပ်ထားကြသည်။ လစာနှင့် မလောက်ငှသောကြောင့် ဆရာ၊ ဆရာမများသည် ကျူရှင်သင်ပြီး ဝမ်းရေးကို ဖြေရှင်းရကာ ကျောင်းသားအများစု ကျူရှင်လာတက်စေရန်အတွက် လူမှုပတ်ဝန်းကျင်တွင် တွေ့မြင်နေရသော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အာဏာပိုင် အဖွဲ့အစည်းများ၏ အကျင့်စရိုက် ဆိုးများကို နမူနာယူ အတုခိုးကာ မြန်မာမှု မြန်မာ့ဟန် ဖန်တီးထားသော စနစ်တခုပင်ဖြစ်သည်။
ခေတ်စနစ်၏ သားကောင်ဖြစ်ခဲ့ရသော ဆရာ၊ ဆရာမအများစုသည် သင်ကြားရေး နည်းစနစ်များကို သေချာစွာ လေ့လာခွင့် မရခဲ့သလို ကိုယ်ပိုင်လေ့လာမှု အားနည်းချက်များလည်း ရှိခဲ့ပြီး အချင်းချင်း လက်ဆင့်ကမ်း သင်ပေးလိုက်သော ပညာ့လက်ဆုပ် စနစ်ကြောင့်လည်း ပညာရေးမှာ ပိုမို၍နိမ့်ကျ သွားရသည်ဟု ပညာရေး လေ့လာသူများက သုံးသပ်ထားသည်။
ထိုစနစ်ကြောင့် မူလတန်းမှ စတင်ကာ အဆင့်မြင့် ပညာသင်ကြားနေသော တက္ကသိုလ် စာသင်ခန်းများအထိ ကျောင်းသား များအား ကိုယ်ပိုင် ထိုးထွင်းဉာဏ်ဖြင့် ဖြေရှင်းရသော အမေးပုစ္ဆာများတွင် မေးမြန်းမှု အားနည်းသလို၊ ဘာသာရပ်နှင့် သက်ဆိုင်သော တွေးခေါ် ဆင်ခြင်နိုင်မှုများကို စာသင်ခန်းအတွင်း လေ့ကျင့်ပေးမှုများ အားနည်းလွန်းလှသည်။
မူလတန်း ကျောင်းသားမိဘ တဦးက မိမိ၏သား စာသင်ခန်းတွင် ဖြစ်ပေါ်ခဲ့ဖူးသော ကိစ္စတခုကိုပြောပြရာတွင် “သားက အင်္ဂလိပ်စာ အက်ဆေး တပုဒ်ရေးရတယ်။ အဖေနာမည်နေရာမှာ ကိုယ့်အဖေ (ကျနော့်နာမည်) ကို ထည့်ရေးလိုက်တယ်။ ဒီမှာတင် ဆရာမက အမှတ်လျှော့တယ်။ ဘာလို့လည်း မေးကြည့်တော့ ဆရာမသင်ထားတာက My father name is U Ba တဲ့။ ဆရာမက သူသင်ထားတဲ့ U Ba လို့ မရေးခဲ့ရင် အမှတ်လျှော့တယ်။ ဒီတော့ ဦးအောင်မျိုးထွန်းဆိုတဲ့ ကျောင်းသားတဦးရဲ့ ဖခင်ဟာ စာသင်ခန်းထဲမှာတော့ ကလေးရဲ့ ဖခင်ဖြစ်ခွင့်မရှိဘူး ဖြစ်သွားတယ်။ ဒါဟာ ကလေးတွေရဲ့ ထိုးထွင်းသိမြင်ဉာဏ်ကို ပိတ်ပင်တာလို့ပဲ ကျနော်ယူဆတယ်” ဟု ဆိုသည်။
မူလတန်း ကျောင်းသားတဦး၏ မိခင်ကလည်း “ကျမသားက ကျနော်တို့ ပတ်ဝန်းကျင်တွင် တွေ့ရသော အပင် ၅ မျိုး ဆိုတာကို စာကျက်နေတယ်။ မှတ်မှတ်ရရပါပဲ တခြား အပင်တွေတော့ မမှတ်မိဘူး၊ ကုက္ကိုပင် ဆိုတာပါတယ်။ ကလေးက ပါဌ်ဆင့်တွေ မရေးတတ်ဘူး။ အသံထွက်တောင် အတော်ထွက်နေတာ၊ ဒါနဲ့ကျမက သားစာအုပ်ပေးဆိုပြီး ယူကြည့်တော့ ကုက္ကိုပင် ဆိုတာတွေ့တော့ သားရယ်၊ အဲဒါ ရေးရတာလည်း ခက်တယ်၊ လွယ်တဲ့ အပင်ရေးပါလား ပြောတော့ သားက ပြန်ပြောတယ်။ ဆရာမက သူပေးထားတဲ့ အပင်မဟုတ်ရင် အမှတ်လျှော့မယ်တဲ့။ ဒါနဲ့ ကုက္ကိုပင်ကို ကလေးက စာရေးပြီးကျက်တယ်။ စာမေးပွဲမှာဖြေတော့ ကလေးက စာလုံးပေါင်းမှားတယ်။ အဲဒီတော့ အမှတ်လျှော့ခံရတယ်” ဟု ပြောပြပြန်သည်။
ဆရာ၊ ဆရာမများက သူတို့ကိုယ်တိုင် သင်ကြားထားသော မှတ်စု (Notes) မဟုတ်ပါက အမှတ်မပေးဟု ဆိုကာ ခြိမ်းခြောက် နေမှုများသည် မူလတန်းမှ စတင်ကာ အဆင့်မြင့်ပညာ တက္ကသိုလ်အထိပင် ဖြစ်ပေါ်နေသည်။ ၎င်းစနစ်သည် ကျောင်းသား များအား ကျူရှင်ခေါ်သည့် စနစ်ဖြစ်ကာ မိမိသင်ကြားမှုမှ လွဲ၍ မည်သည့် သင်ကြားမှုကိုမျှ လက်မခံဟု ယူဆထားသည့် ပညာ့လက်ဆုပ် စနစ်ပင် ဖြစ်သည်။
မူလတန်းမှ တက္ကသိုလ် ဝင်တန်းအထိ ကျောင်းသားအများစုသည် ဆရာပေးသော မှတ်စုကို အလွတ် အာဂုံဆောင် ကျက်မှတ်ပြီး စာမေးပွဲတွင် ဖြေဆိုကာ ကျောင်းသားများ၏ မှတ်မိနိုင်စွမ်းသော မှတ်ဉာဏ်ကို စစ်ဆေးသည့် စာမေးပွဲစနစ် ဖြစ်နေသည်ဟု ပညာရေး လေ့လာအကဲခတ်သူများက သုံးသပ်ထားသည်။ တက္ကသိုလ်ဝင်တန်းတွင် အမှတ် ကောင်းကောင်း ရပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် ပညာသင်ကြားခွင့် ရနေသော ကျောင်းသားများမှာလည်း ကိုယ်ပိုင် ဉာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်စွမ်း အားနည်းသည်ဟု ထိုတက္ကသိုလ်များတွင် ပို့ချနေကြသော တက္ကသိုလ်ဆရာ၊ ဆရာမ အများစုက သုံးသပ်ကြသည်။
နိုင်ငံခြား ဘာသာသင် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော Philosophy ဌာနမှ ဆရာမတဦးက “UFL ဆိုတာ မြန်မာနိုင်ငံမှာတော့ တက္ကသိုလ်ဝင်တန်း အမှတ်တွေ အများကြီးရထားမှ ဝင်ခွင့်ရတဲ့ တက္ကသိုလ်တခုပါ။ ဒီကျောင်းက ကလေး အများစုဟာ စာတော်ကြတယ်၊ ကြိုးစားကြတယ် ဒါပေမယ့် တွေးခေါ်ဆင်ခြင်နိုင်မှု ကတော့ အရမ်းအားနည်းတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့မေဂျာက ပထမနှစ်မှာ ယုတ္တိဗေဒ (Logic) ကို သင်ပေးရတယ်။ ဒီမှာ သူတို့က သီအိုရီကို အလွတ် ကျက်တယ်၊ ပုစ္ဆာတွေကို အလွတ်ကျက်ပြီး ဖြေတယ်။ ဒီမှာ Unseen ပုစ္ဆာတွေ မေးတော့ မဖြေနိုင်တော့ဘူး။ ဒါ့အပြင် အတန်းထဲမှာ ယုတ္တိဗေဒရဲ့ အဓိက အချက်ဖြစ်တဲ့ စဉ်းစားဆင်ခြင်ခြင်း (Reasoning) ကို သင်ပေးရင်းနဲ့ မေးခွန်း တခု မေးကြည့်တယ်။ အဖြူရဲ့ဆန့်ကျင်ဘက်က ဘာလဲလို့ မေးလိုက်တော့ အမည်းလို့ ပြန်ဖြေကြတယ်။ သူတို့သိထားတာ အဖြူရဲ့ဆန့်ကျင်ဘက်ဟာ အမည်းလို့ပဲ တွေးနိုင်တယ်။ တကယ်တော့ အဖြူရဲ့ ဆန့်ကျင်ဘက်ဟာ မဖြူတာပါ။ အခုဆိုရင် လူမှု နယ်ပယ်မှာ ပြဿနာ မျိုးစုံကိုတွေ့ရတယ်။ ဒါဟာ ငယ်စဉ်ကတည်းက ကိုယ်ပိုင်တွေးခေါ် ဆင်ခြင်နိုင်မှု အားနည်းခဲ့လို့၊ ငယ်စဉ် ကတည်းက ကျောင်းစာသင်ခန်းတွေထဲမှာ ကိုယ်ပိုင် စဉ်းစားဆင်ခြင်နိုင်တဲ့ ဓလေ့ကို ပယ်ဖျက်ခဲ့လို့ပါ” ဟု ရှင်းပြသည်။
မြန်မာ့ပညာရေးတွင် မူလတန်းမှ စတင်ကာ အဆင့်မြင့်ပညာ တက္ကသိုလ်များအထိ သင်ကြားနေသော ဆရာ ဗဟိုပြု သင်ကြားရေး စနစ်အပြင် ဆရာများ၏ အစဉ်အဆက် လက်ဆင့်ကမ်း သင်ကြားလာသော ပညာ့လက်ဆုပ် စနစ်ကို ကျင့်သုံး နေကြသည်။ ထိုစနစ်ကြောင့် ကျောင်းသားများ၏ ပညာအရည်အသွေး နိမ့်ကျလာခဲ့ကာ စာသင်ခန်းအတွင်း ကိုယ်ပိုင် အသိဉာဏ်ဖြင့် ထိုးထွင်း ဆင်ခြင်နိုင်သော ဓလေ့ မရှိခဲ့ဘဲ၊ ယနေ့ခေတ် မြန်မာ့ လူမှုပတ်ဝန်းကျင်သို့ တန်ပြန် ရိုက်ခတ် လာခြင်းတွင် ကောင်းကျိုးထက် ဆိုးကျိုး ဖြစ်စေခြင်းက ပိုမိုများပြားစေခဲ့သည်။
ယနေ့ခေတ် ပွင့်လင်း လွတ်လပ်လာမှုကြောင့် မြန်မာ့ လူမှုအဖွဲ့အစည်းတွင် လွတ်လပ်မှုကို ထိန်းညှိနိုင်စွမ်း အားနည်း နေသေးသည်ကို တွေ့မြင်ရသည်။ လွတ်လပ်မှုနှင့် အတူ ယှဉ်တွဲပါလာသည့် တာဝန်ယူလိုမှုဆိုသည့် အကြောင်းအရာမှာ ကိုယ်ပိုင်တွေးတောဆင်ခြင်မှုကို အခြေခံထားသည့် အကြောင်းအရာပင်ဖြစ်သည်။ မြန်မာ့ လူမှုအသိုင်းအဝိုင်းတွင် ယဉ်ကျေးမှု အဖြစ် ပြုစုပျိုးထောင်မှု မရှိခဲ့သည်မှာ ကိုယ်ပိုင်တွေးတော ဆင်ခြင်နိုင်မှုပင် ဖြစ်သည်။ ထိုဓလေ့မှာ ငယ်စဉ်ကလေးဘ၀ မူလတန်းမှ စတင်ကာ ပြုစုပျိုးထောင်လာရမည့် ယဉ်ကျေးမှုစနစ်ပင် ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရသော် မြန်မာ့ပညာရေး စနစ်ကို ပုံဖော်နေကြသည့် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ကိုယ်တိုင် ကျင့်သုံးမှန်း မသိ ကျင့်သုံးနေသော ပညာ့လက်ဆုပ် စနစ်ဆိုးကို ဖယ်ရှားပြီး ကျောင်းသား၊ ကျောင်းသူများကို မိမိ ကိုယ်ပိုင် ဉာဏ်ဖြင့် ထိုးထွင်းသိမြင်လာ၍ ဆင်ခြင်သုံးသပ်နိုင်စွမ်း ရှိသော ဓလေ့ကို ပုံဖော်နိုင်မည့် သင်ကြားရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးကြရန် လိုအပ်နေပါသည်။ ပညာ့လက်ဆုပ်စနစ်ကိုသာ ဆက်လက်ကျင့်သုံးနေမည်ဆိုပါက ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်ရေးတွင် ခက်ခဲကြန့်ကြာနေမည်သာ အမှန်ပင်ဖြစ်သည်။ ပညာ့လက်ဆုပ် စနစ်ဆိုးကို စွန့်လွှတ်ရန်မှာ ယနေ့ခေတ် ဆရာ၊ ဆရာမများ၏ တာဝန်ပင်ဖြစ်သည်။
(နန္ဒာဘုန်းမြင့်သည် လက်ထောက်ကထိက တဦးဖြစ်ပြီး သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ကလေးသူငယ်များ အရေးနှင့် ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ ရသစာပေများ ရေးသားလျက်ရှိသည်။)