စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အတော် တိုးတက်နေပြီလို့ ထင်ရပေမဲ့ Self Censorship (အစိုးရက ဆင်ဆာမဖြတ်ပေမဲ့ ကိုယ့်အသိနဲ့ကိုယ် ဆင်ဆာဖြတ်နေရတာ) ရှိနေဆဲဖြစ်ပြီး Investigative Journalism (စုံစမ်းထောက်လှမ်း ဖော်ထုတ်ရတဲ့ သတင်းပညာ) ဖက်မှာ လုံးဝမလုပ်နိုင်သေးဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က နော်ဝေနိုင်ငံကို အလည်အပတ်ရောက်ရှိလာတဲ့ မြန်မာသတင်းစာဆရာတွေက ပြောပါတယ်။
နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ၂၁ နှစ်တာ အခြေစိုက်ခဲ့တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရုံးပိတ်ပွဲ အခမ်းအနားမှာ “မီဒီယာလွတ်လပ်ခွင့် ရပြီဆိုတော့ ရေးချင်တာအားလုံး ရေးလို့ရပြီးလား” လို့ နော်ဝေ သတင်းထောက်တဦးရဲ့ အမေးကို ဆရာ ဦးဖေမြင့်၊ ဦးကျော်မင်းဆွေနဲ့ ဦးမြင့်ကျော်တို့က ဖြေသွားတာ ဖြစ်ပါတယ်။
|
မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမှုရေး မငြိမ်သက်မှုတွေ၊ နိုင်ငံခြားကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စစ်တပ်၊ အစိုးရ၊ အာဏာပိုင်တွေနဲ့ ဆက်စပ်နေတဲ့ကိစ္စတွေမှာ Self censorship လုပ်ပြီးရေးနေရဆဲ၊ Investigative Journalism ဘက်ကို လုံး၀ မလှည့်နိုင်သေးကြောင်း သူတို့က ပြောပါတယ်။
“သတင်း ဖြစ်စဉ်ကို ရေးလို့ရပေမယ့် နောက်ကွယ်က အချက်လက်တွေ၊ Background အခြေနေတွေကို အသေးစိတ် ဖော်ထုတ်ရေးသားဖို့ိ့ ခက်နေဆဲ” လို့ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါဝင် စစ်တပ်တွင်းကအကြောင်း ရေးခွင့်ရပြီလား ဆိုတဲ့ အမေးကိုတော့ ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အတိုင်ပင်ခံ အယ်ဒီတာ ဆရာ ဦးဖေမြင့်က “သူ့ အကြောင်း မပြောနဲ့၊ သူ့မြေးအကြောင်းတောင် လွပ်လပ်စွာ ရေးခွင့်မရသေးဘူး” လို့ တလောက ဖြစ်ပွားခဲ့တဲ့ သူရိယအလင်း ဂျာနယ်ကိစ္စကို ဥပမာပေးပြီး ရှင်းပြပါတယ်။ “သူ ကိုယ်တိုင် မီဒီယာကို တခါမှ အင်တာဗျုး မပေးတော့ သူ့အကြောင်းရေးဖို့က ခက်နေဆဲပါ” လို့လည်း ဆိုပါတယ်။
မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) က အတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ “အဲဒါမျိုးလုပ်ဖို့ မပြောနဲ့ဦး၊ လက်ပံတောင်းဆန္ဒပြပွဲ သတင်းဓာတ်ပုံ ရိုက်တာကိုတောင် သတင်းထောက်ကိုဖမ်းပြီး ဓာတ်ပုံတွေ ဖျက်ခိုင်းလို့ ကျနော်တို့ MJN က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးဆီ ကန့်ကွက်စာပို့ထားရတယ်” လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကြေးနီမိုင်း ဆန္ဒပြပွဲအတွင်း သတင်းထောက်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အခုလို ဖျက်ဆီးခိုင်းခဲ့တာလို့ သိရပါတယ်။
ဒါက ၂၁ ရက်နေ့ နေ့လည်ပိုင်း နော်ဝေ မီဒီယာလောကနဲ့ တွေ့ဆုံပွဲမှာ ကြားခဲ့ရတဲ့ မြန်မာ့မီဒီယာ တိုးတက်မှု အခြေအနေပါ။ ညနေပိုင်းမှာတော့ နော်ဝေရောက် မြန်မာတွေနဲ့ ဖိတ်ကြားခံ မြန်မာမီဒီယာသမား အားလုံးတို့ရဲ့ တွေ့ဆုံပွဲကို ဆက်လုပ်ပါတယ်။ အဲဒီပွဲမှာတော့ မီဒီယာလွတ်လပ်ခွင့် ဆိုတာထက် တနိုင်ငံလုံးရဲ့ အပြောင်းအလဲ အခြေအနေကို ခြုံပြီးဆွေးနွေးကြတာ တွေ့ရပါတယ်။
မြန်မာသတင်း သမဂ္ဂမှ ဦးဇော်သက်ထွေးက “အခုအခြေအနေက Freedom (လွတ်လပ်ခွင့်) အဆင့်ကို မရောက်သေးဘူး။ Liberate (အချုပ်အနှောင်ကနေ ကင်းလွတ်တဲ့) အဆင့်မှာပဲ ရှိသေးတယ်ဗျ။ လေနဲ့ပေးနေတဲ့ လွတ်လပ်ခွင့်ကို ဥပဒေအရ အတိအကျ အာမခံနိုင်တဲ့ Law တွေအဆင့်အထိ ဖြစ်လာအောင် လုပ်ပေးဖို့ လိုနေဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ခေတ် အယ်ဒီတာချုပ် ဦးမော်လင်းကတော့ ယေဘုယျအားဖြင့် ပြောင်းလဲနေတယ်လို့ ပြောနေကြပေမယ့် အတိအကျ လိုက်ရှာမယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘာမှ အသေချာ ပြောင်းတာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
ဆရာ ဦးဖေမြင့်ကတော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ အခုမှ အစပဲရှိသေးပြီး ဥပဒေပြုအမတ်တွေ ကိုယ်တိုင် ဘာအတွေ့အကြုံမှ မရှိ၊ ဘာမှ မလုပ်တတ် မကိုင်တတ်သေးတဲ့အတွက် သင်တန်းတက်နေရဆဲ အဆင့်မှာပဲ ရှိသေးတယ်လို့ ပြောပါတယ်။ “ဘတ်ဂျက်မူကြမ်းကိစ္စ ဘယ်လို ဆွေးနွေးရမှန်း မသိလို့ စီးပွားရေးတက္ကသိုလ် ပါမောက္ခကို လွှတ်တော်ထဲဖိတ်ပြီး သင်ယူနေရတယ်။ ဥပဒေပညာရှင်တွေကို ဖိတ်ပြီး သင်ယူနေရတယ်” လို့ သူက ထောက်ပြပါတယ်။ ဆက်လက်ပြီး အတွေ့အကြုံရှိတဲ့ အမတ်တချို့ကလည်း ခေတ်ဟောင်းက နည်းကိုသာ သိတဲ့အတွက် စနစ်ဟောင်းက အကျင့်တွေကို မဖျေက်နိုင်ဘဲ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ဦးကျော်မင်းဆွေကတော့ ခေတ်ပြောင်းကာလကို အမီလိုက်နိုင်ဖို့ ခေတ်မီပညာတွေ လေ့လာသင်ယူထားဖို့ လိုတယ်လို့ ဆိုပါတယ်။ “ခေတ်ပြောင်းကာလမှာ ကားဟောင်းတွေကြား ကားသစ်တွေ ဝင်လာပါတယ်။ အဲဒီအချိန်မှာ Workshop ဆရာတွေ ပွဲပြီးသွားတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကားသစ်ကို ဘယ်ကနေ စဖွင့်ရမှန်း ဒီဆရာတွေ မသိတော့ဘူး။ ကားတွေအားလုံးက Computerized ဖြစ် သွားပြီ။ အရင်က သုံးနေကြ ခွတွေ၊ ဂျိုက်တွေ၊ ပလာယာတွေနဲ့ အဲဒီကားကို ပြင်လို့မရတော့ဘူး” လို့ ပြောသွားပါတယ်။
ဆရာ ဖျာပုံနီလုံဦးတော့ ကားကောင်းဖို့၊ ဒရိုင်ဘာကျွမ်းကျင်ဖို့ လိုတဲ့အပြင် လမ်းကလည်း ကောင်းဖို့လိုသေးတယ်လို့ ပြောပါတယ်။ လက်ရှိသွားနေတဲ့ ချိုင့်ခွက်တွေများပြီး ဖာထေးရာတွေ များလှတဲ့ လမ်းဟောင်းကြီး သို့မဟုတ် ဖွဲစည်းပုံအခြေခံ ဥပေဒဟောင်းကြီးကို ပြင်နိုင်မှ ဒီမိုကရေစီပန်းတိုင်ဆီ ချောမောစွာ အရောက်မောင်းနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆရာကျော်ရင်မြင့်ကတော့ လက်ရှိ အပြောင်းအလဲကို ပြေးလမ်းပေါ်က လေယာဉ်နဲ့ နှိုင်းယှဉ်ပြောဆိုပါတယ်။ “ကျနော်တို့က လေယာဉ်ထဲမှာ ရောက်နေသူတွေဗျ။ ခင်ဗျားတို့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေကတော့ အပြင်ကနေ ကြည့်နေသူပေါ့။ လေယာဉ်ထဲမှာတော့ အရင်အတိုင်းပဲ။ ဘာမှ မပြောင်းလဲသေးဘူးဆိုတာ ကျနော်တို့ ကောင်းကောင်းသိတယ်။ ဒါပေမယ့် အပြင်က ကြည့်နေသူတွေကတော့ အထဲမှာ အတော် ပြောင်းလဲနေပြီလို့ ထင်နေတယ်။ ဒီလေယာဉ်ကြီး အရှိန်အဟုန် ကောင်းကောင်းနဲ့ ဒီမိုကရေစီ ပြေးလမ်းသစ်ပေါ်မှာ စပြေးနေပြီလို့ မြင်နေကြတာမျိုး ဖြစ်နေပါတယ်” ဆိုပြီး ပြောဆိုသွားပါတယ်။ ။