ယခင် စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေချိုးဖောက်သော ရာဇဝတ်သားများဖြစ်ပြီး ပြစ်မှုကျူးလွန်သူများ ဖြစ်သည်ဟု တချိန်က အများပြည်သူ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့ကြရသည်ထိ ရက်စက်စွာ ညှင်းဆဲခဲ့တတ်သော စစ်ထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်း ဦးခင်ညွှန့်က ပြောဆိုလိုက်ခြင်းသည် ကျက်သရေ တုံးလွန်းလှသည်။
ဦးခင်ညွှန့် ယင်းသို့ပြောကြားခြင်းမှာ ဦးမြတ်ခိုင်ရေးသားသော ဦးခင်ညွှန့် အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတွင် ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုနေခြင်းများကိုလည်း လက်မခံ ပယ်ချလိုက်သည့်အပြင် ယခင်စစ်အစိုးရလက်ထက် သူ ဦးဆောင်သော စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ တရားလက်မဲ့ လက်လွန်ခြေလွန်မှုများကြောင့် အကျဉ်းထောင်အတွင်း အသက်သေဆုံးခဲ့သူများ၊ အသက်မသေသော်လည်း ဘဝပျက်ခဲ့ရသူများကို နှစ်သိမ့်တောင်းပန်ရန် ရှိ မရှိ ဧရာဝတီ၏ မေးမြန်းချက်ကို “ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ”ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
ဦးခင်ညွန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သူ၊ အပြစ်မဲ့သူများကို ဖမ်းဆီးထိန်းသိမ်းပြီး ထောင်တွင်း၌ လူမဆန်စွာ နှိပ်စက် ညှဉ်းပမ်းမှု များတွင် အဓိက တာဝန်ရှိခဲ့သူ ဖြစ်သည်။ သူ၏ ရေကြည်အိုင် စစ်ကြောရေး စခန်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော နှိပ်စက် ညှဉ်းပမ်းရေး စခန်း တခု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှ စတင်ရေလျှင် ထောင်အတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူ ၁၄၀ သေဆုံးခဲ့ရသည်အတွက် တာဝန်ရှိသည့်အထဲတွင် ဦးခင်ညွန့် ထိပ်ဆုံးမှ ပါသည်။
စာရေးဆရာ ဗိုလ်မှူးဟောင်း ဦးသော်က၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကို စသည့် ပုဂ္ဂိုလ်များ သေဆုံးခဲ့ရမှုများ၌ သူ၏ ပရောဂ မကင်းခဲ့ပေ။ ထိုသူတို့သည် ဦးခင်ညွန့် ခေါင်းဆောင် ခဲ့သော ထောက်လှမ်းရေး အဖွဲ့၏ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်းမှုကြောင့် အကျဉ်းထောင်များအတွင်း ကွယ်လွန်သွားခဲ့ရသည်။ ထို့အပြင် နှိပ်စက်ညှင်းပန်းမှုများနှင့် ထောင်တွင်း၌ ကြမ်းတမ်းဆင်းရဲစွာ နေထိုင်ခဲ့ရခြင်းကြောင့် စိတ်ရောကိုယ်ပါ နာလန်ပြန်မထူနိုင်သူများပါရှိပြီး မိသားစုဝင်များကိုလည်း ခြိမ်းခြောက်ခြင်း၊ စီးပွားပျက်အောင် လုပ်ခြင်း၊ ပညာရေးအခွင့်အလမ်းများ ပိတ်ဆို့ခြင်းတို့ကိုလည်း တရားဥပဒေမဲ့ လက်လွတ်စပယ် ထင်တိုင်းကြဲခဲ့သေးသည်။
ယခု လက်ရှိတွင်လည်း ထောက်လှမ်းရေး အဖွဲ့၏ နှိပ်ကွပ်မှုဒဏ် မျိုးစုံ ခံစားခဲ့ရသော စိတ်ဒဏ်ရာရသူများ၊ ဝေဒနာများဖြင့် နာလံ မထူခဲ့ရသူများ၊ အသက် သေဆုံးခဲ့ရသူများ၊ ထောင်တွင်း၌ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသူများစွာမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပုံစံ အမျိုးမျိုးဖြင့် ရှိနေကြဆဲ ဖြစ်သည်။ တိုင်းပြည်ရှေ့ရေး အကျိုးမျှော်၍ ပြန်လည်ရင်ကြားစေ့ရေး စိတ်ထားဖြင့် ခံစားခဲ့ကြရသမျှ မြိုသိပ်ထားရခြင်းကို ဦးခင်ညွန့်က မလေးမစား စော်ကားမော်ကား ပြောဆိုလိုက်ပေပြီ။
စစ်ဝတ်စုံကို မချွတ်တမ်း ဝတ်ခဲ့ပြီး ၎င်းအာဏာရှိခဲ့သော ကာလတွင် တန်ခိုးထွားခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ယခုအခါ တိုက်ပုံအင်္ကျီဝတ်၍ လူထုရှေ့သို့ မျက်နှာပြောင်တိုက် ပွဲထုတ်သူကလည်း မရှား။ ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်နှင့် တွေ့ဆုံတိုင်း ပြောဖြစ်ကြသော စကားဝိုင်းပါ နိုင်ငံရေးနှင့် ရှေးဟောင်းနှောင်းဖြစ်များထဲမှ ဟိုတစ၊ ဒီတစကို ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ယခုအခါ “ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး” အမည်ရှိ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေကာ ရန်ကုန် ကရဝိတ်ခန်းမတွင် မိတ်ဆက်ပွဲကျင်းပရာ အာဏာရှင် ဦးနေဝင်း၏မြေး အပါအဝင် နီးစပ်သူများ တက်ရောက်ခဲ့ကြသည်။
ယင်းစာအုပ်ကို နောက်ကျောဖုံးတွင် “သမိုင်းဝင် အင်တာဗျူးများကို စုစည်းထုတ်ဝေထားခြင်း” ဟု ဖော်ပြကြော်ငြာထားသော်လည်း အမှန်တရားများကို အရှိအရှိအတိုင်း မကွယ်မဝှက်၊ မထိန်မချန် ဖွင့်ဟခြင်း မဟုတ်ဘဲ ယခင်စစ်အစိုးရက အမှန်တရားကို ရှာဖွေဖော်ထုတ် တင်ပြနေခဲ့သော သတင်းဌာနများအား ရိုးစွပ်ခဲ့သော “မိုးလုံးပြည့် မုသာဝါဒ”ဟူသော စကားကို ဤနေရာတွင် ပြန်သုံးစွဲလျှင် အင်မတန် အံဝင်ဂွင်ကျလှသည်။ မြန်မာပြည်တွင် သမိုင်းကို အရုပ်ဆိုးစေသော လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် အဓိက တာဝန်ရှိသောသူတဦးဖြစ်သည့် ဦးခင်ညွန့်၏ အင်တာဗျူးမှ အဖြေစကားများသည် ဆင်သေကို ဆိတ်ရေဖြင့် ဖုံးရန် ကြိုးစားမှုသက်သက်မျှ ဖြစ်သည်။
အပြစ်ကင်းသူ တဦးကဲ့သို့ ဟန်ဆောင်၍ ပြည်သူလူထုရှေ့တွင် မျက်နှာပြောင်တိုက် လိမ်ညာတတ်သော စစ်ကောင်စီ အတွင်းရေးမှူး ၁ ခေတ်ကား သမိုင်းတွင် တခန်းရပ်ခဲ့ပြီးဖြစ်ကြောင်း ဦးခင်ညွန့် မျက်မှောက်ပြုမိပုံမပေါ်သေး။ အသိုင်းအဝိုင်းကြီးခဲ့ပြီး ဘုန်းတန်ခိုးတောက်ပခဲ့သည့် ရွှေရောင်နေ့ရက်များကို ပြန်မျှော်လင့်နေပါက ဦးခင်ညွန့် အမှားကြီးမှားပြီဖြစ်သည်။ သမိုင်းကို ချန်လှပ်၍သော်လည်းကောင်း၊ သမိုင်းကို ပြောင်းပြန်လှန်၍သော်လည်းကောင်း ဖြေဆိုထားသော ဤစာအုပ်သည် အတိတ်က မှားယွင်းမှုများကို သင်ခန်းစာယူ ရှောင်ရှားပြီး အနာဂတ်တွင် ကောင်းရာမွန်ရာများ ဖြစ်ထွန်းစေရေး ယခု ပစ္စုပ္ပန်တွင် သမိုင်းအမှန်ကို ကမ္ဗည်းတင်ရန် ကြိုးပမ်းနေခြင်းများအတွက် မည်သို့မျှ အထောက်အပံ့မဖြစ်ဟုသာ ဆိုရေးရှိက ဆိုလိုက်ရပေကြောင်း။