ကမ္ဘာ့ AIDS နေ့ အမြင်များ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နှစ်စဉ် ဒီဇင်ဘာ ၁ ရက်သည့် ကမ္ဘာ့AIDS နေ့ ဖြစ်သည်။ ထိုနေ့တွင် တကမ္ဘာလုံး၌ AIDS ရောဂါ ကာကွယ် တားဆီးရေး လှုံ့ဆော်ပွဲများ၊ အခမ်းအနားများကို ပြုလုပ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း AIDS/HIV ကူးစက် ခံရနှုန်း လျော့ကျစေရေး အကူညီပေးနေသည့် အဖွဲ့အစည်း အသီးသီးက ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ကို ကျင်းပကြသည်။

မြန်မာနိုင်ငံတွင် AIDS ကူးစက်ခံထားရသည့် ဦးရေမှာ ၂ သိန်းနီးပါးရှိပြီး ဆေးဝါး လိုအပ်ချက်ရှိနေသူ ဦးရေမှာ ၁ သိန်း ၂ သောင်းကျော်ရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်မှုလျော့ကျစေရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်တွင်း၊ ပြည်ပ လူမှုရေး အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိရာ လိုအပ်ချက်များ၊ လုပ်ဆောင်နေမှု အခြေအနေများ၊ အားသာချက်နှင့် အားနည်းချက်များကို သိရှိနိုင်ရန် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ဧရာဝတီ သတင်းထောက် မြတ်စုမွန်က ဆက်သွယ်မေးမြန်း ထားပါသည်။

ဦးမျိုးသန့်အောင်
ဥက္ကဋ္ဌ၊ Myanmar Positive Group

မြန်မာနိုင်ငံမှာ လက်ရှိ ARV ဆေးရရှိမှုတွေ တိုးလာတယ်။ ဒါပေမယ့် နိုင်ငံရဲ့  လိုအပ်ချက်နဲ့ ရတာနဲ့ မမျှသေးဘူး။ အဲဒီ အချက် အောင်မြင်ဖို့က Political Commitment တွေလိုတယ်။ အစိုးရရဲ့ ဘတ်ဂျက်ထဲက HIV/AIDS အတွက် ရန်ပုံငွေ သုံးစွဲမှု တိုးမြှင့်ဖို့ လိုတယ်။ အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေတွေနဲ့ နှစ်နိုင်ငံချင်း သဘောတူညီချက်နဲ့ အကူအညီပေးနေတဲ့ ရန်ပုံငွေတွေ တိုးလာဖို့လိုတယ်။ ဒါမှ အောင်မြင်နိုင်မယ်။ အခု New Guide Line ဆွဲနေတယ်။ ဘယ်လောက်ပဲ ဆွဲနေ ဆွဲနေ ဘတ်ဂျက်တိုးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ Political Commitment ရှိဖို့လိုတယ်။ ဝန်ကြီးဌာန အချင်းချင်း၊ အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အားလုံးကြားမှာ ညှိနှိုင်းပူးပေါင်းဖို့ လိုတယ်။ အပေါ်ပိုင်းမှာ အမျိုးသားအဆင့် ပူးပေါင်းနေပေမယ့် အောက်ခြေအဆင့်မှာ ပူးပေါင်းမှု လိုနေသေးတယ်။

ဒေါ်နွယ်ဇင်ဝင်း
အမှုဆောင် ဒါရိုက်တာ၊ ပြည်ကြီးခင် အမျိုးသမီးအဖွဲ့

အခုလက်ရှိအချိန်မှာ ART ဆေးတွေ အရင်ကထက် ထပ်ရလာတယ်။ ဒါပေမယ့် ဆေးလိုအပ်ချက် ရှိနေတဲ့ လူနာတွေ ရှိနေတုန်းပဲ။ ဒါက လက်ရှိဖြစ်နေတဲ့ စိန်ခေါ်မှုပေါ့။ နောက် အားသာချက်တွေ ကတော့ HIV/AIDS ကာကွယ် တားဆီးရေး လုပ်ငန်းတွေမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ တက်တက်ကြွကြွ ပါဝင်လာတယ်။ ၂၀၁၄ မှာ အစိုးရ ဆေးရုံတွေက ART တွေပေးဖို့ရှိတယ်။ ဆေးကို စနစ်တကျ သောက်သုံးဖို့အတွက် အရပ်ဖက် လူ့အဖွဲ့ အစည်းတွေက အသိပညာပေး လုပ်ငန်းတွေ သေသေချာချာ လုပ်ထားဖို့ လိုတယ်။

ပြီးတော့ အစိုးရအနေနဲ့လည်း မူဝါဒတွေပြောင်းဖို့ လိုအပ်တယ်။ အခု HIV ပိုးရှိတဲ့လူကို အလုပ်ထုတ်တာတွေ၊ အလုပ်က ထွက်ရတာတွေ တော်တော်များများ ကြုံနေရတယ်။ အလုပ်က မထွက်ရရင်တောင် ရာထူးချခံရတာတွေ ရှိနေတယ်။ ဒါတွေကို ပြောင်းလဲပစ်ဖို့ လိုနေပါတယ်။

အခု လွှတ်တော်ကနေ HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းတွေအတွက် ကျန်းမာရေး ရန်ပုံငွေ တိုးချပေးထားတယ်။ ဒါပေမယ့် အဲဒီရန်ပုံငွေကို ဘယ်လောက်သုံးတယ်၊ ဘယ်လိုသုံးတယ်၊ HIV/AIDS အတွက် ဘယ်လောက်ထိ တိုးသုံးလိုက်တယ်ဆိုတာ တိတိကျကျ မသိရဘူး။ အိမ်နီးချင်း နိုင်ငံတွေမှာ ဆေးလိုအပ်သူတွေ ဆေးသောက်ခွင့် ရနေကြပြီ။ နိုင်ငံတော်က HIV အတွက် တိကျတဲ့ ရန်ပုံငွေ ထည့်ဝင်မှုတွေ တိုးပေးဖို့ လိုအပ်တယ်။ ပြီးတော့ ကာကွယ်ရေးကို ဒီထက်ပို ထိရောက်အောင် လုပ်ဖို့လိုတယ်။ အခုလုပ်နေတာတွေက လိင်လုပ်ငန်းနဲ့ အသက်မွေးတဲ့သူတွေ၊ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူတွေနဲ့ လိင်တူဆက်ဆံသူတွေ ကြားထဲမှာပဲ အသိပညာပေး လုပ်ငန်းတွေ လုပ်တယ်။ ပြည်နယ်နဲ့တိုင်းတွေက လူထုတွေကြားထဲထိ ရောက်အောင်  တိုးချဲ့လုပ်ကိုင်ဖို့ လိုတယ်။

အခုတော့ အစိုးရကလည်း World AIDS Day နားနီးမှ အစိုးရ တီဗီလိုင်းတွေမှာ ထည့်တယ်။ ဒါတောင် ကြော်ငြာခပေးရတယ်။ HIV/AIDS ဟာ ကိုယ့်နိုင်ငံကို ကူးစက်မှု ပြန့်ပွားလာရင်၊ လူငယ်တွေကို ကူးစက်လာရင် နိုင်ငံရဲ့ ဖွံ့ဖြိုးရေးကို အများကြီး ထိခိုက်နိုင်တယ်။ အမျိုးသားရေး တာဝန်ဆိုတာ သိဖို့လိုတယ်။ အစိုးရ တီဗီလိုင်းတွေမှာ HIV/AIDS နဲ့ ပတ်သက်ပြီး အသိပညာပေး ကြော်ငြာတွေကို အခမဲ့ ထည့်ပေးသင့်တယ်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်က National AIDS Program (NAP) နဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လက်တွဲလုပ်နေတဲ့ လုပ်ငန်းတွေရှိတယ်။ အောင်မြင်တာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် NAP တခုတည်း လုပ်ရုံတင် မဟုတ်ဘူး နိုင်ငံခေါင်းဆောင်တွေလည်း ပူးပေါင်းပါဝင်ဖို့ လိုတယ်။  စောစောက ပြောသလို မူဝါဒပိုင်း ပြုပြင် ပြောင်းလဲစရာတွေကျတော့ နိုင်ငံခေါင်းဆောင်တွေ ပါဝင်လာမှ ရမယ်။

ဒေါက်တာ ထွန်းညွန့်ဦး
လက်ထောက်ညွှန်ကြားရေးမှူး
Care and Support ART, National AIDS Program, ကျန်းမာရေးဝန်ကြီးဌာန

အားသာချက်တွေကတော့ ကျနော်တို့နိုင်ငံမှာ လက်ရှိ HIV ဖြစ်တဲ့ဦးရေ ခန့်မှန်းချက်က ၂ သိန်းနီးပါးရှိတယ်။ ဆေးဝါး လိုအပ်နေတာက ၁ သိန်း ၂ သောင်း ၅ ထောင်ရှိတယ်။ ၂၀၁၃ အကုန်မှာ ဆေးဝါးလိုအပ်နေသူတွေရဲ့  ၅၀ ရာခိုင်နှုန်း ကို ဆေးပေးနိုင်ပြီး ၂၀၁၆ အကုန်မှာ ၈၆ ရာခိုင်နှုန်းအထိ ဆေးပေးနိုင်ဖို့ လျာထားချက်ရှိတယ်။ ၂၀၁၂ ခုနှစ် အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက် အရ ၅ သောင်း ၃ ထောင်ကျော် ပေးပြီးပြီ။ ၂၀၁၆ ခုနှစ်အကုန်မှာ လူနာပေါင်း ၁ သိန်းကျော်ကို ပေးနိုင်မယ်။

နောက်တခုက ၂၀၀၅ ခုနှစ်က နေရာပေါင်း ၆ ခုနဲ့ စခဲ့တဲ့  ART စင်တာတွေဟာ အခု ၆၂ စင်တာအထိ တိုးလာတယ်။  ၂၀၁၅ ခုနှစ်မှာ ၇၂ ခုအထိ တိုးလာမယ်။ အဲဒီလိုတိုးလာရင်တော့ ဆေးစစ်တာတွေ၊ ဆေးပေးတာတဲ့ လုပ်ငန်းတွေ အတွက် လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းတွေ လိုလာမယ်။  ပြီးတော့ HIV ပိုး ရှိ၊ မရှိ စစ်တာကို အရင်က မြို့နယ် အဆင့်လောက်မှသာ လုပ်လို့ရပေမယ့် ဒီနှစ်က စပြီး ကျေးလက် သားဖွားဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေပါ စစ်ခွင့်ပြုလိုက်ပြီ။ ART ဆေးပေးဖို့အတွက် ရန်ပုံငွေက ၂၀၁၆ အထိ သေချာနေပေမယ့် အဲဒီနောက်ပိုင်းမှာ ရေရှည် တည်တံ့မယ့် ရန်ပုံငွေ ထပ်ရဖို့ ကြိုးစားနေတယ်။

အားနည်းချက်တွေကတော့ လူနာတွေဘက်က ART စင်တာတွေမှာ သွားကုသခံဖို့ လိုအပ်တယ်။ ကျန်းမာရေး ဦးစီးဌာန ကပေးနေသလို နိုင်ငံတကာ NGO ၁၃ ခုကလည်း ပေးနေတာဆိုတော့ အစိုးရ စင်တာတွေနဲ့ ဘာကွာသလဲဆိုရင် တခြား အထောက်အပံ့တွေ ပေးနိုင်တာချင်း ကွာတယ်။ ကျနော်တို့က ဆေးပေးတာရယ်၊ အိမ်တိုင်ရာရောက် စောင့်ရှောက်မှု ပေးတာရယ်ပဲ ရှိတယ်။ တခြား မက်လုံးတွေ မပေးနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ဆီမှာ လာကုသခံတဲ့သူ အားနည်းတယ်။

ဒါပေမယ့် NGO ဆိုတာက ရေရှည်မှာ စီမံချက် ရပ်သွားနိုင်တယ်။ ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ကျတော့ ဆေးရုံတွေ ရှိနေသရွေ့ ART စင်တာတွေ ရှိနေမယ်။ လူနာတွေဘက်က အားနည်းချက်တွေရှိနေတာ။ အရင်တုန်းက ဆိုရင် HIV/AIDS ဆိုတာ လူနည်းစုနဲ့ပဲ သက်ဆိုင်တယ်၊ အပြုအမူတွေကြောင့် ဖြစ်တာလို့ ယူဆခဲ့တယ်။ အခု နောက်ပိုင်းမှာ ဒါကို လက်မခံကြတော့ဘူး။ အိမ်မှာနေတဲ့ အိမ်ရှင်မတွေလည်း HIV ဖြစ်လာတာတွေ ရှိနေတယ်လေ။

လိုအပ်ချက်တွေကတော့ HIV/AIDS နဲ့ပတ်သက်ပြီးတော့ ဗဟုသုတ မရှိသေးတဲ့လူထုကို အသိပညာပေး လုပ်ငန်းတွေ၊ သင်တန်းတွေပေးဖို့ လိုအပ်နေသေးတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံတကာ ရန်ပုံငွေတွေ ထပ်ရနိုင်ဖို့ လိုတယ်။ အရည်အသွေးပိုင်းကတော့ ကျနော်တို့ လုပ်နိုင်တယ်။ NGO တွေအနေနဲ့လည်း NAP နဲ့ ပူးပေါင်းပြီး HIV/AIDS ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို စနစ်တခုတည်းနဲ့ လုပ်သွားနိုင်ရင် ပိုအဆင်ပြေမယ်။

ဒေသတခုမှာ HIV ပိုးတွေ့တဲ့ လူတယောက်ကို အဲဒီဒေသမှာ ဆေးမပေးနိုင်လို့ တခြားဒေသက ဆေးပေးနိုင်တဲ့ နေရာကို လွှဲလိုက်ရင် အဲဒီလူ ရောက်၊ မရောက် နောက်ဆက်တွဲ စောင့်ကြည့်မှု လုပ်တဲ့အပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်။

အစိုးရရဲ့ ပူးပေါင်းပါဝင်မှုကတော့ အရင် အစိုးရလက်ထက်တုန်းကနဲ့ အများကြီး ကွာလာတယ်။ အရင်တုန်းကဆိုရင် NAP ကို ဝန်ထမ်းခန့်ပေးတာ၊ အဆောက်အဦ စီစဉ်ပေးတာလောက်ပဲ လုပ်ခဲ့တယ်။ ဒီဘက်ရောက်တော့ HIV Test  တွေ ထပ်ဝယ်ပေးတာ၊ CD4 စစ်တဲ့ စက်တွေ ထပ်ဝယ်ပေးတာတွေက တိုးတက်မှုပေါ့။

UNAIDS ကပြောတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို အစိုးရက ၂ ရာခိုင်နှုန်းကနေ၊ ၃ ရာခိုင်နှုန်းလောက် ပါဝင်ကူညီရင်ရပြီလို့။ အခု မြန်မာပြည်မှာဆို အစိုးရက ၉ ရာခိုင်နှုန်းအထိ ကူညီပေးဖို့ ရှိပါတယ်။ ဒါပေမယ့် အစိုးရဘက်က ရေရှည်တည်တံ့တဲ့ ဘတ်ဂျက်ပေးမယ် ဆိုရင်တော့ ကောင်းမယ်။ အခုအချိန်မှာ တော့ ကျနော်တို့ဘက်က ဘာလိုအပ်တယ်လို့ တိတိကျကျ တောင်းဆိုရင် အစိုးရက ထိုက်သင့်သလောက် ချထား ပေးနေပါတယ်။ အစိုးရကို အကြံပေးဖို့ကျတော့ ကျနော်တို့က အဆင့်ဆင့် တင်ပြတဲ့ နည်းနဲ့ပဲ သွားနေရတာ ဆိုတော့ ကျနော်အနေနဲ့ အကြံမပြုရဲဘူး။ ဒါပေမယ့် အခု UN တွေနဲ့ပေါင်းလုပ်တဲ့ အစည်းအဝေးတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေလည်း လာတက်ကြတယ်။ သူတို့ဆီကတဆင့် လိုအပ်ချက်တွေ တင်ပြထားတယ်။ လွှတ်တော်ထဲက ကျန်းမာရေး ကော်မတီက တဆင့်လည်း တင်ပြတာ၊ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေပါတယ်။

မသက်မွန်ဖြိုး
ဒါရိုက်တာ၊ The Help အဖွဲ့ ( Red Ribbon Award)

ကျမတို့အဖွဲ့ ကူညီနေတဲ့ ဦးတည်အုပ်စုတွေက လူနည်းစုဖြစ်တဲ့ လိင်တူချစ်သူတွေနဲ့ HIV ကူးစက်ခံထားရသူတွေပါ။ အခု လုပ်နေရတာတွေက အကန့်အသတ်တွေ များနေတုန်းပဲ။ HIV ပိုးရှိသူတွေနဲ့ လူနည်းစု လူတန်းစားတွေအပေါ်မှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရသေးတာ၊ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ရှိနေသေးတယ်။

လူတွေက HIV ပိုးရှိတဲ့လူတွေကို ရောဂါတခုအနေနဲ့ မမြင်ဘဲ၊ အကျင့်စာရိတ္တနဲ့ နွှယ်ပြီး ထင်မြင်ကြတယ်။ မိန်းကလေး HIV ဖြစ်ရင် လူတွေက ပြည့်တန်ဆာမို့ ဖြစ်တယ်ထင်တယ်။ ယောက်ျားလေးဆိုရင်လည်း လိင်တူဆက်ဆံလို့ ဖြစ်တယ်လို့ ထင်တယ်။ နောက်တခုက ဆေးဝါးပေးနေတဲ့ အနေအထားနဲ့ ရရှိတဲ့ အနေအထားက ကွာဟနေသေးတယ်။ ခွဲခြား ဆက်ဆံခံရမှုတွေ၊ ရသင့်ရထိုက်တဲ့ အခွင့်အရေး မရတာတွေ ရှိနေသေးတယ်။ ဦးတည်အုပ်စုတွေဖြစ်တဲ့ လိင်တူချစ်သူတွေ၊ လိင်လုပ်ငန်းနဲ့ အသက်မွေးသူတွေ၊ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူတွေအတွက် HIV နဲ့ပတ်သက်ပြီး အကာအကွယ်ပေးရေးတွေ၊ အသိပညာပေးရေးတွေမှာ အစိုးရရဲ့ပံ့ပိုးမှု အများကြီးလိုနေတယ်။ အဲဒီဦးတည်အုပ်စုတွေ ထဲမှာလည်း စွမ်းဆောင်နိုင်စွမ်းရှိသူတွေ နည်းပါးနေသေးတယ်။ အားမရဘူး။

ခြုံပြောရရင်တော့ လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုထက်စာရင် မျက်စိပွင့်နားပွင့်တော့ ဖြစ်လာပါပြီ။

အခု နိုင်ငံတော်က  HIV ရှိသူတွေကို ဥပဒေတွေ၊ မူဘောင်တွေနဲ့ ကာကွယ်တဲ့ ဥပဒေတွေ ရေးဆွဲနေတယ်။ ဒါပေမယ့် လက်တွေ့မှာ အဲဒီ ဥပဒေတွေကို တကယ် အသုံးချနိုင်ဖို့လိုတယ်။ အဲလို အသုံးချဖို့အတွက် လုပ်ငန်းတွေကို အောက်ခြေအဆင့်အထိ သိအောင်၊ လိုက်နာအောင် အမြန်ဆုံး အကောင်အထည် ဖော်စေချင်တယ်။ ပြည့်တန်ဆာ ဥပဒေကို လွှတ်တော်မှာ ဆွေးနွေးပေမယ့် ပယ်ချခံရတယ်။ ပြည့်တန်ဆာ တရားဝင် လုပ်ခွင့်ပြုတယ်ဆိုတဲ့ သဘောက အဲဒီလုပ်ငန်းကို အစိုးရက အားပေးပံ့ပိုးရမယ်လို့ ပြောတာ မဟုတ်ဘူး။ အခု ပြည့်တန်ဆာတွေကို ရဲတွေက ခေါ်ပြီး စော်ကားနေတာတွေ လုပ်နေတုန်းပဲ။

ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူတွေကို HIV ကာကွယ်တားဆီးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျမတို့က သင်တန်းတွေ ပေးတာရှိတယ်။ ပညာပေး လုပ်ငန်းတွေ လုပ်နေတာရှိတယ်။ ဒါပေမယ့် သူတို့ကို ရဲကဖမ်းတယ်။ အဲလိုသာ လုပ်နေမယ်ဆိုရင် ကျမတို့ သင်တန်းသားတွေဟာ ထောင်ထဲက ထွက်ရမှာ မဟုတ်ဘူး။ ကျမ မြင်တာ ကတော့ HIV ကူးစက်မှုနှုန်းဟာ ချပြရလောက်အောင် လျော့မသွားသေးဘူး။ အားရစရာမကောင်းသေးဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading