မကြာသေးခင်က ဝါရှင်တန်စီဒီ အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးတွင် မြန်မာအစိုးရအကြောင်း (အာဏာရှင် ဘဝမှ တိုက်ပုံဝတ်ကာ အသွင်ကူးလာသော အစိုးရ) နှင့် သမ္မတ ဦးသိန်းစိန် အကြောင်းကို ဘုန်းတော်ဘွဲ့ ရေးသားထားသည်ကို တွေ့လိုက်ရပါသည်။
စာရေးသူ Gwen Robinson သည် နိုင်ငံရေးသမား တဖြစ်လဲ စစ်ဗိုလ်ကြီးများကို အထင်ကြီးနေသူ သတင်းစာ ဆရာမ ဖြစ်ပုံရပြီး မြန်မာပြည် ပြောင်းလဲမှုများအကြောင်း ဘုန်းတော်ဘွဲ့များကို မကြာခဏ ရေးသားခဲ့သူဖြစ်သည်။
သူမက သမ္မတကြီး ဦးသိန်းစိန်၏ ခရီးစဉ်အချို့တွင်လည်း လိုက်ပါခွင့်ရနေပြီး သမ္မတကို ချီးကျူးရေးသားနေသူ နိုင်ငံခြား သတင်းထောက် ဖြစ်သည်။
အယုံသွင်းခဲ့သော ထိပ်ပိုင်း အစိုးရ လူကြီးများကလည်း သူမကို ရွေးချယ်ခေါ်ယူပြီး သမ္မတ၏ ပုံရိပ်၊ အစိုးရ၏ ပုံရိပ်၊ နိုင်ငံတကာမှာ (အထူးသဖြင့် အနောက်နိုင်ငံတွေမှာ) တက်အောင် ဖော်ထုတ်ရေးသားဖို့ ကျိုးစားသည်။ ဒီလို ကျိုးစားခဲ့တာ ယခုအချိန်အထိ အောင်မြင်မည်ဟု ဆိုရမည်။ ဦးသိန်းစိန် အစိုးရအတွက် Strategic communication မဟာဗျူဟာမြောက် ဆက်သွယ်ရေး (နိုင်ငံတကာနှင့် ဆက်ဆံရေး၊ မိမိကို စီးပွားရေး၊ နိုင်ငံရေးအရ ပိတ်ဆို့ခဲ့သော အနောက်နိုင်ငံများကို ဆိုလိုပါသည်) ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ပေးနေသော နောက်ကွယ်မှ အဖွဲ့ရှိသည် ဆိုတာကတော့ ယုံမှား သံသယ ရှိစရာမလို။
Foreign Policy တွင် Gwen Robinson ရေးခဲ့သည်က ပြုပြင်ပြောင်းလဲရေး လုပ်နေသော သမ္မတကြီးသည် Listener-In-Chief တပါးသူကို နားထောင်တတ်သူ စစ်ကဲကြီးဟု အမွှန်းတင် ရေးထားသည်။
ကျနော့်အနေဖြင့်မူ ၂၀၁၀ ကို မဲလိမ်ပြီး ဘဝရှင် မင်းတရားကြီး ဦးသန်းရွှေ၏ ဗျာဒိတ်တော်ဖြင့် သမ္မတ ဖြစ်လာသူ သမ္မတ ဦးသိန်းစိန်သည် မိန့်ခွန်းပေါင်းများစွာကို ပြောခဲ့ပြီး အကောင်အထည်မပေါ်သည်က ခပ်များများမို့ ပုံပြောကောင်းသူဟုသာ ဆိုမည်။
ထိုမိန့်ခွန်း များထဲတွင် နိုင်ငံတကာ ကြိုက်မည့် စကားလုံးများ Jargon များ ညှပ်၍ သုံးစွဲသည်ကိုလည်း တွေ့ရပါသည်။ အထူးသဖြင့် transparency, accountability, anti – corruption, good governance, clean government စသည်တို့ ဖြစ်ပါသည်။ ဒီစကားလုံးတွေကို English လို ပညာသားပါပါ ညှပ်သုံးလေ့ ရှိသည့်ကို တွေ့ရသည်။ ဒီမိန့်ခွန်းများမှာ target audience ရှိပြီးသား ဖြစ်ပါသည်။ ဒါကို strategic communication ဟု ဆိုလိုပါသည်။
အပြောတွေ ကောင်းသလောက် အလုပ်က မဖြစ်သေးပါ။ တိုင်းပြည်အာဏာကို အသာအယာ လွှဲပြောင်းယူခဲ့တာ ၂ နှစ် ကျော်သွားပြီ ဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေးက ချွတ်ခြုံကျနေဆဲ ဖြစ်သည်။ လက်တဆုပ်စာ လူတစုနှင့် ခရိုနီအသစ်များ ကြီးပွားနေပြီ ဖြစ်သည်။ ပညာရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲမှု လုံးဝ မလုပ်နိုင်သေးပါ။ ကျန်းမာရေးမှာတော့ တတ်နိုင်သော မြန်မာများ ဘန်ကောက်နှင့် စင်ကာပူမှာ သွားရောက် ဆေးကုသနေရဆဲ။ ဘန်ကောက်နှင့် ရန်ကုန် ပြေးဆွဲသော လေယာဉ်ပျံများတွင် မြန်မာ လူနာများကို နေ့စဉ် တွေ့နေရပါသည်။ ရှက်ဖွယ်လိလိ ပါ။
ဒါပေမယ့် နေပြည်တော်မှာတော့ VIP တွေ အတွက်၊ အုပ်စိုးသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုက ပြည့်စုံပါသည်။ မြေတွေသိမ်းယူပြီး အငြိမ်းစား ရိပ်သာတွေ ဆောက်နေပါပြီ။ မေမြို့မှာလည်း ဗိုလ်ချုပ်ရွာတည်ပြီး ဦးသိန်းစိန် အိမ်တော်ကို ဆောက်ပြီးပါပြီ။
ဒီလို အခြေအနေမှာ reformist ဆိုပြီး နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ credit ယူချင်သူများ ရှက်ဖို့ကောင်းပါသည်။ စာအုပ် သုံးလေးအုပ်ဖတ်ပြီး ဘေးမှပံ့ပိုးသူတွေက ရေးပေးသော မိန့်ခွန်းများကို မတောက်တခေါက် နားလည်ရုံဖြင့် reformist ဟု တင်သူကလည်း တင်၊ ထင်သူကလည်း ထင်သည်။
Listener-In-Chief တော့ မဟုတ်သေးပါ။ ဘာမှကို မသိခဲ့လို့ ငြိမ်ပြီးနားထောင်နေတာပဲ ဖြစ်မည်ဟု သုံးသပ်မိပါသည်။ ဗိုလ်ချုပ်မှူးကြီး လက်အောက်မှာ စစ်ရုံးမှာ General Staff Officer ဘဝကလည်း ရိုရိုကျိုးကျိုး နားထောင်ခဲ့သူ ဖြစ်ပါသည်။ ၂၀၀၈ အခြေခံဥပဒေကို အဆုံးသတ်ဖို့ စီစဉ်ခိုင်းတော့လည်း ရိုရိုကျိုးကျိုး နားထောင်ပြီး အောင်မြင်အောင် ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။
ယခုတော့ Listener-In-Chief ဟု ရေးသားကြပါသည်။ ကောင်းပါသည်။ ပြည်သူ ပြည်သားတွေရဲ့ အသံကို နားထောင်ပါ။ ငုတ်တုတ်ထိုင် နားထောင်တတ်ရုံနှင့်လည်း မပြီး အပြောနည်းနည်း အလုပ်များများ လုပ်ပါ။ ၂၀၁၅ မရောက်ခင် ဘာတွေ လုပ်ဆောင်ခဲ့သလဲ။ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေပါသည်ဟုပဲ ပြောပါရစေ။
(ကိုအောင်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တဦးဖြစ်ပြီး ၁၉၈၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။)