ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဒေါင်ဒေါင်မြည်များကိုသာ သင်ပေးမည့် ဘွဲ့ကြို Bachelor တန်းများကို ပြန်လည်ဖွင့်လစ်မည်၊ တက္ကသိုလ်များ၏ အစဉ်အလာအတိုင်း တက္ကသိုလ်တိုင်းတွင် အဆောင်နေခွင့်များလည်း ပြန်ပေးတော့မည်ဟု သိရသောအခါ “မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့” ဟူသော တချိန်က ကြွေးကြော်သံကို ပြန်လည် ကြားယောင်မိသည်။
ထိုအချင်းအရာများသည် သမ္မတ ဦးသိန်းစိန် အစိုးရတက်ပြီး နောက်ပိုင်းတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို စတင်သည့် နိမိတ်ပုံရိပ်များပင်ဖြစ်သည်။ သို့သော်လည်း စနစ်တကျ ပြုပြင်ပြောင်းလဲမှုပေလား၊ ပြီးပြီးရော ပြုပြင်ပြောင်းလဲမှုပေလား ဆိုတာတော့ ဆက်လက် စောင့်ကြည့်ရဦးမည့် အခြေအနေပင်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဒေါင်ဒေါင်မြည် ထူးချွန်ကျောင်းသားများကို သင်ကြားပေးမည့် ရန်ကုန်တ္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များရှိ တချို့သော အသစ်ပြန်ဖွင့်သည့် မေဂျာများတွင် သင်ကြားမည့် ဆရာ၊ ဆရာမ လုံလောက်စွာမရှိခြင်း၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ဟု ခေါင်းစဉ်တပ်လိုက်သော်လည်း ဌာနမရှိ၊ ဆရာမရှိခြင်း၊ ကျောင်းသားကျောင်းသူများကို အဆောင်ထားမည်ဟု ခေါင်းစဉ်ခပ်ကြီးကြီး တပ်လိုက်သော်လည်း ထားစရာအဆောင်မရှိခြင်း စသည်တို့က “မြေအုတ်တို့ ပြိုလေရာ မြေအုတ်တို့ဖြင့် အစားထိုး” မည့် ပညာရေးလား၊ “ကျောက်အုတ်တို့ကို ဖြိုကာ မြေအုတ်ဖြင့် အစားထိုး” မည့် ပညာရေးလားဟု ပြင်းပြင်းထန်ထန် မေးခွန် ထုတ်စရာများ တွေ့လာရပေသည်။
၂၀၁၁-၁၂ ပညာရေး သင်ကြားရေးကာလ မစတင်မီအချိန် အနည်းငယ်အလိုတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ခရီးစဉ်တခု၌ တက္ကသိုလ် ပညာသင်နှစ်များကို ပြောင်းမည်ဆိုကာ အလွယ် ကတိပေးမိရုံမျှဖြင့် အချိန်ယူပြီး ပြောင်းလဲရမည့် သင်ရိုးညွှန်းတန်း ပြောင်းလဲမှုကို ဟပ်ချလောင်းဟုဆိုကာ ဥုံဖွနည်းဖြင့် ပြောင်းလဲသင်ကြားခဲ့သည်။
ယခုလည်း ဒေါင်ဒေါင်မြည် ကျောင်းသားများကို ၁၅ ဦးသာ လက်ခံဟုကြေညာခဲ့ကာ အမှန်တကယ်လည်း ၁၅ ဦးဝန်းကျင်သာ လက်ခံခဲ့သည်။ သို့သော် မီဒီယာများမှ ဝေဖန်မှုများ ပြုလုပ်သောအခါတွင်မှ ၅၀ ဦးအထိ လက်ခံမည်ဆိုကာ ကျောင်းသားအဦးရေကို သားရေကွင်းကဲ့သို့ ပြောင်းလွယ် ပြင်လွယ် ပြုလုပ်လိုက်သောကြောင့် ပညာရေးစနစ်အသစ်ကို အမှန်တကယ် ပုံဖော်ရမည့် ဆရာ၊ ဆရာမများနှင့် တက်ရောက်ရမည့် ကျောင်းသားကျောင်းသူတို့မှာ အူလည်လည်ဖြစ်နေရသည်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များရှိ သက်ဆိုင်ရာ မေဂျာများတွင် ထူးချွန်ကျောင်းသား ၁၅ ဦးအတွက်သာ ပြင်ဆင်ထားသော်လည်း ယခုအခါတွင် နောက်ထပ် ထပ်မံရောက်ရှိလာမည့် ကျောင်းသားများအတွက် အစီအစဉ်သစ်များ ထပ်မံဆွဲရသလို ထိုကျောင်းသူ ကျောင်းသားများ၏ နေထိုင်ရေးအတွက်လည်း ခေါင်းကိုက်စရာလည်း ဖြစ်နေသည်။ ထို့အပြင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဖွင့်လှစ်မည့် သင်တန်းများကို လျှောက်ထားခဲ့သော်လည်း အမှတ်မမီသောကြောင့် အခြားသော တက္ကသိုလ်များတွင် ပညာသင်ခွင့်ရရှိခဲ့သော ကျောင်းသားကျောင်းသူများမှ ယခုအခါ ပြန်လည် လျှောက်ထား၍ ရသည်ဆိုသော သတင်းများကြောင့် ပြန်လည် လျှောက်ထားခဲ့ပြီး ကျောင်းတက်ခွင့်ရ၊ မရမသိသေးသောကြောင့် ဘာဆက်လုပ်မှန်းမသိ ဖြစ်နေသူများလည်း များစွာရှိနေသည်။
ထို့ထက် အရေးကြီးသည်မှာ အဆိုပါ ထူးချွန်ကျောင်းသားများကို သင်ကြားမည့် ဆရာ၊ ဆရာမ လုံလောက်စွာ မရှိသေးသည့် ဌာနများလည်း ရှိနေသေးသည်။ တက္ကသိုလ်များတွင် လူမှုရေးသိပ္ပံ ဘာသာရပ်များတွင် ပါဝင်သော မေဂျာများဖြစ်သည့် ရှေးဟောင်းသုတေသန ဘာသာရပ်၊ မနုဿဗေဒ ဘာသာရပ်၊ ဒဿနိကဗေဒ ဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နှင့် ယခုနှစ်မှ စတင်ဖွင့်လှစ်သည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များတွင် ဆရာ၊ ဆရာမ လုံလောက်စွာ မရှိခြင်းတို့မှာလည်း ယခုစတင်မည့် ပြုပြင်ပြောင်းလဲရေး တာထွက်မှာ လှပနိုင်ပါ့မလားဟု စဉ်းစားဖွယ်ရာဖြစ်နေသည်။ အဆိုးဆုံးမှာ ကမ္ဘာတွင် အလွန် ထင်ရှားအောင်မြင်သော နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ ယခုနှစ် ပညာသင်နှစ်အစတွင် ကိုယ်ပိုင်ဌာနမရှိ၊ သင်ကြားမည့် ဆရာ၊ ဆရာမမရှိဘဲ မည်သို့မည်ပုံ သင်ကြားမည်ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်လို့နေသည်။
ယခုနှစ် စာသင်နှစ်အစတွင် ပထမနှစ် ကျောင်းသားများကို အဆောင်ထားပါမည်ဟု ဆိုကာ အစိုးရ အုပ်ချုပ်ရေးပိုင်းမှ ဝန်ခံကတိ ပေးခဲ့သည်။ သို့သော် လက်တွေ့တွင် အဆောင်ထားရန် နေရာမရှိသည့်အတွက် ကျောင်းတွင်း အဆောင်နေ ဆရာ၊ ဆရာမများကို ကြိုတင် အသိမပေး၊ အချိန်မပေးဘဲ အဆောင်များကို ရွေ့ပြောင်းစေခိုင်းခြင်းများသည် ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်များကို အုပ်ရေးပိုင်းမှ ဝင်ရောက်စွက်ဖက်သကဲ့သို့ ဖြစ်နေသည်။ ဝန်ကြီးဌာနမှလည်း မိမိတို့ လိုအပ်ချက်များကို ပြန်လည် တင်ပြနိုင်ခြင်းမရှိဘဲ အစိုးရပိုင်း၏ တချက်လွှတ်အမိန့်အတိုင်း နာခံဆောင်ရွက်နေသည့် အနေအထားပင်ဖြစ်နေသည်။ အဆိုပါ ကိစ္စများသည် ဒီမိုကရေစီနိုင်ငံများတွင် ပြုလုပ်သည့် ဖြစ်ရပ်များပင် ဟုတ်ပါလေစဟု မေးစရာများဖြစ်လာသည်။ ထို့ကြောင့် အနှောင်းသေချာရန်အတွက် အစမကောင်းသေးဟု ဆိုချင်ပါသည်။
တက္ကသိုလ် ကျောင်းတော်သူ၊ ကျောင်းတော်သားများကို အဆောင်ထားခြင်းမှာ အလွန်လျော်ကန် သင့်မြတ်ပါသည်။ သို့သော် တဖက်တွင်လည်း မိမိတို့နေရပ်နှင့် အလွန်ဝေးကွာသော တာဝန်ကျရာ ဒေသများတွင် ရွေးချယ်စရာမရှိ မငြီးမညူ တာဝန်ထမ်းဆောင်ခဲ့ကြသော်လည်း အချိန်ပေးမထားသော ပြုပြင်ပြောင်းလဲရေး စနစ်ဟူသော ခေါင်းစဉ်အောက်၌ (သူတို့ စကားအတိုင်း ပြောရလျှင်) ဇရပ်ပေါ်မှ ခွေးမောင်းချသလို မောင်းချခံရသည့် အဖြစ်မှာ လူသူလေးပါး အသိနည်းသော တာထွက်ဖြစ်နေပေသည်။
စစ်အစိုးရ လက်ထက်တလျှောက် အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးသော ပညာတတ်များ မွေးထုတ်ရန် တက္ကသိုလ်များစွာကို ပြည်နယ်နှင့် တိုင်းများတွင် အရမ်းကာရော ဖွင့်ပြီးလျှင် ဆရာ၊ ဆရာမ များကိုလည်း မသွားမနေရစနစ်ဖြင့် စေလွှတ်ခဲ့ကြသည်။ စေလွှတ်သည့်အတိုင်းလည်း ဖြစ်အောင် ဆရာ၊ ဆရာမများမှာ သွားရောက်ခဲ့ကြရသည်သာ။
တက္ကသိုလ်ကြီး တခုမှ ပါရဂူဘွဲ့ သင်တန်းကျောင်းသူလည်းဖြစ်၊ ဆရာမလည်း ဖြစ်သူတဦးက “ကျမရဲ့ ဇာတိက မြစ်ကြီးနားပါ။ စပြီးတာဝန်ကျတော့ တောင်ကြီးတက္ကသိုလ်၊ ၂ နှစ်နေတော့ ကျိုင်းတုံတက္ကသိုလ်ကို ပြောင်းရတယ်။ ခုကတော့ ******* တက္ကသိုလ်ပေါ့။ တက္ကသိုလ်က ကျောင်းပိတ်ရက်ဆိုတာလည်း မရှိဘူးလေ။ သင်္ကြန်တွင်းကျတော့လည်း ကျမတို့မေဂျာတွေက ကွင်းဆင်းလေ့လာရေးတွေ လုပ်ရတော့ အိမ်ကို မပြန်ဖြစ်တာ အလုပ်စပြီး ရကတည်းကပဲ” ဟု ဆရာမဘ၀ အတွေ့အကြုံကို ပြောပြသည်။
နေရပ်ဒေသများနှင့် ဝေးကွာသော ဒေသများတွင် တာဝန်ထမ်းဆောင်နေရသော ဆရာ၊ ဆရာမများမှာ ကျောင်းမှ ပေးသောအဆောင်များတွင်သာ အဓိကနေထိုင်ရပြီး ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုရသူများ ဖြစ်သည့် အားလျှော်စွာ ကိုယ်ပိုင်စာအုပ်စာတမ်းများစွာနှင့် မိမိတို့ရရှိထားသော ၁၀ ပေပတ်လည်သာ ရှိသော အခန်းလေးများတွင် ပြွတ်သိပ်ကာ နေထိုင်ကြသည်။ ဆရာ၊ ဆရာမများ၏ ကိုယ်ပိုင်ပစ္စည်းမှာ စာအုပ်များသာ အများစုဖြစ်နေသည်။
နယ်တက္ကသိုလ်တခုတွင် တာဝန်ကျနေပြီး ယခုအခါ မန္တလေးတက္ကသိုလ်တွင် ပါရဂူဘွဲ့ကြိုသင်တန်း တက်ရောက်နေသော ကျောင်းသူ ဆရာမတဦးက “မန္တလေးမှာက တနှစ်ပဲ နေရမယ်ဆိုတော့ ကိုယ်လိုအပ်မယ်ထင်တဲ့ စာအုပ်တွေရယ်၊ အဝတ်အစားနည်းနည်းနဲ့ မီးဖိုချောင်ပစ္စည်းတွေပဲ ယူလာတယ်။ ကျမ ကိုယ်ပိုင်ပစ္စည်း အတော်များများက နယ်တက္ကသိုလ်က အဆောင်မှာ ထားခဲ့တာ။ အခုနယ်က အဆောင်က ဖယ်ပေးရတော့ အဲဒီပစ္စည်းတွေကို ဒီကို သယ်လာရင်လည်း စရိတ်တွေ ကုန်မယ်ဆိုတော့ နယ်က အသိတွေဆီမှာ အပ်ထားရတယ်” ဟု ဆိုသည်။
ယခုအခါတွင် တက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူများအား အဆောင်ပြန်လည်ထားရှိတော့မည် ဆိုသည့်အခါတွင် အဆောင်များတွင် နေထိုင်နေသော ဆရာ၊ ဆရာမများအနေနှင့် နေထိုင်ရေးနှင့် ပတ်သက်ပြီး အကျပ်အတည်းများစွာ ဖြစ်ပေါ်လျက်ရှိသည်။
မြန်မာပြည် အလယ်ပိုင်း တက္ကသိုလ်တခုတွင် တာဝန်ထမ်းဆောင်နေသော ကထိက ဆရာတဦးက “ကျနော်က ကထိက၊ အမျိုးသမီးက လက်ထောက်ကထိက ကျနော်တို့က အရင်က ကျောင်းသားတွေနေခဲ့တဲ့ ကျောင်းဆောင်မှာ ၂ ခန်းရတယ်။ တခန်းရဲ့ အကျယ်က ၁၀ ပေ ပတ်လည်လောက်ပါပဲ။ အခု ကျောင်းသားအဆောင် ပြန်လုပ်မယ်ဆိုတော့ ကျနော်ရယ်၊ အမျိုးသမီးရယ်၊ ကလေးနှစ်ယောက်ရယ်၊ ဒီ ၁၀ ပတ်လည် ပဲကျယ်တဲ့ အခန်းလေးမှာ ဘယ်လိုလုပ် နေမလဲဗျာ။ အပြင်မှာ ငှားနေရအောင်လည်း အိမ်လခတွေက ခေါင်ခိုက်နေတာ ဘယ်လိုလုပ်မလဲ” ဟု ဆိုသည်။
သူပေးသည့် ဥပမာကလည်း မှတ်သားဖွယ် ဖြစ်သည်။ “၁၃၀၀ ပြည့် အရေးတော်ပုံဖြစ်တာက ရေနံမြေ အလုပ်သမားတွေကို ၁၀ ပေပတ်လည်ကျယ်တဲ့ အခန်းပဲပေးလို့ အရေးတော်ပုံဖြစ်ရတာ။ ခုတော့ ကျနော်တို့မှာ ၁၀ ပေပတ်လည်ပဲ ကျယ်တဲ့ အခန်းလေးပေးတာကို ကျေးဇူးတင်နေရမလို ဖြစ်နေတယ်” ဟု ခိုင်းနှိုင်းပြောဆိုသည်။
အမှန်တော့ ကထိကရာထူးသည် အခြားသော ဝန်ကြီးဌာနများတွင် လက်ထောက် ညွှန်ကြားရေးမှူးရာထူးနှင့် အတူတူဖြစ်ကာ အခြားသော ဝန်ကြီးဌာနများတွင် ထိုရာထူးရှိသောသူများသည် ဝန်ကြီးဌာနပိုင် မော်တော်ကားနှင့် အိမ်များကို ခံစားခွင့် ရှိကြသည်။
ယခင်က ကျောင်းသား၊ ကျောင်းသူအဆောင် များစွာရှိခဲ့သော ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များမှ လွဲပြီး အခြားသော တက္ကသိုလ်များတွင် ကျောင်းဆောင်များမှာ အလုံအလောက်မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်ပြီးနောက်ပိုင်းတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဖိအားပေးမှု များလာချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား အဆောင်များ ပြန်လည် ထားရှိခြင်းသည် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပါသည်ဆိုသည့် သဘောသက်ရောက်စေရန် ရည်ရွယ်ပုံရသည်ဟု ဝေဖန်သုံးသပ်ကြသည်။ အပေါ်ယံ ဟန်ပြနဲ့ စမှာလားဟု မေးခွန်းထုတ်စရာကလည်း ရှိနေသည်။
၂၀၁၁နှစ်ကုန်ပိုင်းတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ခရီးစဉ်တခု၌ တက္ကသိုလ်များတွင် ၃နှစ် သင်ကြားနေရာမှ ၄နှစ် ပြန်လည်သင်ကြားပါမည်ဟု ပြောဆိုခဲ့သည်။
ထိုစဉ်ကအကြောင်းကို ပါမောက္ခ၊ ဌာနမှူး အငြိမ်းစားတဦးက“ဒုသမ္မတက ခရီးစဉ်တစ်ခုမှာ ဒီနှစ်ကစပြီး တက္ကသိုလ်တွေမှာ ၄ နှစ်စသင်မယ်၊ သက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေမှာ ၅ နှစ်ကနေ ၆ နှစ်ပြန်သင်မယ်လို့ ပြောခဲ့တယ်။ သိပ်မကြာခင်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ကလေးတွေက သူတို့ ၄ နှစ်တက်ရမယ်ဆိုတာ သိနေပြီ။ ဒါပေမယ့် ဝန်ကြီးဌာနမှာ တရားဝင် သတင်းထုတ်တာမရှိဘူး။ သင်ရိုးညွန်းတမ်းတွေ ပြန်ဆွဲတာမရှိသေးဘဲ ယောင်ဝါးဝါးနဲ့ စနစ်သစ်က စတင်လိုက်တယ်” ဟု ဆိုသည်။
ချက်ချင်း မဖြစ်နိုင်သည့် အရာကို မဖြစ်နိုင်ဟု ပြန်တင်ပြသူများမှာ သက်မွေးဝမ်းကြောင်း တက္ကသိုလ်များ ဖြစ်သည်။ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များက ဒီနှစ်တော့ ၆ နှစ်က မဖြစ်နိုင်ဘူးဟု ပြန်ပြောသည်။ သို့သော်လည်း ပညာရေးဝန်ကြီး ဒေါက်တာမြအေး (မကြာသေးမီက ကွယ်လွန်) က ၄ နှစ်ရအောင် ဖွင့်မယ်ဟု ပြောသည်။ တကယ်ဆိုလျှင် သင်ရိုးညွှန်းတမ်းလည်း ပြန်မရေးရသေး၊ သင်ရိုးအမှတ်တွေလည်း ပြန်မလုပ်ရသေးဘဲ စနစ်ဟောင်းကိုသာ သင်နေရင်း စနစ်သစ်ဆိုပြီး ဖြစ်သွားသည်။ ဆရာတွေလည်း စမ်းတဝါးဝါးသင်၊ ကလေးတွေလည်း စမ်းတဝါးဝါးဖြင့်သာ။ နောက်နှစ်ကျမှသာ သင်ရိုးအသစ်က ဆွဲပြီးသည်။
“အဲဒီတော့ ပထမနှစ်က သင်ပြီးသားစာတွေ ဒုတိယနှစ်မှာ ပြန်သင်ပေါ့။ ဒါလည်းကောင်းပါတယ် စာကျေတာပေါ့” ဟု ကျောင်းသားတဦးက ဆိုသည်။
ပညာရေး ပြုပြင်ပြောင်းလဲသည် ဆိုရာဝယ် ကျောင်းကို ဆေးသုတ်ရုံ၊ ကျောင်းသားသစ်များကို အဆောင်ထားလိုက်ရုံ၊ လူနည်းသည်ဟု ဝေဖန်ရုံမျှဖြင့် ကျောင်းဝင်ခွင့်များ ကြေညာပြီးကာမှ နောက်ထပ် ထပ်မံပြီးလက်ခံရုံ၊ သင်ရိုးညွှန်တမ်းများကို စနစ်တကျ မစီစဉ်ပါဘဲလျက် ဖြစ်သလို လိုက်ပြောင်းရုံမျှဖြင့် “ပညာရေး ပြုပြင် ပြောင်းလဲမှု စပြီ” ဟု ဆိုနိုင်ပါမည်လော။ အချိန်ယူသင့်သည့် ပြုပြင်ပြောင်းလဲရေးထက် ဟန်ပြသက်သက် အလွယ်လုပ်သည့်စနစ်ဖြင့် စတင်သင့်ပါသလော။ ပညာရေးစနစ်သည် ပျက်ဆီးပြီးသား၊ ဖျက်စီးခံရပြီးသား ဖြစ်ပါသည်။ နာလန်ထူရာတွင် အစမှာ တာထွက်ကောင်းဖို့ လိုပါသည်။ မဟုတ်လျှင် ကျောက်အုတ်တို့ဖြင့် မတည်ဆောက်မိဘဲ၊ မြေအုတ်ကို မြေအုတ်ဖြင့် အစားထိုး၍ ၎င်း၊ ကျောက်အုတ်ကိုဖြိုမိကာ မြေအုတ်ဖြင့် အစားထိုးမိသည့် အဖြစ်သို့ ၎င်း ရောက်လေမည်လားဟု စိုးရိမ်မိသည်မှာ အမှန်ပင် ဖြစ်ပါသည်။
(နန္ဒာဘုန်းမြင့်သည် လက်ထောက်ကထိက တဦးဖြစ်ပြီး သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ကလေးသူငယ်များ အရေးနှင့် ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ ရသစာပေများ ရေးသားလျက်ရှိသည်။)