ပြီးခဲ့တဲ့ ရက်အတွင်း ဆီးဂိမ်း အားကစားပြိုင်ပွဲတွေထဲက တခုဖြစ်တဲ့ ဘောလုံး အားကစားပြိုင်ပွဲတွေ စတင် ကျင်းပပါတယ်။ ကစားပွဲထဲမှာ လာရောက်ကြည့်ရှုတဲ့ မြန်မာ ပရိသတ်တွေ အားပေးတဲ့ ပုံစံဟာ အရင့်အရင် နှစ်တွေကထက် တော်တော် တိုးတက်လာတာတွေ့ ရသလို ပရိသတ် တချို့ရဲ့ ပြုမူပုံတွေကတော့ တော်တော်ကြီး ရှက်စရာကောင်းတယ်လို့ မြင်မိပါတယ်။
အဲဒီနေ့ ဘောလုံး အားကစား ပြိုင်ပွဲပထမပွဲစဉ်မှာ ထိုင်းအသင်း နဲ့ အရှေ့တီမော အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံး ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲပါ။ အဲဒီပွဲမှာ ထိုင်းအသင်းကို လာရောက်အားပေးတဲ့ ထိုင်းနိုင်ငံသား ပရိသတ်တွေကလည်း ထိုင်းအသင်းကို အားပေးကြပါတယ်။ ဒုတိယပွဲစဉ်က မြန်မာနဲ့ ကမ္ဘောဒီးယားပွဲစဉ် ဖြစ်တဲ့အတွက် မြန်မာပရိတ်သတ် ၁ သောင်းခွဲလောက်က ကွင်းထဲကို ကြိုတင်ရောက်နေကြတာပါ။
ကိုယ့်အသင်း ကစားချိန် မရောက်သေးပေမယ့် အရှေ့ တီမောနဲ့ ကန်နေတဲ့ သူတို့အသင်းကို အားပေးနေကြတဲ့ ထိုင်းပရိသတ်တွေကို မြန်မာ ပရိတ်သတ် တချို့က ရန်စ နှောက်ယှက်ကြတာပါ။ ထိုင်း-မြန်မာ ကျောင်းတော်က ရန်စ၊ သမိုင်းအာဃာတကို ထင်ဟပ်စေတဲ့ ဦးအောင်ဇေယျ ရုပ်ပုံကြီးကို ထိုင်းပရိသတ်တွေ ရှေ့မှာ ခနခန ထောင်ပြနေကြပြီး ဝါရင်းတုတ်နဲ့ ယိုးဒယားကို တက်သိမ်းခဲ့ဖူးတာတွေ အော်ဟစ်ကာ အိမ်ရှင်မြန်မာနိုင်ငံ အရှက်ရစေမယ့် အပြုအမူတွေ လုပ်ပြကြပါတယ်။
စုစုပေါင်း အယောက် ၅၀ မပြည့်တဲ့ ထိုင်းပရိသတ်တွေက ထိုင်းအသင်းကို “ထိုင်းလန်း … ထိုင်းလန်း” ဆိုပြီး သံပြိုင် အော်ဟစ် အားပေးသံရဲ့ အဆုံးမှာ မြန်မာပရိသတ်တချို့ အင်္ဂလိပ်လို F နဲ့ စတဲ့ ဆဲလုံးနဲ့ နောက်ကနေ သံပြိုင် လိုက်ဆဲကြပါတယ်။
တချို့ အကြိမ်တွေမှာလည်း ထိုင်းတွေက သူတို့ အသင်းကို အော်ဟစ်အားပေးနေချိန်မှာ ရာနဲ့ချီတဲ့ မြန်မာ ပရိသတ်တွေက
ထိုင်းတွေရဲ့ အသံတွေ ဖုံးလွှမ်းသွားအောင် ထိုင်းရဲ့ ပြိုင်ဘက်အသင်း အရှေ့တီမော နာမည်ကို ထပ်ခါတလဲလဲ သံပြိုင် ဟစ်အော်ခဲ့ကြပါတယ်။
မြန်မာပရိတ်သတ်တွေက အရှေ့ တီမောအသင်း ကစားကွက်ကို ကြိုက်လို့၊ အရှေ့ တီမောအသင်းကို ချစ်လို့ အားပေးတာတော့ မဟုတ်ပါဘူး။ ထိုင်းအသင်းကို အားတက်သရော အားပေးနေကြတဲ့ ထိုင်းပရိသတ်ကို နှောက်ယှက်ဖို့ပဲ ဖြစ်ပါတယ်။
ပွဲကစားနေချိန်အတွင်း မကြာခဏ ဆိုသလို အရက်နံ့ထောင်းနေတဲ့ မြန်မာ ယောက်ျားပရိသတ် တချို့ကလည်း ရီဝေဝေ မျက်လုံးတွေနဲ့ အမျိုးသမီး ထိုင်းပရိသတ်တွေကို ရှေ့တည့်တည့်ကနေ သွားပြီး အိန္ဒြေပျက်လောက်အောက် စိုက်ကြည့်တာမျိုးတွေလည်း လုပ်ကြပါတယ်။
ဒါတင်မက အကျႌချွတ်ထားပြီး ဆေးမှင်တွေ အပြည့်နဲ့ လူတချို့ဟာ ထိုင်းပရိသတ်တွေ ရှေ့ကိုသွားပြီး မောင်နဲ့ နှမ မမြင်ဝံ့တဲ့ ကိုယ်အမူအရာ၊ လက်အမူအရာတွေနဲ့ စော်ကားရိုင်းပြစွာ ပြုလုပ်ပြနေကြတာပဲ ဖြစ်ပါတယ်။ ဒီအပြုအမူတွေဟာ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေ တခြားနိုင်ငံမှာ အဲဒီလိုမျိုး နှောက်ယှက် စော်ကားခံရရင်ဆိုတဲ့ အတွေးမျိုးလေးနဲ့ ယှဉ်ပြီး စဉ်းစားကြည့်စေချင်ပါတယ်။
ဒီနှစ် ဆီးဂိမ်းအတွက် မြန်မာ ဘောလုံး အဖွဲ့ချုပ်က အရင့်အရင် ပြိုင်ပွဲတွေနဲ့မတူဘဲ ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး စနစ်တွေကို
တိုးချဆောင်ရွက်ထားတာ တွေ့ရပါတယ်။ ဝင်ပေါက်တွေမှာ မီးခြစ်၊ ရေဗူးကနေ သွားကြားထိုးတံ အဆင့်လောက်အထိ ယူခွင့်မပေးပါဘူး။ ဒါပေမယ့် ၄ ပေလောက်ရှည်တဲ့ ဦးအောင်ဇေယျ ပုံကြီးကိုတော့ ဘယ်ကနေ ဘယ်လို ခိုးသွင်းလာတယ်တော့ မသိပါဘူး။
မြန်မာဟာ အိမ်ရှင် ဖြစ်နေပေမယ့် မြန်မာ ပရိသတ်တချို့က အိမ်ရှင် မပီသတဲ့ အပြုအမူ၊ မရင့်ကျက်တဲ့ အပြုအမူ၊ ရန်လိုတဲ့ အပြုအမူ၊ မယဉ်ကျေးတဲ့ အပြုအမူကို ပြသကြတာပါပဲ။ ဒီလို ပြုလုပ်သူတွေဟာ လက်တဆုပ်စာ ဖြစ်သော်လည်း မြန်မာနိုင်ငံသားတွေ မျက်နှာကိုရော၊ ဆီးဂိမ်းကို အိမ်ရှင်အဖြစ် လက်ခံတဲ့ မြန်မာနိုင်ငံရဲ့ မျက်နှာကိုပါ အိုးမဲသုတ်၊ အရှက်ခွဲတဲ့ အပြုအမူ ဖြစ်ပါတယ်။
သွားရောက်ကြည့်ရှုတဲ့ မိတ်ဆွေကလည်း ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူပါ။ သူက ထိုင်းတွေကို အတော်မျက်နှာ ပူမိပါတယ်လို့ ပြောပါတယ်။ အဲဒီထက် ပိုရှက်စရာ ကောင်းတာက အဲဒါတွေကို တွေ့မြင်ရတဲ့ ထိုင်းတွေရဲ့ တုံ့ပြန်ချက် သဘောထားပါ။
ပွဲကို လာရောက်ကြည့်ရှုတဲ့အထဲမှာ မြန်မာပြည်ကိုလာပြီး စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တဦးလည်းပါပါတယ်။ သူက မြန်မာပရိသတ်တချို့ ဒီလိုပြုမူတာကို ခွင့်လွှတ်ကြောင်း၊ တနေ့မှာတော့ ဒါကို ရှက်စရာကောင်းတယ်လို့ သိမြင်လာပြီး
ယဉ်ကျေးလာမယ်လို့ မျှော်လင့်ကြောင်း ပြောသွားတာပါ။
ထိုင်းအသင်းနဲ့ တီမော အသင်းတို့ ယှဉ်ပြိုင် အပြီးမှာတော့ ထိုင်းအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရပါတယ်။ ထိုင်း လက်ရွေးစင် အသင်းက သောင်းချီတဲ့ မြန်မာပရိသတ် ကြားထဲကနေ သူတို့ နိုင်ငံ့ လက်ရွေးစင်အသင်းကို ဟစ်အော် အားပေးနေကြတဲ့ ထိုင်း ပရိသတ်တွေကို သူတို့ ထုံးစံအတိုင်း လက်အုပ်ချီပြီး လာနှုတ်ဆက်ကြပါတယ်။
ထိုင်းပွဲပြီးသွားပြန်တော့ ထိုင်းပရိသတ်တွေထဲက အမျိုးသမီး တချို့သာ ပြန်သွားကြပေမယ့် အမျိုးသား အများစုကတော့ မြန်မာ-ကမ္ဘောဒီးယား ဘောလုံးပွဲကို ဆက်လက်အားပေးဖို့ ကျန်ခဲ့ကြပါတယ်။ ထိုင်းအလံတံဆိပ် ခေါင်းစည်းတွေကို ချွတ်ပြီး မြန်မာလို့ ရေးထားတဲ့ ခေါင်းစည်းကို ပတ်လိုက်ကြကာ မြန်မာနဲ့ ကမ္ဘောဒီးယားနဲ့ ကစားတဲ့ပွဲကို ဆက်ကြည့်ကြပါတယ်။
အဲဒီနောက် ထိုင်းတွေကလည်း အော်လံနဲ့ “မြန်မာ … မြန်မာ” လို့ သံပြိုင် ဟစ်အော်ပြီး မြန်မာ့ လက်ရွေးစင် အသင်းကို ပြောင်းလဲ အားပေးကြပါတယ်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဘုရားကျောင်း ပြဿနာကြောင့် ကမ္ဘောဒီးယားကို ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာဘက်က အားပေးတာမျိုး ဖြစ်နိုင်ပေမယ့် သူတို့ကို ချက်ချင်းလက်ငင်း စော်ကားပြုမူထားတဲ့ မြန်မာတွေကို စိတ်မနာနိုင်ဘဲ ဆက်အားပေးဖို့ ဆုံးဖြတ်ခဲ့ကြတာကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။
သွားရောက်ကြည့်ရှုခဲ့ကြတဲ့ ဂုဏ်သရေရှိ မြန်မာပရိသတ်တွေအတွက် ထိုင်းတွေ မြန်မာဘက်က အားပေးကြာတာ ဝမ်းသာစရာ ဖြစ်ပေမယ့် ထိုင်းပရိသတ်အပေါ် စော်ကားနှောက်ယှက်ခဲ့တဲ့ မြန်မာပရိသတ်တချို့ရဲ့ အပြုအမူအတွက်လည်း အရှက်ရမှာ ဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ရက်အတွင်းမှာပဲ ထိုင်း ရုပ်သံချယ်နယ်တခုကနေ လာရောက် သတင်းယူကြတဲ့ ဂျာနယ်လစ်များနဲ့ ဆုံမိကြပါတယ်။ သူတို့လည်း ဒီကိစ္စတွေကို သိကြမှာပါ။ ဒါပေမယ့် မေးခွန်းထုတ်တာမျိုး၊ တီးခေါက်တာမျိုး မပြုလုပ်ပါဘူး။
သူတို့က မြန်မာပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြသလို သူတို့လည်း သူတို့ ဘုရင်ကြီးကို ချစ်ကြပါတယ်လို့ပဲ ယဉ်ကျေးဖွယ်ရာ ပြောပါတယ်။ မြန်မာ ပရိသတ်တချို့ ထိုင်းပရိသတ်တွေကို စော်ကားစွာပြုမူတာတွေကို ကိုယ်တိုင်မြင်ခဲ့တဲ့ မိတ်ဆွေကလည်း ထိုင်းဂျာနယ်လစ်တွေကို မျက်နှာပူနေမယ် ထင်ပါတယ်။
အရင် စစ်အစိုးရ လက်ထက်တွေမှာ တခြားနိုင်ငံနဲ့ ကိုယ့်နိုင်ငံအသင်း ကန်တာပဲ ဖြစ်ဖြစ်၊ ကိုယ့် ပြည်တွင်း အသင်းအချင်းချင်း ကန်တာပဲ ဖြစ်ဖြစ် မကြားဝံ့မနာသာ ဆဲကြဆိုကြ အော်ဟစ်ကြ၊ ဖိနပ်တွေနဲ့ပစ်၊ ရေဗူးတွေနဲ့ ပစ်ကြတာတွေ ရှိခဲ့ပါတယ်။ ဒီလို ပြုမူပြီး ပေါက်ကွဲကြတာဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် ဖောက်ခွဲပစ်ကြမှု တမျိုးဖြစ်တယ်လို့ ယူဆ ပြောဆိုခဲ့ကြတာ ရှိပါတယ်။ ဒါဆိုရင် ဒီဘက်ခေတ်မှာ ဒီလို ပြုမူကြတာကိုရော ဘယ်လို ဆင်ခြေမျိုးနဲ့ ခွင့်လွှတ်ကြမှာလဲလို့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။
ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းမှာ ကွင်းထဲကို ရေဗူးတွေ၊ ဖိနပ်တွေ ပစ်မထည့်နိုင်အောင် သံဆန်ကာ ကာထားရတာကို ကြည့်ရင် ပွဲကြည့်ပရိသတ် အများစုရဲ့ ရန်လိုမှု၊ သည်းခံနိုင်စိတ် နည်းပါး ခန့်မှန်းကြည့်နိုင်ပါတယ်။
တချို့ကတော့ ဒါဟာ ပညာရေးနဲ့ ဆိုင်တယ်၊ နိုင်ငံကြီးသား ပီသအောင် သင်ပြမပေးနိုင်တဲ့ ပညာရေးစနစ်ကြောင့် ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ တချို့ကလည်း တဦးချင်းစီနဲ့ပဲ ဆိုင်တယ်၊ တဦးချင်းစီရဲ့ စိတ်ဓာတ်ညံ့ဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ ယူဆကြတာလည်း ရှိပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထိုင်းနဲ့ မြန်မာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပရိသတ်အချို့ရဲ့ ပြုမှုဆက်ဆံပုံများကြောင့် ရင်လေးမိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
နိုင်ငံဂုဏ်ဆောင်ကြဖို့ နိုင်ငံကိုယ်စားပြု အားကစားသမားတွေကိုချည်း ဖိအားပေးနေလို့ မရပါဘူး။ အိမ်ရှင်ဖြစ်နေတဲ့ မြန်မာ ပရိသတ်တွေ အနေနဲ့လည်း အိမ်ရှင်ပီသဖို့၊ သည်းခံမှုရှိကြောင်း ပြသဖို့နဲ့ နိုင်ငံဂုဏ် ဆောင်ကြဖို့ လိုပါတယ်။ မြန်မာပရိသတ်အနေနဲ့ ဘယ်လို ပြုမှု ဆက်ဆံသင့်တယ် ဆိုတာတွေကို အစိုးရ တာဝန်ရှိသူတွေ၊ အားကစားပွဲ စီစဉ်သူတွေအနေနဲ့ နောင်ဆိုရင် ထည့်သွင်းစဉ်းစားဖို့ လိုနေပါပြီ။