ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအဝင်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။
သို့သော် ယမန်နေ့ ညပိုင်းကမူ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ၁ ဂိုး ဂိုးမရှိနှင့် ရှုံးကာ အုပ်စုအဆင့်မှ လှည့်ထွက်ခဲ့ရသည့်အတွက် မြန်မာ ဘောလုံးပရိသတ်များ ပေါက်ကွဲကာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ပင် ဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ရှုံးနိမ့်မှု၊ ဆူပူမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ နည်းပြ ပတ်ဆောင်ဟွာက အခုပြိုင်ပွဲစနစ် Head to Head ကို မသိဘူးလို့ သတင်းစာရှင်းလင်းပွဲများမှာ ပြောသွားတယ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအကြားမှာ ဒီစနစ်နဲ့ ပတ်သက်ပြီး ဆက်သွယ် ရှင်းလင်းပြောကြားတာမျိုး မရှိဘူးလား။
ဖြေ ။ ။ အဲဒါတော့ မဟုတ်ပါဘူး၊ ဒီ Head to Head စနစ်နဲ့ ပတ်သက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရော၊ ကျနော်တို့ရော ရှိရှိသမျှ အသင်းမှာရှိတဲ့ မြန်မာတာဝန်ခံရော၊ စကားပြန်ရော အကုန်ပြောပြီးပါပြီ။ ပရိသတ် ၃ သောင်းတောင် သိတာ၊ သူမသိဘူး ဆိုတာတော့ ဘယ်လိုဖြစ်နိုင်မလဲ။
မေး။ ။ လူထုတ်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့မှာရှိတဲ့ မြန်မာ တာဝန်ခံတွေကရော ထောက်ပြတာမျိုး မရှိဘူးလား။
ဖြေ ။ ။ နည်းပြသဘောထားက သူပဲလုပ်မယ် ဘေးလူ ဘာမှလာမပြောနဲ့၊ ဝင်ရောက်စွက် ဖက်တာကို လုံး၀ လက်မခံတဲ့ လူစားမျိုး၊ ပြောလေ ကန့်လန့်တိုက်လေ လူမျိုး။ ကျနော်တို့ အဖွဲ့ချုပ်ကလည်း စာချုပ်သက်တမ်း ၂ နှစ်နဲ့ ငှားပြီးနေတော့ အားလုံးက သည်းခံပြီး စာချုပ်ကုန်တဲ့အထိ ထားမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့အတွက်လည်း ကျန်တဲ့ မြန်မာနည်းပြတွေနဲ့ စကားများရတာလည်း အကြိမ်ကြိမ်ပါ။
အခု အင်ဒိုနီးရှားနဲ့ ပွဲမတိုင်ခင်မှာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပါတယ်၊ အခုပွဲကို ဗိုလ်လုပွဲလို ကစားဖို့၊ ဘောလုံးဆိုတာ ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ ပြောတယ်၊ စကားပြန်ကတဆင့် “စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး ” လို့ သူက ဖြေတယ်။
ကန်မယ့်နေ့ မနက်မှာလည်း သူတိုနဲ့ တွေ့တော့ “တဖက်အသင်းက ဖောင်ဖျက်တိုက်မှာ၊ မထင်မှတ်တာတွေ ဖြစ်တတ်တယ်၊ ပထမပိုင်း သေချာဖိကစား၊ နှစ်ဂိုးလောက်ရလို့ သေချာပြီဆိုမှ မင်းကြိုက်တာလုပ် ” ဆိုတော့ စိတ်ချပါလို့ ထပ်ကတိပေးတယ်။
ပွဲမစခင်မှာတင် တိုက်စစ်မှူး “ကျော်ကိုကို” ကို မထည့်ဘူး လုပ်ပြန်တယ်၊ ဒါကြောင့် ကျော်ကိုကို ကို ကျနော်ကိုယ်တိုင်ခေါ်ပြီး၊ နည်းပြ ပတ်ဆောင်ဟွာကို ကျေအေးအောင် ကန်တော့ခိုင်းပြီး Line up ထဲထည့်ဖို့ ပြောရတယ်၊ ဒါတောင် ဒုတိယပိုင်းမှ ထည့်တယ်။
ဖိအားတွေနဲ့ ကစားရတော့ ကစားသမားလေးတွေလည်း ဘယ်လိုလုပ်ရတော့မလဲ၊ အခြေအနေကို ကြည့်ပြီးတော့ လူစားထိုးသင့်တာ ထိုးရမယ်လေ။
မေး။ ။ အခုနည်းပြ ပတ်ဆောင်ဟွာကို ထုတ်လိုက်ပြီလား၊ မြန်မာ့ဘောလုံးအသင်းအတွက် ရှေ့ကို ဘာဆက်လုပ်မလဲ။
ဖြေ။ ။ ထုတ်လိုက်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘောလုံးက အများကြီး လုပ်ရမယ်၊ အခြေခံ အဆောက်အအုံတွေ၊နည်းပညာတွေ၊ နိုင်ငံတကာ ပြိုင်ပွဲတွေ အများကြီးလုပ်ရမယ်။ လက်ရွေးစင်အသင်းတခုထဲ ပြုပြင်ဖို့မဖြစ်နိုင်ဘူး၊ ကလပ်အသင်းတွေလည်း ပြုပြင်နိုင်မှဖြစ်မှာ။
ကန်တော့မှ နိုင်ချင်ရုံနဲ့တော့ မရဘူး။ အခုဆိုရင် U -၁၉၊ U- 22 လည်း အာရှခြေစစ်ပွဲအောင်ပြီးပြီ။ အခုဟာက ရွှေရနိုင်တဲ့ အနေအထားမျိုးရောက်ပြီးမှ ရင်၀ ဆောင့်ကန်ချ လိုက်သလိုပဲ၊ ဒီပွဲက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ၊ ပြည်သူလူထုကလည်း အရမ်းကို မျှော်လင့်နေတဲ့ အချိန်မှာ ဖြစ်သွားတာ၊ ပရိသတ်တွေကို နားလည်ပါတယ်။
မေး။ ။ ဒါဆို တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့ ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။
ဖြေ။ ။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အလုပ်ပျက် အကိုင်ပျက်ခံပြီး လက်မှတ်တန်းစီပြီး ဝယ်ယူအားပေးတဲ့ မြန်မာ ပရိသတ်ကြီးကို တာဝန်ရှိသူတယောက်အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။ ။