၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ရွက်လှေ အားကစား ပြိုင်ပွဲကို ဧရာဝတီတိုင်း ငွေဆောင် ကမ်းခြေရှိ ငွေဆောင် ရွက် လှေ ကလပ်မှာ တပတ်ကြာ ကျင်းပ နေပါတယ်။ ဒီဇင်ဘာ ၁၁ ရက်က ဖွင့်ပွဲ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၁၅ မှ ၂၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီမှာတော့ ဆုရ အားကစားသမားများကို ကြေညာပြီး ဆုပေးမှာ ဖြစ်ပါတယ်။ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင် စတဲ့ အာဆီယံ ၆ နိုင်ငံက အားကစားသမား ၁၂၅ ဦး ပါဝင် ယှဉ်ပြိုင်နေပြီး ရွှေတံဆိပ် ၁၃ ခု ပေးအပ်မှာ ဖြစ်ပါတယ်။
ရွက်လွှင့် အားကစားနည်းဟာ တခြား အားကစားများနဲ့မတူဘဲ လေတိုက်နှုန်း အနေအထား(မိုးလေဝသ ကောင်းမွန်မှု)၊ လှေနဲ့ အလေးချိန်တွေပေါ်မှာ မူတည်တဲ့အတွက် တခါတရံ ခန့်မှန်းသလို မဖြစ်တတ်တာလည်း ရှိနိုင်ပါတယ်။ ရေဒါ ရွက်လွှင့်နည်းကို ဒီဇင်ဘာ ၁၆ နဲ့ ၁၉ ရက်အထိ ပြိုင်ပွဲငယ် ၁၂ ပွဲ ရွက်လွှင့်ကစားပြီး မြန်မာက ထိပ်ဆုံးမှာ အမြဲ ရှိနေပါတယ်။
ရွက်လွှင့် ကစားနည်း ၁၃ မျိုးထဲက အသက် ၁၅ နှစ်အောက် အုပ်စုလိုက် ရွက်လွှင့် ပြိုင်ပွဲမှာ ထိုင်းက ရွှေတံဆိပ်၊ စင်္ကာပူ က ငွေ နဲ့ မလေးရှားက ကြေးတို့ကို ဆွတ်ခူးထား ပါတယ်။ ၃ ရက်တာ ကျင်းပပြီးစီးခဲ့တဲ့ အတွင်း ကျန်တဲ့ ရွက်လှေစီးနည်း ၁၁ မျိုး (Half Rater မှအပ)ထဲမှာတော့ မလေးရှားက ထိပ်ဆုံးက ပြေးနေပြီး ထိုင်းက ဒုတိယလိုက်နေပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ ရေဒါ (Half Rater) ရွက်လှေ ပြိုင်ပွဲမှာ မြန်မာနိုင်ငံက စည်သူမိုးမြင့် နဲ့ ဖုန်းကျော်မိုးမြင့် တို့က ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှာ စတင်ယှဉ်ပြိုင်တဲ့ ရွက်လှေပြိုင်ပွဲ ၁၃ မျိုးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ရွက်လွှင့်သမား ၂၅ ဦး ပါဝင် ယှဉ်ပြိုင် နေပါတယ်။ မြန်မာတွေ ရွှေတံဆိပ် ရရှိထားတဲ့ ရွက်လွှင့်နည်းတမျိုး ဖြစ်တဲ့ Half Rater (ရေဒါ) ရွက်လွှင့် ပြိုင် ပွဲဝင်နေသူ ၂ ဦးထဲက တဦးဖြစ်တဲ့ ကိုဖုန်းကျော်မိုးမြင့်ကို ဒီဇင်ဘာ ၁၇ ရက်မှာ ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်း က တွေ့ဆုံ မေးမြန်းထားပါတယ်။
ငွေဆောင် ရွက်လှေကလပ်နဲ့ အားကစားသမားများ တည်းခိုရာ အဆောက်အအုံ တို့ကို ၂၀၁၂ ခုနှစ် သြဂုတ်လက စတင် ဆောက်လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဌ ဦးမိုးမြင့်က ကုန်ကျစရိတ် အားလုံး ကျပ် ၁၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၆.၇ သန်းခန့်) နဲ့ တာဝန်ယူ ဆောက်လုပ်တာ ဖြစ်ပါတယ်။ ရွက်လှေ ပြိုင်ပွဲတွေကို မြန်မာ့ လက်ရွေးစင် အားကစားသမားတွေ ဖြစ်တဲ့ စုမြတ်စိုး၊ စည်သူမိုးမြင့်၊ ဖုန်းကျော်မိုးမြင့် နဲ့ ဝေပွင့်ဝါဘို တို့က ဦးဆောင် ရွက်လွှင့် ကြပါတယ်။ ကိုဖုန်းကျော်မိုးမြင့်ဟာ မြန်မာ့ ရွက်လှေအဖွဲ့ချုပ် ဥက္ကဌ ဦးမိုးမြင့်ရဲ့ သားငယ်လည်း ဖြစ် ပါတယ်။
မေး။ ။ အခု ပြိုင်ပွဲမဝင်ခင် ပြိုင်ပွဲမှာ ပါဝင်ဖို့ ဘယ်လောက် အထိ အတွေ့အကြုံ ယူခဲ့ရလဲ။
ဖြေ။ ။ ဒီလိုမျိုး ပြိုင်ပွဲဝင်ဖို့ ကျနော်တို့ ၂၀၀၁ တုန်းက ကျနော်နဲ့ ကျနော် အစ်ကို (စည်သူမိုးမြင့်) ရွှေရခဲ့တယ်။ ကျနော် တို့ ၂၀၀၂ ကိုရီးယား အေးရှားဂိမ်း အထိ (ရွက်လှေလွှင့်) ဆက်စီး ပါတယ်။ အဲ့ဒါ ပြီးတော့ ဆက်မစီးတော့ဘူး။ မစီး တာက ၁၀ နှစ်လောက် ရှိပြီပေါ့။ ဒီပွဲအတွက် ပြင်ဆင်တာက ကျနော်တို့ ၂၀၁၂ က စပြီး ပြင်ဆင်တာ။ နိုင်ငံခြားပွဲတွေလည်း သိပ်ပြီးတော့ မပြိုင်ဖြစ်ဘူး။ ကျနော်တို့မှာ Experience အရဆိုရင် ၂၀၁၃ ဧပြီလ ဆီးဂိမ်း အကြို (Pre SEA Games) ဒီငွေဆောင်မှာ လုပ်ခဲ့တယ်။ အဲ့ဒီတုန်းက နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့တယ်။ သြစတြေးလျက လာပြိုင်တယ်။ စင်္ကာပူကလည်း လာပြိုင်တယ်။ အဲ့ဒီ ပရီဆီးဂိမ်းမှာ ကျနော်တို့ ရွှေရတယ်။ ဒီပွဲထက် ပိုကြပ်တယ်။
မေး။ ။ ၁၀ နှစ်နားထားခဲ့ပြီးမှ အခုတခေါက် ပြန်စီးတော့ အတွေ့အကြုံတွေက ဘယ်လို ကွာသွားလဲ။
ဖြေ။ ။ ကျနော်နဲ့ ကျနော့် အစ်ကိုက ၈ နှစ် ၉ နှစ်သားကတည်း လှေစီးတာ။ Experience က ရှိခဲ့တယ်။ ဒါပေမယ့် လှေနဲ့ စီးဖို့ ဝေးသွားတာ ၁၀ နှစ်လောက်ရှိတဲ့ အတွက် အကုန် ပြန်စရတာပေါ့။ ကျနော်တို့မှာ ငယ်ငယ်လေးတည်းက အတွေ့အကြုံရှိတယ်။ ကျနော်တို့ ပြိုင်ဘက်တွေကို ပြန်ကြည့်ရင်တော့ သူတို့က အမြဲ ပြိုင်နေတာ။ ဒီလှေ အမျိုးအစားနဲ့တော့ မဟုတ်ဘူး။ ဒီ့ပြင်လှေ အမျိုးအစားနဲ့ ပြိုင်တာပေါ့။ ကျနော်တို့ Experience တော့ ရှိပေမယ့် ကြိုးစားရမှာပေါ့။ Training တွေအများကြီး ဆင်းခဲ့ရတာပေါ့။
မေး။ ။ ငယ်ငယ်တည်းက နိုင်ငံတကာ အတွေ့အကြုံ ရှိခဲ့တယ် ဆိုတာ ဘယ်နှနှစ်သားလောက်လဲ။
ဖြေ။ ။ ကျနော်နဲ့ ကျနော့် အစ်ကို စစီးတုန်းက ၉ နှစ်သားပါ။ ၁၉၉၆ ခုနှစ်က ကျနော့်အတွက် ပထမဆုံး နိုင်ငံတကာ ပွဲပေါ့။ အဲ့ဒီတုန်းက ကမ္ဘာ့ ချန်ပီယံပွဲ (World Championship) ကို တောင်အာဖရိကမှာ သွားပြိုင်ခဲ့တာ။ အဲ့ဒီတုန်းက တောက်လျှောက်ပဲ၊ ၉ နှစ် ကနေ ၁၅ နှစ်အထိ စီးခဲ့တယ်။ ကျနော် ၂၀၀၁ ခုနှစ် ရွှေရတုန်းက ကျနော် ၁၆ နှစ်ပဲ ရှိသေး တယ်။ ကျနော်အစ်ကိုက ၁၉ နှစ်။
မေး။ ။ အခု ဒီပွဲ အတွက်တော့ ဘယ်လောက်အထိ မှန်းထားလဲ။
ဖြေ။ ။ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်။ ရွှေ ရဖို့ကို။ ရွှေ ရဖို့ကလည်း တော်တော်လေး ကျိန်းသေ နေပြီ။ နောက်ထပ် ၆ ပွဲလို သေးတယ်။ အဲ့ဒီ ၆ ပွဲမှာ ဘာဖြစ်လာမလဲ ကျနော်လည်း မသိဘူး။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်။ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် စီးတယ်။ Protest တွေက ရှိတော့ ဒီနေ့မှ Result ထွက်မယ်။
မေး။ ။ မနေ့က စပြိုင်တဲ့ ပွဲမှာရော ဒီနေ့ရော Protest (ရွက်လွှင့် ယှဉ်ပြိုင်နေစဉ်အတွင်း စည်းကမ်း မလိုက်နာဟု ပြိုင် ဘက် အသင်း တခုခုမှ တိုင်တန်းလာခြင်း) တွေ ရှိလာနိုင်သေးလား။
ဖြေ။ ။ မနေ့ကတော့ စင်္ကာပူနဲ့ အင်ဒိုနီးရှား Protest ရှိတယ်။ စင်္ကာပူ နိုင်တယ်လို့ကြားတယ်။ ဒီနေ့လည်း ရှိဦးမယ်၊ ဘယ်သူတွေဖြစ်မလဲတော့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ ရှင်းပါတယ်။ နောက်မှာ ဘာ Protest မှမရှိဘူး။ (ကျနော်တို့လှေပြိုင်နေစဉ်) နောက်မှာ ဘာတွေဖြစ်နေလဲ ကျနော်လည်း သေချာမသိဘူး။
မေး။ ။ မနက်တုန်းက ပြိုင်ပွဲကို ကြည့်တဲ့ အချိန်တုန်းကတော့ မြန်မာရဲ့ အနောက်မှာ ထိုင်းက ကပ်လိုက်နေတယ်။ တကယ်တမ်း ဒီပွဲစဉ် ၆ ပွဲပြီးတဲ့အခါ ကိုယ်နဲ့ အပြိုင် ကြဲနေရတဲ့ အသင်းတွေက ဘယ်အသင်းတွေလဲ။
ဖြေ။ ။ ခပ်ကြမ်းကြမ်း ပြောရမယ်ဆိုရင် ကျနော် ထင်တာကတော့ စင်္ကာပူနဲ့ ယိုးဒယား (ထိုင်း) လားမသိ။ သူတို့ ၂ ယောက် ကတော့ ငွေကို လုကြမှာပေါ့။ သေချာပေါက်တော့ ကျနော်မသိဘူး။ ကျနော် ထင်တာကတော့ စင်္ကာပူနဲ့ ယိုးဒယား ငွေလုကြမယ် ထင်တယ်။ နောက်ထပ် ၆ ပွဲ ကျန်သေးတယ်။ နောက် ၂-၃ ရက် အတွင်းမှာပါ။ တချို့ ရက် တွေမှာ ၃ ပွဲ ပြိုင်ရင် ပြိုင်မယ်။ ၁ ပွဲ ပြိုင်ရင်လည်း ပြိုင်မယ်။ မနက်ဖြန် ဘာလာမလဲ မသိဘူး။ ဒါက မိုးလေဝသပေါ်မှာ ရာသီဥတုပေါ်မှာ အများကြီး မူတည်တယ်။
မေး။ ။ ဒီ Class က အားကစားနည်း ၁၃ ခုထဲမှာ ရိုးရာ အားကစားတခု အဖြစ် ထည့်သွင်း ကျင်းပတာလို့ သိရတယ်။ တခြားပြိုင်ဘက် နိုင်ငံတွေကရော၊ တချို့နိုင်ငံအတွက် ဒီ ကစားနည်းက အသစ်ဖြစ်ကောင်းဖြစ်မယ်။ ဒီအတွက်ရော ကွန်ပလိန်း တက်တာရှိလား။
ဖြေ။ ။ မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ Half Rater စတုန်းက Half Rater က Double handed digging. ဒီလှေက Very Simple ဖြစ်တယ်။ တခြား လှေတွေနဲ့ယှဉ်ရင် ပိုပြီး Simple (ရိုးရှင်း) တယ်။ အဓိက ဘာကွာလဲဆိုတော့ Weight (အလေးချိန်) ကွာတယ်။ ကီလို ၃၃၀-၃၆၀ လောက် ရှိတယ်။ တခြားလှေတွေ ကျတော့ အဲ့ဒီ လောက် မလေးဘူးပေါ့။ ဒီလှေက စီးဖို့ ရှင်းပါတယ်။ ဘယ်ရွက်လှေ သမားပဲဖြစ်ဖြစ် ဒီလှေပေါ် တက်လိုက်တာနဲ့ စီးလို့ရ တယ်။ ပြိုင်ပွဲ မစခင်လည်း ကျနော်တို့ မဲလည်း နှိုက်ထားတယ် ဆိုတော့ လှေက အားလုံး Equal (အတူတူ) ဖြစ်နေ တယ်။ အားလုံး ကိုယ်ကျတဲ့လှေ ကိုယ်စီးပေါ့။ အကောင်းဆုံး ဖြစ်အောင်ပဲ စီးရမှာ။
မေး။ ။ ဒီပြိုင်ပွဲက ကမ်းနဲ့ကျတော့ ဘယ်နှမိုင်လောက် ဝေးလဲ။ ပြိုင်ပွဲဝင်း အကျယ်ကရော ဘယ်လောက်ဝေးလဲ။ ကျမ တို့ မနက်က လိုက်ကြည့်တော့ အတော်လေး ဝေးတယ်။ မိုင်တော့ မခန့်မှန်းတတ်ဘူး ဆိုတော့လေ။
ဖြေ။ ။ ကျနော် မသိဘူးဗျ။ ပြိုင်ပွဲ(Race) ဧရိယာကတော့ ခပ်ကြမ်းကြမ်း ပြောရမယ် ဆိုရင်တော့ မီတာ ၅၀၀ ပတ် လည် ဝန်းကျင်လောက် ရှိမယ်။ ဘွိုင်ယာ လေးခု ရှိတယ်။ အဲ့ဒီ Course က မီတာ ၅၀၀ လောက် ဝေးတယ်။ ဘယ်နှပတ် ပြိုင်ရမလဲဆိုတာ Race ကော်မတီက ဆုံးဖြတ်တယ်။ Outer Course ဆို အပြင်ဘွိုင်ကို ၃ ပတ်ပတ်။ Inner Course ဆို အထဲမှာပတ်။ ပွဲတွေ အတော်များများက ၃ ပတ်ပတ် ခိုင်းတယ်။ ဓာတ်ပုံတွေမှာတော့ သေချာပြထား ပါတယ်။ ။