၂၇ ကြိမ်မြောက် ဆီးဂိမ်းမှသည် ...

ရွှေကူမေနှင်း

This article has been converted from Zawgyi One to Unicode

မျက်ရည်များသည် သင်ခန်းစာကို ပေးတတ်ကြ၏။ မျက်ရည်တို့ မည်သည် ဝမ်းနည်းကြေကွဲခြင်းမှ လည်းကောင်း၊ ဒေါသအမျက် ထွက်ခြင်းမှ လည်းကောင်း၊ အပျော်လွန်ခြင်းမှ လည်းကောင်း ထွက်ကျတတ်သည်။ ၄၄ နှစ်ကြာမှ ခက်ခက်ခဲခဲ ရရှိ ကြုံကြိုက်ခဲ့ရသော ဆီးဂိမ်းကို ယခင်က ဆီးယက်ဂိမ်း (SEAP Game) ဟု ခေါ်သည်။ South East Asia Peninsala အရှေ့တောင် အာရှ ကျွန်းဆွယ်တွင် ပါဝင်သော နိုင်ငံများ၏ အားကစား ပွဲတော် ဖြစ်၏။ ထိုပွဲကို အတိုကောက်အနေဖြင့် “ကျွန်းဆွယ်ပွဲ” ဟု ခေါ်ခဲ့သည်။ နောက်ပိုင်းတွင် ကျွန်းဆွယ်တင်မက အရှေ့တောင် အာရှရှိ တခြား နိုင်ငံများကိုပါ ထည့်သွင်းခဲ့သဖြင့် “SEA” ဟု အမည် ရခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် တိုင်းပြည် ထူထောင်ရေး လုပ်ငန်းများ၌ အားကစားကို တခန်း တကဏ္ဍ အဖြစ် ထည့်သွင်းခဲ့၏။ Township ခေါ် မြို့ငယ်လေး အဆင့်အထိ Organizer ခေါ် အားကစားရေးမှူး များကို ခန့်ထားခဲ့သည်။ ထို အားကစားရေးမှူးများသည် တမြို့လုံး၊ အထူးသဖြင့် အထက်တန်း ကျောင်းများ၌ အားကစား နည်းပြများ ဖြစ်ရုံမက အားကစား ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးကြ၏။ ဘောလုံး၊ ဘော်လီဘော၊ ဘက်စ်ကက်ဘော၊ ကြက်တောင်၊ သားရေကွင်း စသည့် အသုံးအဆောင် များကို အလုံအလောက် ထုတ်ပေးတတ် ကြ၏။ ကိုယ်တိုင်လည်း သင်ကြားပေး၏။ သံလုံးပစ်၊ သံပြားပစ်၊ လှန်တံပစ် စသော “ပြေး၊ ခုန်၊ ပစ်” နည်းများ ကိုလည်း သင်ကြားပေး ကြသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ တဝန်းလုံးရှိ လူငယ်များသည် အားကစားနှင့် မစိမ်းခဲ့ကြချေ။

ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ကျောင်းအလိုက်၊ မြို့နယ်ခရိုင်အလိုက်၊ အားကစားနည်း အမျိုးမျိုးကို ပြိုင်ပွဲ ပြုလုပ်ပေးသည်။ ထို့ကြောင့်  တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲများ ပြုလုပ်သော အခါ မြို့နယ်ခရိုင်များမှ၊ ထူးချွန်သော အားကစား သမားများ ပေါ်ထွန်းခဲ့ရာ၊ နိုင်ငံပြင်ပ၌ ကျွန်းဆွယ်ကဲ့သို့ ပွဲများတွင် သွားရောက် ယှဉ်ပြိုင်ရန် အတွက်လည်း အဆင်သင့် အနေအထား လေ့ကျင့်ပြီးသား ဖြစ်ခဲ့သည်။ မျိုးဆက် တဆက်ပြီး တဆက် မပြတ်ခဲ့ပေ။ ကျွန်းဆွယ်၌ ဘောလုံးဗိုလ် အဖြစ် လည်းကောင်း၊ အပြေး၊ အခုန်၊ ရေကူး၊ အလေးမ စသည့် အားကစားနည်း အများအပြား တွင်လည်း  “ကျွန်းဆွယ်စံချိန်” ကို မြန်မာက တင်ထားနိုင်ခဲ့သည်။

နောက်ပိုင်းတွင် အထက်ပါ မြို့နယ် အားကစားရေးမှူးများ ဘယ်အချိန်က ပျောက်သွားသည် မသိ၊ ကျောင်းအလိုက်၊ မြို့နယ် အလိုက် ပွဲများလည်း မထွန်းကားတော့။ နှစ်စဉ်ကျင်းပမြဲ တိုင်းနှင့် ပြည်နယ်ဘောလုံး အပါအဝင် အားကစား ပြိုင်ပွဲများလည်း ပျောက်ပျက်ရုံမက၊ မြို့နယ် အများအပြားရှိ ဘောလုံးကွင်းများကိုပါ အာဏာရှိသူတချို့က သိမ်းယူ သွားသဖြင့် လူငယ်များ မိမိ ဝါသနာပါရာ ပြေးခုန်ပစ် ကစားစရာ နေရာများပါ ပပျောက်သွားခဲ့ရသည်။ ဤတွင် SEA Games ကြီးသို့လည်း အကြိမ်ပေါင်း များစွာ သွားရောက်သည့်တိုင်၊ အခြေမခိုင် သဖြင့် အားကစား မျက်နှာစာ၌ မျက်နှာငယ်ခဲ့ရ ပေသည်။

ယနေ့  ၂၀၁၃ ၌ကား အိမ်ရှင်အဖြစ် ကျင်းပခွင့် ရခဲ့သည်။ အားလုံး တက်ကြွခဲ့ကြသည်။ တို့တိုင်းပြည် ဟူသော တိုင်းချစ် ပြည်ချစ်စိတ်ဓာတ် တိုးပွားလာကြသည်။ တချို့ အမြင် ကျဉ်းမြောင်းသူ တစုက ဤပွဲကို တာဝန်ခံ ကျင်းပခြင်း၌ ငွေတွေ ဘီလီယံနှင့် ချီပြီး ကုန်သဖြင့် မလုပ်သင့်ဟု ပြောဆို ရေးသားသည်ကို တွေ့ရသည်။ ဒါကို ပကာသနဟု ထင်ကြသည်။ အလွန် မှားယွင်းသော အယူအဆဖြစ်၏။ အရှေ့တောင် အာရှရှိ ၁၀ နိုင်ငံမျှ ပါဝင်သော အားကစားပွဲ များကို လက်ခံ ကျင်းပနိုင်ခြင်း ဟူသော ဂုဏ်သည် ငွေနှင့် နှိုင်း၍မရပါ။ ဂုဏ် ဟူရာ၌ အပေါ်ယံ ပကာသနကို ပြောခြင်း မဟုတ်၊ တိုင်းပြည်၏ သိက္ခာ၊ တိုင်းပြည်၏ ပုံရိပ်ဖြစ်သည်။ ဤမျှ ကြီးကျယ်သော အလုပ်ကြီးကို လုပ်ပြခြင်းဖြင့် တောက်လျှောက် အထင်သေး ခံခဲ့ရခြင်းမှ လွတ်မြောက် နိုင်သည်။ ပြည်ပ အနီးအနား နိုင်ငံလေးများတွင် မြန်မာ အလုပ်သမားများ အနှိမ်ခံနေရသည်။ အထင်သေး ခံနေရသည်။ မြန်မာ ဆိုလျှင် အောက်ကျ နောက်ကျ တိုင်းပြည်ဟု သတ်မှတ် နေကြသည်။ ဤ အထင်အမြင်ဆိုးကို ချေဖျက်ရမည်။ မြန်မာဟူသည် ဤသို့ ဟူ၍ ပြနိုင်ရမည်။ အားကစားပြရုံနှင့် မလုံလောက်ဟု ဆိုလျှင် မှန်ပါသည်။ သို့သော် ဤပွဲသည် အားကစားပြရုံ မဟုတ်ချေ။ မြန်မာများ မည်မျှ သိက္ခာရှိကြောင်း၊ စည်းကမ်းရှိကြောင်း၊ အဆင့်အတန်း ရှိကြောင်းကိုပါ ပြနိုင်သော ပွဲဖြစ်၏။ အတိုဆုံး ပြောရလျှင် ဤပွဲသည် မြန်မာ့သိက္ခာကို ပြန်လည် ပင့်တင်ပေးသော ပွဲဖြစ်ရမည်။

“ဖွင့်ပွဲ” ကို မြင်ရသော မြန်မာလူငယ်များ မမြင်စဖူး အထူးအားရ သွားကြသည်။ တို့မြန်မာက ဒါမျိုးလုပ်တတ်ပါ လားဟု အံ့သြကြရ၏။ ဤ စိတ်ဓာတ်သည် ပေါ့ပေါ့တန်တန် မဟုတ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်ခင်ရကောင်းမှန်း သိသော စိတ်ဓာတ်ပင် ဖြစ်သည်။ ဤစိတ် အခြေခံလျက် ပွဲပေါင်းစုံကို အားပေးကြသည်။ ဘောလုံးပွဲကို အထူး အားပေးကြသည်။ မြန်မာ ပရိသတ်သည် မဆီမဆိုင် အင်္ဂလန်ပြည်၊ မန်ချက်စတာ အသင်းကိုပင် သူ့ဆွေမျိုးကဲ့သို့ ချစ်သူဖြစ်ရာ၊ ကိုယ့်နိုင်ငံ အသင်းကို ဆိုလျှင် အဘယ် ဆိုဖွယ်ရာ ရှိပါမည်နည်း။

ထိုသို့ သူတို့ ချစ်ခင်သော မြန်မာဘောလုံး အသင်း ကစားရာ ပွဲတိုင်းကို အကြိတ်အနယ် ငွေကုန် အချိန်ကုန်ခံပြီး အားပေးခဲ့ ကြရင်း ဒီဇင်ဘာ ၁၆ ရက်နေ့ ပွဲမှာကား၊ မမှန်ကန်သော နည်းများဟု ယူဆစရာ ရှိသော အဖြစ်ကြောင့် မြန်မာ ဘောလုံး အသင်း အုပ်စုမှ ထွက်ခဲ့ရ၏။ လူငယ်များကို မဆိုပါနှင့် ရပ်ကွက်ထဲက ကလေးအမေများပင် မကြေမချမ်း ဝမ်းနည်းကြရ၏။ ကစားသမားများရော၊ ပရိသတ်ရော၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌပါ မကျန်၊ မျက်ရည်ကျ ကြရ၏၊ ဘာမျက်ရည်နည်း။

ဒေါသမျက်ရည်များ ဖြစ်၏။

မကြေမချမ်း မျက်ရည်များ ဖြစ်၏။

ယူကြုံးမရ မျက်ရည်များဖြစ်၏။

ဘာမျှ မတတ်နိုင်တော့ပါလား … ဟူသော အသိတွင်၊ အကျႌကိုချွတ်၍ မီးရှို့သည် အထိ ပေါက်ကွဲကြတော့သည်။ မီးရှို့သည့် ကိစ္စကား ဥပဒေနှင့် မညီပေ။ ရဲအမှု ဖြစ်သွားသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေရှင်းကြရသည်။

သို့သော်… ဤကိစ္စက ပြီးမသွားသင့်ပေ။

ဘာ့ကြောင့် ဤသို့ ဖြစ်ရကြောင်း အဖြေရှာ ရမည်။

မတရားသော နည်းပြ၊ မမှန်ကန်သော ဒိုင်လူကြီး ဆိုပြီး ထိုသူများကို သတ်ပစ်သည့်တိုင်၊ အဖြေက “အရှုံး” ရပြီးသား ဖြစ်နေပြီ။

အဖြေမှာ သင်ခန်းစာယူဖို့ဖြစ်၏။

အလေ့အကျင့်၊ အခြေခံ နည်းခဲ့ရသော မြန်မာတို့သည် မိမိလူမျိုးကို အထင်မကြီး၊ အားမကိုး၊ တိုင်းတပါးသားကို အထင်ကြီး သည်၊ အားကိုးသည်၊ အခုတော့ မိမိအားကိုးသူက မိမိကို နင်းချေသွားခဲ့ပြီ။ ပက်လက်လန် လဲကျန်ခဲ့ပြီ။ သူများ အသင်းတွေကို ကြည့်လျှင်၊ နည်းပြအားလုံး သူတို့ လူမျိုး အချင်းချင်း ဖြစ်နေသည်ကို မြင်နိုင်သည်။ သူတို့က အဆက်မပြတ် အလေ့အကျင့် ရှိခဲ့ကြသည်ကိုး။ ဘောလုံးသမားကောင်း တယောက်ဖြစ်ဖို့ ဆိုသည်မှာ ၂ နှစ် ၃ နှစ် စခန်းသွင်း လေ့ကျင့်ရုံနှင့် မရနိုင်။ မွေးကတည်းက စိတ်ဓာတ်နှင့် ကာယ ပူးတွဲလေ့ကျင့်ခဲ့ရန် ဖြစ်လေသည်။ ကိုယ့်လူ တွေမှာက ရပ်ကွက်ထဲ၊ ကျောင်းဝင်းထဲမှာပင်၊ ဘောလုံးကွင်း မရှိ၊ သည်တော့ ပက်လက်လန် ရတာမဆန်း။

ပရိသတ်ကို ကြံဖန် ကျေးဇူးတင်ရ ပါဦးမည်။

ပွဲ တဝက်လောက် ကတည်းက “မမှန်ကန်” မှန်း သိလာရ သော်လည်း၊ ပွဲပြီးသည် အထိ မသောင်းကျန်း ခဲ့ကြပေ။ ပွဲပြီးမှ ဖြစ်ခြင်းက၊ ကိုယ့်ဇာတ်နှင့် ကိုယ့်အရပ်မို့ ရှင်း၍ ရသည်။ ပွဲပျက်အောင် မလုပ်ခဲ့ကြခြင်းသည် နိုင်ငံဂုဏ်ပင် ဖြစ်ပါ၏။

နှစ်ပေါင်းများစွာ စည်းပျက် ကမ်းပျက်နေခဲ့မိသော  အဖြစ်က ပွဲပျက်အောင် လုပ်မိသည် အထိ၊ အဆင်ခြင်ကင်းမဲ့အောင် မပို့ခဲ့ သဖြင့် ကျေးဇူးတင်ရပါသည်။ ကျောင်းမှာလည်း ပြည်သူ့နီတိ မသင်၊ ရပ်ထဲရွာထဲမှာလည်း အမြီးကျက် အမြီးစားတွေအကြား ကြီးပြင်း ကြရသော လူငယ်များသည်၊ မိမိတို့ဘာသာ လေ့လာမှုဖြင့် စည်းကမ်း နားလည်သူများ ဖြစ်လာခဲ့ကြရသည်။

လမ်းလျှောက်ရင်း ကွမ်းတံတွေး ပစ်ခနဲထွေးတတ်သော လူများ၊ မြင်းကျားမှ လမ်းဖြတ်ကူးရန် မလိုက်နာသော လူများ၊ ကား မရပ်ရ နေရာ၌ ကားရပ်သော လူများ၊ တွေ့ရာ နေရာ၌ အမှိုက်ပစ်သော လူများ၊ မိမိအိမ် အတွင်း စိတ်တိုင်းကျ အသံကျယ်အောင် စက်ဖွင့်သော လူများ၊ ရပ်ကွက်တွင်း အသံချဲ့စက်ဖြင့် ဈေးရောင်းသော လူများ၊ အော်လံ၊ ဆောင်းဘောက်စ်ဖြင့် အသံကျယ်ကျယ် ဖွင့်ပြီး အလှူခံသော လူများ၊ ရပ်ကွက်အကြား မိုက်ကရိုဖုန်း သုံးပြီး စာသင်သော လူများ၊ တရား ဟောပြောသူများ စသဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေသည့် စည်းပျက် ကမ်းပျက် လူတွေ တပြုံတမ ရှိနေသေးသည်။ ဒီမိုကရေစီကို တလွဲအဓိပ္ပာယ် ကောက်ပြီး ရမ်းကား ချင်သူများ ရှိနေသေးသည်။ ထိုလူများ တဦးချင်း စည်းကမ်း ရှိလာမှသာ နိုင်ငံသည် တကယ့်ဂုဏ်သိက္ခာကို ဆက်တင်နိုင်မည် ဖြစ်လေသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ စ၍ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်သော၊ ကိုယ့်လူမျိုးကို လေးစား ချစ်ခင်သော၊ စည်းကမ်း ဥပဒေကို တိတိကျကျ လိုက်နာတတ်သော၊ ယဉ်ကျေးပြီး ဂုဏ်သိက္ခာ မြင့်မားသည့် မြန်မာနိုင်ငံ မြန်မာလူမျိုးအဖြစ် မြန်မာနိုင်ငံသားတိုင်း စောင့်ထိန်းကြဖို့ တိုက်တွန်းလိုက်ရပါသည်။

Loading