ဦးသိန်းစိန် အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲမှု တချို့ ရှိလာခဲ့သလို မြန်မာ့ မီဒီယာ ကဏ္ဍမှာလည်း ပွင့်လင်းလွတ်လပ်မှုတွေ အရင်ထက်စာရင် အများကြီး ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ မီဒီယာ ပွင့်လင်း လွတ်လပ်မှုတွေ ထဲက တခုကို ကြည့်မယ်ဆိုရင် မီဒီယာ လုပ်ငန်းတွေထဲမှာ လူငယ် သတင်းထောက်တွေ ဝင်ရောက် လုပ်ကိုင်မှု များလာတာပါပဲ။ အဲဒီအထဲက သိသိသာသာ များပြား လာတာက အမျိုးသမီး သတင်းထောက်တွေ ဖြစ်ပါတယ်။
အမျိုးသမီး သတင်းထောက်တွေဟာ သတင်းရယူတဲ့ နေရာမှာရော၊ သတင်းဓာတ်ပုံ ရယူတဲ့ နေရာမှာပါ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်း လုပ်ကိုင် နေကြတယ် ဆိုပေမယ့် တကယ်တမ်း အမျိုးသမီးတွေမှာ လုပ်ငန်းခွင် အတွင်းမှာရော၊ လုပ်ငန်းတူသူ အချင်းချင်း အကြားနဲ့ သတင်းပေးသူတွေ အကြား ကျား၊ မ ခွဲခြားခံရမှုတွေ ရှိနေသေးတယ်လို့ AFP သတင်းဌာနရဲ့ ဌာနေကိုယ်စားလှယ် ဒေါ်လှလှဌေးက ဧရာဝတီကို ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီး ဖိုရမ် အခမ်းအနားမှာ မလှလှဌေးက မီဒီယာရဲ့ အခန်း ကဏ္ဍတခုကို ပါဝင် ဆွေးနွေးခွင့် ရသူတဦး အဖြစ် တက်ရောက်ခဲ့ပါတယ်။ လက်ရှိ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အခြေအနေ တခုမှာ အခုလို အမျိုးသမီး သတင်းထောက်တွေရဲ့ ကျား၊ မ တန်းတူအခွင့်အရေး ရရှိဖို့ အမျိုးသမီးတွေ အနေနဲ့ ဘယ်လိုကြိုးစားသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်လှလှဌေးကို ဧရာဝတီ သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ အမျိုးသမီး ဖိုရမ်ပွဲမှာ ဆွေးနွေးသူ တယောက်အနေနဲ့ ပါဝင်ခွင့် ရတဲ့အတွက် ဘာအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲ။
ဖြေ။ ။ ဒီပွဲတွေ လုပ်တာ အရမ်းကောင်းပါတယ်။ ကျမ အနေနဲ့ Speaker တယောက် အနေနဲ့ ပါဝင်ရပေမယ့် စင်ပေါ် မှာတော့ ထင်သလောက် မဆွေးနွေးခဲ့ရဘူး။ ဒါပေမယ့် တဘက်မှာ မဆွေးနွေးခင် အချင်းချင်း တွေ့ဆုံ မိတ်ဆက်ရတဲ့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေရော၊ ကမ္ဘာသိ နာမည်ရှိ လူတွေနဲ့ပါ ကျမတို့ တွေ့ခွင့် ရတာပေါ့။ တကယ်လို့ ကိုယ်က သူတို့နိုင်ငံကို ရောက်သွားရင်တောင် သူတို့ မအားရင် တွေ့ခွင့် မရနိုင်ဘူးလေ။ ဒီမှာကျတော့ အဲဒီလို တွေ့ဆုံရတယ် ဆိုတော့ ကိုယ့်ရဲ့အတွေ့အကြုံတွေကို ဖလှယ်လို့ ရတာပေါ့။ အဲဒါ တခုကတော့ တော်တော်လေး ကောင်းပါတယ်။
မေး။ ။ ကိုယ်တိုင်လည်း မီဒီယာလုပ်ငန်းမှာ အမျိုးသမီး သတင်းထောက် တယောက် ဖြစ်နေတယ် ဆိုတော့ ကျား၊ မ တန်းတူ အခွင့်အရေး ရရှိမှုနဲ့ ပတ်သက်ရင် မီဒီယာ လောကမှာ အမျိုးသမီးတွေ အခွင့်အရေး တန်းတူရှိတယ်လို့ မြင်ပါသလား။
ဖြေ။ ။ ပြောရမယ် ဆိုရင် လွန်ခဲ့တဲ့ သုံးနှစ် ကတော့ ကျမတို့ ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာမျိုးတော့ မရှိခဲ့ဘူး။ ကိုယ့် အတွက်ပဲ တကုတ်ကုတ် အလုပ်လုပ်ခဲ့ရတာ။ အခုဆို အမျိုးသမီး ဂျာနယ်လစ်တွေ ရာကျော်လောက် ဖြစ်လာပြီ။ ဒါကို ကြည့်ရင်ပဲ တော်တော် ဝမ်းသာစရာ ကောင်းနေပြီ။ အခု မီဒီယာတွေကနေ တဆင့် ကြားရတာတွေတော့ ရှိတယ်။ ဥပမာ အမျိုးသမီး သတင်းထောက်တွေ ခရီးသွားတဲ့ အခါမျိုးမှာ တမျိုး ဆက်ဆံခံရတာတွေ ရှိတယ်လို့ ပြန်ကြားရတယ်။ ဒါတွေ ကတော့ ရှိနေသေးတာပေါ့။ ဒါတွေကိုတော့ အမျိုးသမီးတွေ အနေနဲ့ ကျော်လွှားနိုင်မှာပါ။ အမျိုးသမီး သတင်းထောက်တွေလည်း အမျိုးသားတွေနည်းတူ အလုပ်လုပ်နိုင်တာ တွေ့ရတယ်။ ကျမတို့ အမျိုးသမီး သတင်းထောက်တွေ ဆက်လက် အားတင်းပြီးတော့ ကိုယ်လုပ်နိုင်တယ် ဆိုတာ ပြရမှာပေါ့။
မေး။ ။ အမျိုးသမီး တယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခွဲခြား ဆက်ဆံ ခံနေရပြီလို့ တွေ့ကြုံရပြီ ဆိုရင် ဘယ်လို လုပ်ဆောင်မှုတွေ လုပ်သင့်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အခွင့်အရေးမျိုးတွေ ရှိလဲဆိုတာ သိဖို့တော့ လိုတယ်။ ဥပမာ ကျမတို့ ဂျာနယ်လစ် တယောက် အနေနဲ့ဆို သတင်းကို ရယူပိုင်ခွင့် ရှိရမယ်။ သတင်းစာ ရှင်းလင်းပွဲ တခု သွားမယ်၊ ဝင်လို့မရဘူး၊ ဓာတ်ပုံရိုက်လို့ မရဘူး ဆိုရင်တော့ လုံး၀ အလျှော့ပေးလို့ မရဘူးပေါ့။ သူများ ရတယ်ဆိုရင် ကိုယ်က ဘာလို့ မရတာလဲ၊ ဘာ့ကြောင့်လဲပေါ့။ မီဒီယာ အချင်းချင်း ခွဲခြား ခံနေရတာကိုလည်း ပြောရမှာပဲ။ အဲဒီတော့ ကိုယ့်အခွင့်အရေး ဘာလဲ ဆိုတာတော့ သိဖို့ လိုတာပေါ့ နော်။
မေး။ ။ အမျိုးသမီး သတင်းထောက်တွေမှာ အစိုးရပိုင်း သတင်းပေးမှု စတဲ့ အမျိုးမျိုး သတင်းပေးမှုတွေမှာ ကျား၊ မ ခွဲခြားခံရပြီး သတင်းပေးတာတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီအပေါ် ပြောပေးပါဦး။
ဖြေ။ ။ အမျိုးသမီးတွေ အပေါ် ခွဲခြားဆက်ဆံမှုက အစိုးရဘက်ပိုင်း၊ အဖွဲ့အစည်းတွေ အပိုင်းကို မပြောသေးဘူး။ ကိုယ့် မီဒီယာ အချင်းချင်းမှာကို သူက မိန်းကလေးမို့လို့ ဒီသတင်း ရတာမျိုး၊ အမျိုးသမီးဖြစ်နေလို့ သတင်းပေးတယ် ဆိုတာမျိုးတွေ ပြောကြတယ်။ ကျမတို့က သတင်းလိုက်ပြီ ဆိုကတည်းက ကိုယ်ဘာလိုချင်လဲ ဆိုတာ သိလို့ ကိုယ်ရအောင် ကြိုးစားရတယ်။ ဒါကလည်း ကြိုးစားမှုရဲ့ ရလဒ်ဆိုတာ လက်ခံရမယ်။ ဒီလိုတွေကလည်း အချင်းချင်းကြား ခွဲခြား ဆက်ဆံခံနေရတာတွေ ရှိတယ်။ ဒါတွေကလည်း အချိန်နဲ့ အညီ ပြောင်းလဲသွားမှာပါ။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပဲ လိုတာ။ ကိုယ့်အလုပ် ကိုယ်လုပ်ရင် အစိုးရကလည်း ခွဲခြားဆက်ဆံလို့ မရသလို၊ အမျိုးသား သတင်းထောက်တွေ ကလည်း ခွဲခြား ဆက်ဆံတော့မှာ မဟုတ်ဘူး။
မေး။ ။ မြန်မာနိုင်ငံမှာ ကိုးကွယ် ယုံကြည်မှုက ဗုဒ္ဓဘာသာ များနေတော့ အမျိုးသား၊ အမျိုးသမီး တန်းတူ တောင်းဆိုနေတဲ့ အချက်တွေအရ ယဉ်ကျေးမှုပိုင်းမှာ ဘာကွာခြားချက်တွေ ရှိနိုင်မလဲ။
ဖြေ။ ။ ဒါကတော့ ယဉ်ကျေးမှုပိုင်း၊ ဘာသာရေး ပိုင်းတော့ ဆိုင်တယ်။ ဒါပေမယ့် တချို့ဟာတွေ ကျတော့ ကျမတို့က ကျော်လို့ မရဘူး။ ဘာလို့လဲဆိုရင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေက ဘုန်းကြီး အရှေ့မှာ မတော်တလျော် ထိုင်လို့ မရတာတော့ ရှိမယ်။ တချို့ဘုရားတွေ၊ နေရာတွေမှာ ကန့်သတ်တာတွေတော့ ရှိမယ်။ ကျမတို့လည်း ဒီနိုင်ငံမှာ နေတဲ့ သူတွေ ဆိုတော့ ဒါတွေကို လေးစား လိုက်နာရမယ်။ ဒါတွေကိုတော့ သွားတောင်းဆိုလို့ မရဘူး။ တချို့ လုပ်ငန်းခွင်တွေ မှာတော့ အမျိုးသား၊ အမျိုးသမီး ခွဲခြားရင်တော့ ကျမတို့က ကွန်ပလိန်း တက်ရမယ်၊ ပြောရမယ်။
မေး။ ။ အခုဆိုရင် လွှတ်တော်ထဲမှာ ကြည့်ရင် အမျိုးသမီး ပါဝင်မှုက နည်းနေသေးတာ တွေ့ရတယ်။ ဒါက အမျိုးသမီး တွေရဲ့ အခန်းကဏ္ဍ နည်းနေသေးတယ်လို့ ပြောနိုင်မလား။
ဖြေ။ ။ နိုင်ငံရေး လောကထဲမှာ အမျိုးသမီး ပါဝင်မှုက အစကတည်းက မနည်းခဲ့ဘူး။ အခုဆိုရင် နိုင်ငံရေး လောကထဲမှာ အမျိုးသမီး ပါဝင်မှုက များလာသလို၊ စီးပွားရေး လောကထဲမှာလည်း အမျိုးသမီး ပါဝင်မှုက တော်တော် များပါတယ်။ လူမှုရေး လှုပ်ရှားသူ အမျိုးသမီး တွေလည်း အများကြီး ရှိတယ်။ ဒါကြောင့် ရှေ့လျှောက်လည်း အစိုးရ အဖွဲ့မှာရော၊ လွှတ်တော်ထဲမှာပါ အမျိုးသမီး ပါဝင်မှုတွေ ပိုများ လာမယ်လို့ ကျမ ထင်တယ်။