ဝန်ကြီးဌာန အရုံှုးပေါ်မှုများနဲ့ ဌာနတွင်း အကျင့်ပျက် ခြစားမှုများ

ကိုဦး (အောင်ပင်လယ်)

This article has been converted from Zawgyi One to Unicode

အရှုံးပေါ်တယ်ဆိုတဲ့ အစိုးရဌာနတွေရဲ့ အရှုံးကို ကာမိဖို့ ပြည်သူတွေဆီက အခွန်တိုးကောက်မယ့်အစား သက်ဆိုင်ရာ ဌာနတွေရဲ့ အောက်ခြေ အတွင်းပိုင်းက ခြစားယိုစိမ့်မှုတွေကို အရင်ဆုံး အဖြေရှာ သုံးသပ်ဖို့ ရေးသားထားတာကို နိုဝင်ဘာလအတွင်းက ထုတ်တဲ့ ကုမုဒြာဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။

တဆက်တည်းမှာပဲ ဥပမာအဖြစ် ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်များပေါ် မူတည်ပြီး က.ပ.ရ လို့ ခေါ်တဲ့ ကုန်လမ်း ပို့ဆောင်ရေး ဌာနနဲ့ ပတ်သက်လို့ စဉ်းစားမိသွားပါတယ်။ မြန်မာပြည်အလယ်ပိုင်း မြို့တမြို့က က.ပ.ရ ဝန်ထမ်းဟောင်းတဦး အဆိုအရကတော့ က.ပ.ရ ဟာ အရှုံးပေါ်တယ် ဆိုပြီး ဝန်ထမ်း (ယာဉ်မောင်း) တွေဆီက စံနှုန်းတွေ တိုးကောက်ပြီး ဒီဇယ်ဆီများကို ပီပါတွေနဲ့ တမျိုး၊ (ဘောက်ဆာ) ဆီသယ်ယာဉ် အစီးလိုက်နဲ့ တဖုံ စီးပွားရေး သမားများနဲ့ အင်းတကော် ဆီဆိုင်တွေဆီ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်တိုင်း ထုတ်ယူ ပို့ဆောင် ရောင်းချနေတာ၊ ယိုယွင်းလာနေတာ ယနေ့ထိဖြစ်ကြောင်း၊ ဒါတွေကိုတော့ လုံး၀ မဖော်ထုတ်ကြကြောင်း၊ ယာဉ်မောင်းတွေ၊ လိုင်းထွက်ယာဉ်တွေ ဆီကနေ မြင့်မားတဲ့ စံနှုန်းတွေ၊ မပြည့်ဝတဲ့ ဆီဂါလံတွေနဲ့ပဲ ခုနှိမ်ခံခဲ့ရကြောင်း သိရပါတယ်။

တချို့ယာဉ်ပိုင်တွေ ယာဉ်မောင်းတွေဆိုရင် သတ်မှတ်ထားသည့် ငွေကြေးစံနှုန်း မသွင်းနိုင်လို့ သူတို့ရဲ့ လစာငွေတောင် ထုတ်ယူခွင့် မရှိကြရပါဘူး။  တချို့ ယာဉ်မောင်းတွေဆို နှစ် ၂၀ ကျော် လုပ်သက်ရှိပြီး ဌာနမှ ထုတ်ပယ် ခံရတာတွေလည်း ရှိခဲ့ကြပါတယ်။ ထုတ်ပယ်ခံ ဝန်ထမ်း တချို့နဲ့ မိမိဆန္ဒနှင့် ထွက်ရှိခဲ့တဲ့ ဝန်ထမ်းတချို့ကို မေးမြန်းကြည့်တော့ သူတို့တွေရဲ့ ယာဉ်တွေကို ပြေးဆွဲနိုင်အောင် ဌာနရဲ့ ထောက်ပံ့မှု မလုံလောက်တာ၊ မရရှိတာတွေကြောင့် မိမိ အစီအစဉ်နဲ့ အသိမိတ်ဆွေ၊ ငွေကြေး ချေးငှားသူ များထံမှ အတိုးနှုန်း အမျိုးမျိုးနဲ့ ချေးယူပြီး စိုက်ထုတ် ပြင်ဆင်ကြ ရကြောင်း၊ ထိုယာဉ် ထွက်ရှိ ပြေးဆွဲတဲ့ အခါမှာ ထိုဌာန တာဝန်ခံ အင်ဂျင်နီယာမှ ထိုယာဉ်တို့၏ ပြင်ဆင်စရိတ် ငွေများကို ထုတ်ယူပြီး အထက် အဆင့်ဆင့်နှင့် ခွဲဝေယူလေ့ ရှိကြောင်း၊ ချေးငှား၊ စိုက်ထုတ်၊ ပြင်ဆင်မောင်းနှင် ကြရတဲ့ ယာဉ်ပိုင်၊ ယာဉ်မောင်းတို့မှာ ပြေလည်တဲ့ ခရီးစဉ် ရှိသလို မပြေလည်တဲ့ ခရီးစဉ်တို့ ပြေးဆွဲဖန် များတဲ့အခါ အကြွေးနဲ့ လုံးချာလိုက်ပြီး နောက်ဆုံး ယာဉ်ကိုလည်း ထပ်မံ မပြင်ဆင်၊ မစိုက်ထုတ်နိုင်တော့ဘဲ ယာဉ်ကို လက်လွှတ် ဆုံးရှုံးခံရပြီး ဌာနကို ကျောခိုင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကုန်းလမ်း ပို့ဆောင်ရေးရဲ့ ဌာနခွဲ အသီးသီးမှာ လာဘ်ပေး လာဘ်ယူမှုတွေ သာမက ဌာနပိုင်၊ ပြည်သူပိုင် ပစ္စည်းတွေကို တရားမဝင် နည်းလမ်းတွေနဲ့ ခိုးထုတ်နေတာ တချို့ဟာ ယနေ့အထိ ရှိနေဆဲပါပဲ လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ရထားဝန်ကြီး ဌာနအောက် ရောက်ရှိစဉ် ကာလ အစောပိုင်း တုန်းက က.ပ.ရ မှ ကုန်ကား အများစုဟာ ကုန်စည်တင်တဲ့ ဘော်ဒီဖရိမ်တွေကို ပြုပြင် ပုံစံပြောင်းပြီး ရထားသံလမ်းများ တင်တဲ့ ဖရိမ်တွေအဖြစ် ပြောင်းပြီး ရထားလမ်းသစ် စီမံကိန်းရှိရာ ဒေသ အသီးသီးကို တာဝန်ပေး ခိုင်းစေခြင်း ခံခဲ့ရပါတယ်။ ထိုစီမံကိန်းများ ရှိရာ အရပ်ဒေသဟာ မြေမျက်နှာပြင် ပုံသဏ္ဍာန် အမျိုးစုံလှတာမို့ ထိခိုက်၊ သေကြေ၊ ပျက်စီးရတာတွေ ရှိခဲ့ပေမယ့်လည်း ထို သေဆုံးသူ၊ နစ်နာသူ ဝန်ထမ်းများကို ဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မည်သို့မျှ ပံ့ပိုးမှု၊ ထောက်ပံ့ကူညီမှုတွေ မရရှိ ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

“ရထားလမ်းသစ် ဖွင့်ပွဲတွေမှာ မြန်မာ့မီးရထားက ဝန်ထမ်းများနဲ့ ရထားဝန်ကြီး ဌာနမှ အရာရှိကြီး များမှာ သစ်လွင်တဲ့ ဝတ်စုံတွေနဲ့ တက်ကြွ ပြုံးရွှင်စွာ ကျင်းပနိုင်ခဲ့ ကြပါတယ်။ သူတို့ရဲ့ နောက်ကွယ်မှ က.ပ.ရ ရဲ့ အောက်ခြေ ဝန်ထမ်း များမှာတော့ အလဲလဲ အပြိုပြိုဘဝများနဲ့ နစ်နာ ဆုံးရှုံးမှုများစွာ ရှိနေခဲ့တာကို မည်သူကမှ မသိရှိခဲ့ကြဘူး” လို့
က.ပ.ရ ရဲ့ ကုန်စည် ပို့ဆောင်ရေး ဌာနခွဲမှ ဝန်ထမ်းတဦးက ဆိုပါတယ်။

ကုန်းလမ်း ပို့ဆောင်ရေး ဌာနရဲ့ ယာဉ်များဟာ တခေတ်သော အခါက “ဒဂုံ-မန်း”ဆိုပြီး အောင်မြင်ကျော်ကြားခဲ့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အမီတာ့ မလိုက်နိုင်တော့ပါ။ ဒီလို ဆုတ်ယုတ်နေတဲ့ အခြေအနေမျိုးမှာ ကုန်းလမ်း ပို့ဆောင်ရေးရဲ့ ဌာနခွဲ အသီးသီး၊ ကဏ္ဍအသီးသီးမှာ “မိုးကျရွှေကိုယ်” တွေ ဝင်ရောက် နေရာယူလာ ကြပါတော့တယ်။ ထိုသူများဟာ တိုက်ခိုက်ရေးဘက်မှ အသွင်ပြောင်းလာသူများလာခဲ့ကြသူများ ပီပီ စစ်တပ်အုပ်ချုပ်ပုံ နဲ့ အုပ်ချုပ် စီမံလှုပ်ရှားပြီး သူတို့တွေက “နိုင်ငံအတွက်အလုပ်လုပ်ခဲ့ ပြီးပြီ၊ အခု အလုပ်က သူတို့အတွက်” လို့ ကြွေးကြော်ပြီး လှုပ်ရှားကြတာဟာ အခုမြင်တွေ့ရတဲ့အတိုင်း ကုန်းလမ်း ပို့ဆောင်ရေး ဌာနဆိုတာ အခွံကြီးပဲလို့ ပြောရပါတော့မယ်။

ဝန်ကြီးဌာန အနေနဲ့ အရှုံး ရှိလာတဲ့ ဌာနကို လုံး၀ ဖေးမပံ့ပိုးမှု မရှိတော့တာ တွေ့နိုင်ပါတယ်။ ခေတ်စနစ်နဲ့ အညီ ခေတ်ပေါ် အမြန်လမ်းပေါ်မှာ မောင်းနှင် ပြေးဆွဲနိုင်တဲ့ယာဉ် ကုန်းလမ်း ပို့ဆောင်ရေးဌာနမှာ ယခုထက်တိုင် မရှိသေးပါ။ ယခုတိုင် ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးမှုတွေဟာ ယခင် အစိုးရ လက်ထက်က ဆုံးရှုံးခဲ့တာမျိုးလား၊ ဘယ်လို အခြေအနေတွေကြောင့် အရှုံးပေါ် နေရတာလဲ ဆိုတာကို စီစစ်ပြီးမှ ရလာတဲ့ အဖြေတွေကနေ ဖြေရှင်းဖို့ နည်းလမ်းကို ရှာပြီး မှန်ကန်တဲ့ နည်းစနစ်နဲ့ ဖြေရှင်းဖို့ လိုပါတယ်။ ဌာနက အရှုံးပေါ်တိုင်း လိုင်းထွက် ယာဉ်တွေဆီကပဲ ငွေကြေးစံနှုန်း သတ်မှတ်မှုကို တိုးမြှင့် ပါတယ်။ အဲဒီလို မကြာခဏ တိုးမြှင့်တောင်းခံနေတာ ကြာပါပြီ။ ဒီလို မကြာခဏ တိုးမြှင့်သတ်မှတ် နေတာကရော ဥပဒေချိုးဖောက်ရာ မဟုတ်ဘူးလားလို့ ဝန်ထမ်းဟောင်းတွေက ပြောကြပါတယ်။
ဌာနတွင်း လူကြီးတွေက ဝင်ငွေရတဲ့ နေရာတွေမှာလည်း စာရင်းအမှန် တွေကိုသာ ပြဖို့ အရေးကြီး ပါတယ်။

ဝန်ကြီးဌာန အနေနဲ့ ကြုံတွေ့နေရတဲ့ အရှုံးတွေကို လေ့လာဆန်းစစ်ပြီး ရရှိလာတဲ့ အဖြေကို သက်ဆိုင်ရာ ဌာနသို့ ပြန်လည် တင်ပြသင့်ပါတယ်။ ဝန်ထမ်းများနှင့် ပြည်သူတွေ ကိုလည်း ချပြပြီး ပွင့်လင်းမြင်သာစွာ အတည်ပြုပေး စေလိုပါတယ်။ ထိုသို့ ဆောင်ရွက်ရာမှာလည်း ဝန်ကြီးဌာနရဲ့ အရှုံးတွေကိုသာ ချပြတာမျိုး မဟုတ်ဘဲ ဝင်ငွေရရှိတဲ့ နေရာတွေရဲ့ စာရင်းအမှန်ကို ချပြဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်က အကျင့်ပျက်ခြစား အလုပ်တွေ မလုပ်ခဲ့ရင်တောင် ဒါတွေကို အရေး မယူခဲ့ရင် ခြစားတဲ့ အဖွဲ့ထဲမှာ ကိုယ်ပါတာနဲ့ အတူတူလို့ မှတ်ယူကြရမှာပါ။ ပျက်ကွက်မှု လျစ်လျူရှုမှု ပြုခဲ့ တာတွေကလည်း ပူးပေါင်းသလို ဖြစ်နေတယ်လို့  သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ အစိုးရယန္တရားအတွင်း အဂတိတရား ကင်းရှင်းရေး၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော ၉ ဦးပါ “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ကို ၂၀၁၃ ခုနှစ် အစောပိုင်းက ဖွဲ့စည်းခဲ့ပါသေးတယ်။ ဒါပေမယ့် ထူးခြားထိရောက်တဲ့ အရေးယူမှုများရှိတယ်ဆိုတာ သတင်းအချက်အလက်များ သိပ်မသိရပါဘူး။

တာဝန်ရှိသူ အရာရှိတွေက ခြစားမှုမှာ မပါဝင်ပေမယ့် မိမိလက်အောက်က လူတွေ လုပ်နေတာကို သိရှိလျက်နှင့် မသိ သလိုနေတာ၊ အရေးယူဆောင်ရွက်မှု မလုပ်တာများဟာ နိုင်ငံနှင့် ပြည်သူ အပေါ် တာဝန်မဲ့ခြင်း ပါပဲ။ အဲဒီလိုပဲ သိရှိအောင်၊ မြင်သာအောင်၊ တင်ပြတိုင်ကြားတဲ့ ဝန်ထမ်းကို ဌာနမှ ထုတ်ပယ်တဲ့အထိ အရေးယူ ခြင်းဟာလည်း “အာဏာ အလွဲသုံးစား ပြုခြင်းထဲမှာ အကျုံးဝင်နေတယ်” လို့ ထုတ်ပယ်ခံ ဝန်ထမ်းတို့က ပြောဆိုကြပါတယ်။ လက်ရှိ အစိုးရ ဝန်ကြီးဌာနများရဲ့ အရှုံးတွေဟာ ပြည်သူကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာမျိုး မဖြစ်သင့်ပါ။

Loading