ဒီမိုကရေစီ နိုင်ငံတည်ဆောက်နေပြီဟု တွင်တွင်ပြောနေကြသော်ငြား မြန်မာ့နိုင်ငံရေးတွင် စစ်ဝတ်စုံ ဝတ်များနှင့် ယူနီဖောင်းလဲသူများသာ ဆက်လက် ကြီးစိုးနေဆဲဖြစ်သည်။
စစ်တပ်ခေါင်းဆောင်များသည် မိမိတို့ ပိုင်နိုင်ကျွမ်းကျင်ခြင်း မရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် နှစ်ပေါင်းများစွာကြာ မူဝါဒရေးဆွဲ ဦးဆောင် စီမံနေခဲ့သဖြင့် တိုင်းပြည်အဘက်ဘက်က ဆင်းရဲ နိမ့်ပါးသွားခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဧရာဝတီ ဝက်ဘ်ဆိုဒ်တွင် “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်းအဖြစ် တပ်တွင်း ရေပန်းစား” ဟူ၍ သတင်းတပုဒ် ရေးသားခဲ့သည်။ သတင်း၏ အချုပ်မှာ ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ တွင် တပ်မတော်မှ အသက် ၆၀ ပြည့် အငြိမ်းစား ယူရမည့် ယခုလက်ရှိ ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ် တင်မြှောက်မည့် ဒုတိယ သမ္မတဖြစ်လာပြီးလျှင် သမ္မတ ဖြစ်လာနိုင်ခြေရှိကြောင်း ဖြစ်သည်။ ထိုသတင်းမှာ လွှတ်တော်တွင် တက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်း၏ ပြောဆိုချက်ကို ကိုးကားပြီး သတင်းရေးခဲ့ခြင်း ဖြစ်သည်။
ဤသို့ဆိုရင် ၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန်ကို ဆက်ခံမည့်သူက သမ္မတ ဦးမင်းအောင်လှိုင် ဖြစ်လာမည်လားဟု မေးခွန်းထုတ်ရပေမည်။
ထူးခြားသည်မှာ ကာချုပ်သည် မကြာသေးခင်က သူကိုယ်တိုင် ပြောကြားခဲ့သော မိန့်ခွန်းများတွင် ဒီမိုကရေစီဆိုသော စကားလုံးများ၊ ပြုပြင်ပြောင်းလဲရေး ဆိုသော အများကြိုက် စကားလုံးများကို ထည့်သွင်းပြောကြားလာခြင်းပင် ဖြစ်သည်။
ထို့ကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက သူ့ကို ပို၍ စောင့်ကြည့် လေ့လာနေခဲ့သည်။ ရန်ကုန် အခြေစိုက် အနောက်တိုင်း သံတမန်လောကတွင်မူ ကချင်ပဋိပက္ခတွင် တပ်မတော်မှ အကျအဆုံး များပြီး နောက်ပိုင်း ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်မှ အရပ်ဖက်သို့ ရွှေ့နိုင်သည်ဟူသော ကောလာဟလများ ပြောဆိုနေကြသည်။
ကာချုပ်၏ တာဝန်မှာ မြန်မာ့တပ်မတော်ကို ဦးစီးပြီး ပြည်ပမှ ရန်စ ကျူးကျော်မှုမှ ကာကွယ်ရန်၊ တိုင်းပြည်၏ အချုပ်အခြာနှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန်သာ ဖြစ်သည်။
သို့သော် လောလောဆယ် အရေးအကြီးဆုံး တာဝန်မှာ တပ်မတော်ကို ပြည်သူချစ်သော တပ်မတော် ဖြစ်လာစေရန်၊ Professional တပ်မတော် တခုဖြစ်လာစေရန်သာ ဖြစ်သည်။
သမိုင်းအစဉ်အလာ ရှိခဲ့သော တပ်မတော်သည် နယ်ချဲ့စနစ်နှင့် ဖက်ဆစ်ဝါဒကို တော်လှန်ဆန့်ကျင် တိုက်ခိုက်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲတွင် အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့သည်။ ထို့နောက် ပြည်ပ ကျူးကျော် ရန်စမှုများကို အသက်သွေးချွေးရင်း၍ တွန်းလှန်ကာကွယ်ပေးခဲ့သည်။ ဝမ်းနည်းဖို့ ကောင်းသည်မှာ နောက်ပိုင်းတွင် တပ်မတော်ကို အာဏာရှင်တစုက လက်ကိုင်တုတ် တပ်အဖြစ် အသုံးချပြီး ရဟန်းရှင်လူ ကျောင်းသား၊ ကျောင်းသူများကို သတ်ဖြတ်ခဲ့ရသော တပ်၊ တိုင်းရင်းသား များအပေါ် ရက်စက်စွာ ဖိနှိပ်သောတပ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သောတပ်အဖြစ် ကမ္ဘာက ရွံမုန်းခဲ့ကြရသည်မှာ မနေ့တနေ့က အထိဟု ဆိုရမည်။
ယခင်က ကာချုပ်လုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းသည် အာဏာသိမ်းပြီး တိုင်းပြည်ကို ၂၆ နှစ်အကြာ အုပ်စိုးခဲ့သည်။ ၁၉၈၈ တွင် ကာကွယ်ရေး ဦးစီးချုပ်များကို အာဏာသိမ်းခိုင်းခဲ့သည့် အစဉ် အလာများ ရှိခဲ့သည်။ ထို အာဏာသိမ်းခဲ့ သူများကလည်း နိုင်ငံတော် အကြီးအကဲများဟု မိမိကိုယ်မိမိ အမည်တပ်ကာ တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော်အကြာ အုပ်စိုးခဲ့ပြီး တိုင်းပြည်လည်း ပျက်ခဲ့ပါသည်။
ထို့အပြင် အာဏာရှင် စစ်အစိုးရ လက်ထက်တွင် တပ်မတော် ခေါင်းဆောင်များက စီးပွားရေး ဦးပိုင် လီမိတက် တည်ထောင်ကာ စီးပွားရေးကို လက်ဝါးကြီး အုပ်ခဲ့သည်။ ယနေ့ တိုင်းပြည်တွင် ချမ်းသာ ကြွယ်ဝနေသူ အများစုမှာ တပ်မတော် အရာရှိကြီး အဟောင်း၊ အသစ်များသာ ဖြစ်သည်။ (အရာရှိ ကြီးများက ချမ်းသာကြွယ်၀ နေသော်လည်း အောက်ခြေ ရဲဘော်များကား ဆင်းရဲတွင်းမှ မထွက်နိုင် သည့်အပြင် ပြည်တွင်းစစ်တွင်လည်း ရှေ့ဆုံးက အသက်ပေးရသူများ ဖြစ်သည်။)
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဓိက ဦးစားပေး လုပ်ရမည့်မှာ နာမည်ပျက်နေသည့် မြန်မာ့ တပ်မတော်ကို နာမည်တက်အောင်၊ ပြည်သူချစ်သည့် ပြည်သူ့ တပ်မတော်ဖြစ်အောင် အသွင်ပြောင်းလဲရေးပင် ဖြစ်သည်။
ထို့အပြင် အင်အားကြီး ၂ နိုင်ငံကြားတွင် ရပ်တည်နေရသော မြန်မာနိုင်ငံတွင် တပ်မတော် အနေဖြင့် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းတို့ကို စိုးမိုး ကာကွယ်ထားနိုင်ရုံသာမက “တရား အားထုတ်” သို့မဟုတ် တရုတ် အားထားရသည့် တရုတ် သြဇာခံ တပ်မတော်ဟု လှောင်ပြောင် ခေါ်ဝေါ်ခံရသည့် အရေးမှ ကင်းဝေးစေရန်အတွက် အာဆီယံ တပ်မတော်များအပြင် အာရှပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာရှိ တပ်မတော်များနှင့် တက်ကြွစွာ ပိုမိုပူးပေါင်း ဆောင်ရွက်သင့်သည်။ တပ်မတော်သည် ပြည်ပမှ ရန်စ ကျူးကျော်မှုနှင့် အကဲဆတ်သော နယ်စပ်ဒေသများကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ များစွာ လေ့ကျင့် ရဦးမည် ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်းကစပြီး ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ သွားရောက်ခဲ့သည်ကို တွေ့ရသည်။ ကာချုပ်၏ အနောက်နိုင်ငံ ခရီးစဉ်များကိုမူ ယခု အချိန်အထိ မစနိုင်သေးပေ။ မကြာခင် မြန်မာစစ်အရာရှိများကို စစ်သင်တန်း ပေးတော့မည့် ဗြိတိန်က ဖိတ်ကြားထားသည် ဆိုသော်လည်း သွားရောက်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
ဤအခြေအနေများ အတွင်းမှာပင် လူထုကြားထဲနှင့် မီဒီယာများထဲတွင် ရံဖန်ရံခါသာ တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပတ်သက်၍ ၂၀၁၅ အလွန်ကိစ္စများကို ခန့်မှန်းချိတ်ဆက် ရေးသား နေရခြင်း ဖြစ်သည်။ အကယ်၍ ယူနီဖောင်းပြောင်းဝတ်ပြီး “မိုးကျ ရွှေကိုယ်” သမ္မတ လုပ်မည်ဆိုလျှင် အစဉ်အလာ ဖြစ်သွားနိုင်သည်။ ကာချုပ်လုပ်လျှင် သမ္မတ ဖြစ်သည်ဟူသော ထုံးစံသည် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးတွင် မဖြစ်သင့်ပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တပ်မတော်၏ စွမ်းဆောင်ရည် မြှင့်တင်ပေးသွားခြင်း၊ အများ လေးစားလက်ခံသည့် တပ်မတော် ဖြစ်အောင် လုပ်ဆောင်ပေးခြင်းဖြင့် အငြိမ်းစားယူခြင်းက တိုင်းပြည် အတွက် အကောင်းဆုံး ဖြစ်သည်ဟု ယုံကြည်မိပါသည်။ မြန်မာ့တပ်မတော်ကို ပြည်တွင်းမှာရော ပြည်ပတွင်ပါ လေးစားလက်ခံသော၊ နိုင်ငံရေးနှင့် ကင်းရှင်းသော တပ်မတော်အဖြစ် တည်ဆောက်ရေး၊ မြန်မာ့ ရေပြင်၊ မြေပြင်၊ ဝေဟင် ပိုက်နက်များကို ကာကွယ် စောင့်ရှောင့်ရေးတို့က အရေးကြီးပါသည်။ ထိုတာဝန်များသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုခုံးပေါ်မှ ကြယ်ပွင့်များထက်ပင် လေးလံလှ သော တာဝန်များ ဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါသည်။