မသိစိတ်က နှိမ်မိသလား

အေးချမ်းမြေ့

This article has been converted from Zawgyi One to Unicode

၂၇ ကြိမ်မြောက် ဆီးဂိမ်းပိတ်ပွဲတုန်းက သတိထားလိုက်မိတာ လေးပါ။ အားကစား ဝန်ကြီးက ပိတ်ပွဲ နှုတ်ခွန်းဆက် စကား ပြောရင်း မကြာခင်မှာလည်း ၇ ကြိမ်မြောက် မသန်စွမ်း အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပမယ့်အကြောင်း ထည့်ပြော သွားခဲ့ပါတယ်။ ဒါပေမယ့် သတိထားလိုက် မိတာကတော့ ဝန်ကြီးက “မသန်မစွမ်း” ဆိုပြီး သုံးနှုန်းသွားပါတယ်။ သူ့စကားရဲ့ နေရာ ၃ နေရာလောက်မှာ “မသန်မစွမ်း” ဆိုပြီး သုံးသွားတာ ကြားလိုက်ရတော့ လူက တော်တော်လေး မအီမလည် ဖြစ်သွားမိပါတယ်။

“မသန်စွမ်း” နဲ့ “မသန်မစွမ်း” ဆိုတာ အဓိပ္ပာယ် တော်တော်ကို ကွာခြားတာ ဝန်ကြီး မသိလို့လား၊ ဒါမှမဟုတ် သတိ လက်လွတ်ပဲ ဖြစ်သွားသလား မပြောတတ်ပါ။ ကျမကတော့ ဝန်ကြီးအနေနဲ့ ရည်ရွယ်ချက်နဲ့ တမင်ပြောတာ မဟုတ်ဘူး၊ သတိလက်လွတ် ဖြစ်သွားတာလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒါဟာ မမှားသင့်တဲ့ အမှားဖြစ်ပါတယ်။ အရင်က အဲဒီလိုပဲ ပြောဖူးလို့ အကျင့်ပါတတ်ရင်တောင် နိုင်ငံတကာက လူပေါင်းသိန်းသန်းချီ ကြည့်ရှုနေတဲ့ အခမ်းအနားပွဲကြီးမှာ ဒီအမှားက လုံးဝ မဖြစ်သင့်တဲ့ အမှားလို့ ဆိုချင်ပါတယ်။

မကြာသေးခင်က ရန်ကုန် ဂျန်းရှင်းစကွဲ ရှေ့မှာ နိုင်ငံကျော် လူရွှင်တော် ဇာဂနာတို့ ဦးဆောင်ကျင်းပသွားတဲ့ မသန်စွမ်းသူများ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲတုန်းကလည်း စင်ပေါ်တက်ရတဲ့ သူတချို့က မသန်စွမ်းကို မသန်မစွမ်းလို့ မှားယွင်း ပြောဆို သွားတာ တွေ့ခဲ့ရပါတယ်။

တကယ်က ကျင်းပတော့မယ့် အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် သူတွေက မသန်သော်လည်း စွမ်းတဲ့သူတွေ ဖြစ်ပါတယ်။ မသန်စွမ်းလို့ပဲ ခေါ်ဝေါ်ရမှာ ဖြစ်ပါတယ်။ ဘဝပေး အခြေအနေ အမျိုးမျိုးကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း တခုခု ချို့ယွင်းနေတဲ့ သူတွေကို “မသန်မစွမ်း” လို့ (သတိလက်လွတ်ပဲ ဖြစ်ဖြစ်) ခေါ်ဝေါ်တာ၊ တမင်တကာ နောက်ပြောင်တာဟာ လူသားခြင်း စာနာစိတ် ကင်းမဲ့ရာရောက်တယ်လို့ ပြောပါရစေ။

နောက်တဆက်တည်း စဉ်းစားမိတာ တခုကတော့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွေရဲ့ ဖွင့်ပွဲ ပိတ်ပွဲ အပါအဝင် အားကစားပွဲ ပေါင်းများစွာကို ပြည်တွင်းနဲ့ နိုင်ငံတကာ စပွန်ဆာများစွာရဲ့ ထောက်ပံ့မှုတွေနဲ့ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ပေမယ့် ဒီနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ စတင်ကျင်းပမယ့် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွေ အတွက်ကတော့ ဘယ်သူမှ စိတ်ဝင်တစား ပြောဆိုကြတာ၊ ချီးမြှောက်မှုပေးတာ တော်တော် အားနည်းနေတာ တွေ့ရပါတယ်။ အစိုးရကလည်း တာဝန်ကျေရုံ လောက်သာ ကြော်ငြာပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက အဲဒီအားကစား ပြိုင်ပွဲအတွက် နိုင်ငံတကာက စပွန်ဆာတွေသာ ရှိပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စပွန်ဆာတွေ ရှိတယ်လို့ မကြားမိဘူး ဆိုတဲ့အကြောင်း မသန်စွမ်း အားကစားပြိုင်ပွဲ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဖွင့်ပွဲ ကျင်းပမယ့် ဒီနေ့မှာတောင် နေပြည်တော်မှာ ရှင်းလင်းနေတာပဲ လို့ နေပြည်တော်ရောက်နေတဲ့ ဧရာဝတီ သတင်းထောက်က အကြောင်းကြားလာပါတယ်။

၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲကြီး အင်္ဂလန်နိုင်ငံမှာ ကျင်းပပြီးခါစက အဲဒီနိုင်ငံကို ကျမ ခဏတဖြုတ် အလည်အပတ် ရောက်ခဲ့ ပါတယ်။ အဲဒီမှာ အိုလံပစ် ပြိုင်ပွဲကြီး အပြီး ထပ်မံကျင်းပမယ့် မသန်စွမ်း အိုလံပစ် အားကစား ပြိုင်ပွဲအတွက် သူတို့ နိုင်ငံသားတွေ စိတ်လှုပ်ရှားခဲ့တာ၊ ဝက်ဝက်ကွဲ အားပေးကြတာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဖွင့်ပွဲကို တခမ်းတနားနဲ့ ကြီးကြီးကျယ်ကျယ် ကျင်းပပေးခဲ့ပြီး အင်္ဂလန်နိုင်ငံတဝှမ်းက လူတွေသာမကဘဲ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အားပေးသူတွေပါ အုံနဲ့ကျင်းနဲ့ လန်ဒန်ကို လာရောက်အားပေးကြလို့ လေယာဉ်လက်မှတ်တွေ ဈေးမြင့်တက်၊ ဝယ်မရ ဖြစ်ခဲ့တဲ့ အထိပါ။ ဖွင့်ပွဲ အခမ်းအနားကို ကိုယ်တိုင် သွားကြည့်ခွင့် မရခဲ့ပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားကနေ တဆင့် ကြည့်ရတာနဲ့တင် ကြက်သီးထ လောက်အောင် ကြည်နူးစရာ ကောင်းတယ်၊ ဘယ်လောက်အထိ ချီးမြှင့်ဂုဏ်ပြုတယ်၊ အားပေးခဲ့တယ်ဆိုတာ တွေ့ခဲ့ရ ပါတယ်။

မသန်သော်လည်း စွမ်းတဲ့သူတွေအတွက် လုပ်ပေးတဲ့ အားကစားပွဲကို ပြီးပြီးရော မဟုတ်ဘဲ၊ အစိုးရကော၊ ပြည်သူလူထုကပါ အားတက်သရော ပါဝင်လုပ်ဆောင် ပေးသင့်တယ်လို့ မြင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံသားတွေရဲ့ စီးပွားရေး အခြေအနေ အရ၊ မအားလပ်ကြတာကြောင့် စိတ်ဝင်စားမှု၊ အားပေးမှု ဒီလောက်အထိ မလုပ်နိုင်သေးဘူး ဆိုရင်တောင် ခန္ဓာကိုယ် ချို့ယွင်းချက် ရှိသူတွေကို မတော်တဆပဲ ဖြစ်ဖြစ်၊ ရည်ရွယ်ချက် ရှိရှိပဲ ဖြစ်ဖြစ် လှောင်ပြောင်တာမျိုး၊ မှားယွင်း သုံးနှုန်းမိတာမျိုးကိုတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါဟာ အစိုးရ တာဝန်ရှိသူ တွေတင် မကဘဲ၊ နိုင်ငံသားအားလုံး သတိထားရမယ့် အရာ ဖြစ်ပါတယ်။

ဒီမိုကရေစီ နိုင်ငံတော်ကို ဖော်ဆောင်နေတဲ့ အချိန်၊ လူ့အခွင့်အရေး ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြတဲ့ အချိန်မှာ သတိထားရမယ့် အချက် တချက်လို့ မြင်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံသားတွေဟာ တင်းကျပ်တဲ့ စစ်အုပ်ချုပ်ရေး လက်အောက်မှာ ကာလကြာရှည် နေလာရတဲ့အတွက် တပါးသူရဲ့ အခွင့်အရေးကို ကိုယ်ချင်းစာနာပေးဖို့၊ ထောက်ထားပေးဖို့ ဝေးလို့၊ ကိုယ့်အခွင့်အရေးကို ကိုယ် ဘယ်ဟာဘာလဲ၊ ဘာရသင့်လဲ ဆိုတာကိုတောင် မသိသေးတဲ့ သူတွေ အများကြီး တွေ့နေရဆဲပါ။ အဲဒါကြောင့်လည်း မဆင်မခြင် ပြောမိဆိုမိ၊ မှားယွင်းစွာနဲ့ သရော်လှောင်ပြောင်မိကြတာ တွေကို စိတ်ပျက်စရာ ကောင်းလောက်အောင် တွေ့နေရတာ ဖြစ်ပါတယ်။

အဲဒီလို သရော်လှောင်ပြောင်ကြ၊ မှားယွင်းစွာ ပြောဆိုသုံးနှုန်းမိကြတာ မျိုးကို လုပ်ကြတဲ့အထဲမှာ အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ နာမည်ကျော် အနုပညာရှင်တွေပါ ပါဝင် နေတာကတော့ စိတ်မကောင်းစရာပါ။ သာမန်လူတွေကို ပညာပေးရမယ့် အစိုးရ တာဝန်ရှိ သူတွေ၊ အနုပညာရှင်တွေ ကိုယ်တိုင် မသိလို့ မှားပြောမိပါတယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။

၂၀၁၂ ခုနှစ်က ရိုက်ကူးဖြန့်ချိခဲ့တဲ့ “အောင်ပဒင် အင်ပဒေါင်း” ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ ကယန်းတိုင်းရင်းသားတွေကို မလျော်ကန်တဲ့ နောက်ပြောင်မှုတွေ ထည့်သွင်းရိုက်ကူးခဲ့လို့ ကယန်းတိုင်းရင်းသားတွေက မကျေမနပ်ဖြစ်ပြီး ပွဲဆူခဲ့တာ အားလုံးအသိပါ။ အဲဒီအတွက် အနုပညာရှင်တွေက ပြန်လည် တောင်းပန်ကြပေမယ့် တောင်းပန် စကားကို ဂျာနယ်တွေမှာ ဖတ်လိုက်ရတော့ စိတ်ပျက်မိပါတယ်။

တောင်းပန်တဲ့ အနုပညာရှင် အားလုံးလိုလိုက “ဒီလောက်အထိ ခံစားရမယ်မှန်း မသိလိုက်လို့ သရုပ်ဆောင်မိပါတယ်” ဆိုတဲ့ သဘောမျိုးပဲ ပြောခဲ့ကြပါတယ်။ တချို့ကတော့ ဇာတ်ညွှန်းကို ကြိုဖတ်ထားခွင့် မရှိဘဲ၊ ရိုက်ကွင်းရောက်မှ ဒါရိုက်တာ သင်ပေးတဲ့စကား ပြောလိုက်ရတာ ဆိုတာမျိုး ပြောကြပါတယ်။ ဒါရိုက်တာက သင်ပေးရင်တောင် ဒီစကားက ပြောသင့်တယ်၊ ဒီစကားက မပြောသင့်ဘူး၊ ဒီ စကားလုံးကတော့ တပါးသူကို နှိမ့်ချဆက်ဆံရာ ရောက်တယ်၊ ဒီသရုပ်ဆောင်ချက်ကတော့ မလုပ်သင့်ဘူး ဆိုတာမျိုး အနုပညာရှင်တွေ မသိကြဘူးလားလို့ တွေးမိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြန့်နှံ့မယ့် ရုပ်ရှင်၊ ဗီဒီယို ဆိုတာ ပိုပြီး သတိထားသင့်တယ်။ အဲဒီလိုမျိုး တဖက်သားကို နှိမ်ချစော်ကားတဲ့ အသုံးအနှုန်း၊ ပြက်လုံးမျိုးတွေကို အငြိမ့်စင်တွေပေါ်မှာလည်း မကြာခဏ တွေ့ဖူးမြင်ဖူးပါတယ်။ မသိလို့ ပြောမိတာပါ ဆိုတာဟာ မသိစိတ်က နှိမ်ချဆက်ဆံ ချင်နေသေးတယ်၊ မသိစိတ်က စော်ကားချင်နေသေးတယ် ဆိုတာကို ပြပါတယ်။

အဲဒီလို ပြက်လုံးမျိုးတွေ၊ စကားလုံးမျိုးတွေကို တဆင့်တဆင့် သုံးလာကြရင်း၊ ကြည့်ရှုသူတွေကလည်း ရယ်မောကြရင်း အဲဒီစကားလုံးတွေက တရားဝင် ပြောခွင့်ရှိလို့ ပြောကြသလိုလို ဖြစ်လာတာကတော့ ရုပ်ဆိုးလှပါတယ်။

ဥပမာအားဖြင့် “ဓားကလည်း တုံးလိုက်တာ၊ မုဆိုးမအိမ်က ဓားကျနေတာပဲ” ဆိုတဲ့ စကားလုံးမျိုး၊ “မိန်းမလို မိန်းမရ” “မိန်းမဆန်တယ်” ဆိုတာမျိုး … “အကျိုးဆော့ အကန်းမော့” စသည်ဖြင့် ဒီစကားလုံးတွေကို မြန်မာတွေ တရားဝင် အသုံးပြု နေကြတာ ကြားဖူးမှာပါ။ ပြီးတော့ ဘဝပေး အခြေအနေအရ အမျိုးသမီးစိတ်ပေါက်နေတဲ့ ယောက်ျားတွေ၊ ယောက်ျားစိတ် ပေါက်နေတဲ့ အမျိုးသမီးတွေကို မြန်မာပြည်မှာ ခေါ်ဝေါ် သုံးစွဲတဲ့ အသုံးအနှုန်းတွေဟာ တော်တော်လေး ရိုင်းပြပေမယ့် အဲဒီစကားလုံးတွေကိုပဲ တရားဝင်လို သုံးနှုန်းနေကြတာ တွေ့ရပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် စတာတွေကို နောက်ပြောင် သရော်တာ တွေလည်း ရှိနေပါ သေးတယ်။

တကယ်တော့ တဖက်သားရဲ့ ပြင်မရတဲ့ အားနည်းချက်ကို ထိခိုက်စော်ကားရာ ရောက်တဲ့ အသုံးအနှုန်းမျိုး၊ ပြက်လုံးမျိုး၊ သရုပ်ဆောင်မှု မျိုးတွေဟာ အခုလို လူသားချင်း တန်းတူ အခွင့်အရေး ရရှိသင့်တယ် ဆိုတဲ့၊ ဒီမိုကရေစီ ခေတ်ကို ဦးတည်လျှောက်လှမ်းနေတဲ့ အချိန်မျိုးမှာ မရှိသင့်တော့ပါဘူး။ အကျင့်ပါနေလို့ ဆိုရင်တောင် သတိထားသင့်နေပြီလို့ ထင်ပါတယ်။ တဦးတယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေ မြှင့်တင် ကြမှသာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်ဓာတ်တွေ မြင့်မားလာမှာ ဖြစ်ပါတယ်။ အကျင့်ပါနေတဲ့ ပါးစပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲယူရင် ရနိုင်မယ်လို့ ထင်ပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို တံခါးဖွင့်နေသလိုပဲ လူမှုရေးပိုင်းကိုပါ ပိတ်မထားဘဲ တံခါးဖွင့်ရတော့မယ့် အချိန်ရောက်နေပါပြီ။ လူမှုရေးတံခါးကို ကျယ်ကျယ် ဖွင့်နိုင်မှသာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Loading