အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့၏ လမ်းမများပေါ်မှ ဆန္ဒပြပွဲများနှင့် နိုင်ငံရေး အကျပ်အတည်း များသည် မြန်မာတို့အဖို့ ယူတတ်လျှင် သင်ခန်းစာပင်။ ဒီမိုကရေစီ စနစ် တည်ထောင်နေသော လူ့အဖွဲ့အစည်း တွင် ရွေးကောက်ပွဲသည် အရေးကြီးသော်လည်း နိုင်ငံရေးလောက ခြစားမှုမှ ကာကွယ်ရန်နှင့် စောင့်ကြပ် ထိန်းညှိရန် လွတ်လပ်သော တရားရေးစနစ်နှင့် စည်းကမ်း ကျနသော လက်နက်ကိုင် တပ်ဖွဲ့များ လည်း တည်ထောင်ရန် လိုအပ်ကြောင်း မီးမောင်းထိုး သတိပေး နေသလိုဖြစ်၏။
သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် လတ်တလော ကြုံတွေ့နေ ရသော နိုင်ငံရေး အကျပ်အတည်းကို ဖြစ်ပေါ်စေသည့် နောက်ခံ အကြောင်းရင်းများ အသီးသီး ကွဲပြားကြ သော်လည်း တူညီချက် များလည်း ရှိသည်။ ယင်းမှာ အာဏာပိုင် ဝါဒီ ခြစားနေသော နိုင်ငံရေး သမားများက မိမိကိုယ်ကျိုးနှင့် အပေါင်းအပါ ခရိုနီများ အကျိုးစီးပွားကို ကာကွယ်ရန် အစိုးရ အုပ်ချုပ်ရေး ယန္တယားကို နှစ်ပေါင်း များစွာကြာ လက်ကိုင်တုတ် သဖွယ် အသုံးပြုလာခြင်းနှင့် ဒီမိုကရေစီ နည်းလမ်း တကျဖြစ်သော စောင့်ကြပ် ထိန်းညှိရေး စနစ်များ လုံလောက်မှု မရှိခြင်းတို့က ရွေးကောက်ပွဲကို အယုံအကြည် ကင်းမဲ့လာစေကာ လူထု မငြိမ်မသက် ဖြစ်မှုကို ဖန်တီးပေးနေခြင်း ပင်။
ပြီးခဲ့သည့် ရက်များအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ရဲက ဆန္ဒပြအလုပ်သမားများကို ပစ်ခတ်နှိမ်နင်းခဲ့သည်။ ဆန္ဒပြပွဲများ သည် နှစ်ပေါင်း ၃၀ နီးပါး တိုင်းပြည်ကို ခြိမ်းခြောက်မှုများနှင့် အကြမ်းကိုင် အုပ်ချုပ်လာခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန်က ပြီးခဲ့သော ဇူလိုင်ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ကြေညာပြီး ကတည်းက ဆက်တိုက်ဖြစ်လာခဲ့သည်။
အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့များက ရွေးကောက်ပွဲတွင် မညီမျှမှု မတရားမှုများရှိကြောင်း ပြောဆိုကြသည်။ အထည်ချုပ်အလုပ် သမားများ ဆန္ဒပြသူများနှင့် ပူးပေါင်းပါဝင်လာပြီး တလလုပ်ခ အမေရိကန်ဒေါ်လာ ၁၄၀ (မြန်မာကျပ်ငွေ ၁ သိန်း ၄ သောင်းခန့်) ပေးရန် တောင်းဆိုခဲ့ကြသည်။ ကမ္ဘောဒီးယားအနေဖြင့်စီးပွားရေး ဦးမော့လာသော်လည်း အာဏာပိုင်များနှင့် ငွေကြေးြွကယ်ဝသူ များသာ အကျိုးခံစားနေရပြီး ဆင်းရဲမွဲတေမှုဖြင့် နပမ်းလုံးနေရ သော တိုင်းပြည်လူထု ၅ ပုံ ၁ ပုံ၏ ဘဝများစွာ မထူးခြားဘဲ နေခြင်းသည် ဒီမိုကရေစီစနစ် တည်ဆောက်ရေးကို ခြိမ်းခြောက် နေခြင်းပင်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် သူ့ပါတီက ရွေးကောက်ပွဲတွင် အတိုက်အခံပါတီက သပိတ်မှောက်၍ ပြန်အနိုင်ရသွားပြန်သည်။ ရွေးကောက်ပွဲကို ကြီးကြပ်ရေး ကြားဖြတ်အစိုးရ ဖွဲ့စည်းခန့်အပ်ရန် အတိုက်အခံ ပါတီက တောင်းဆိုသည်ကို အစိုးရမလိုက်လျောသဖြင့် အတိုက် အခံက ရွေးကောက်ပွဲကို သပိတ်မှောက်ရာ မဲရုံတချို့မီးရှို့ဖျက်ဆီး ခံရပြီး ရဲကပစ်ခတ်သဖြင့် လူ ၁၀ဝ ကျော် သေဆုံးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးနိုင်ငံရေးထိပ်သီးများဖြစ်သော လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာတို့သည် ၁၉၉၁ ခုနှစ်ကတည်းကစပြီး တိုင်းပြည်ကို သူ တပြန် ကိုယ်တပြန် အုပ်ချုပ်လာခဲ့ကြသည်။ တိုင်းပြည်၏ ဆင်းရဲ မွဲတေမှု ပပျောက်ရေးနှင့် လူထုကျန်းမာရေးတို့တွင် တိုးတက်မှု များရအောင် စွမ်းဆောင်နိုင်ခဲ့ကြသော်လည်း မကြာခဏဆိုသလို ရှိတ်ဟာဆီနာနှင့် ခါလီဒါဇီယာတို့သည် ပုဂ္ဂလိကဆိုင်ရာ နိုင်ငံ ရေးအကျိုးအမြတ်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို စတေးပစ်ခဲ့ဖူးသည်။ ထို့ပြင် ဒီမိုကရေစီ တည်ဆောက်ရေး အရေးကြီးသည့် တရားရေးနှင့်ရဲအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ များ ပြုပြင်ပြောင်းလဲရေးကို လျစ်လျူရှုနေခဲ့သည်။
ထိုင်းနိုင်ငံတွင်မူ အတိုက်အခံများက ဘန်ကောက်မြို့ကို ပိတ်ဆို့ဆန္ဒပြနေကြပြီး ရွေးကောက်ပွဲကို ဖေဖော်ဝါရီလထဲ ကျင်းပပြုလုပ်သွားမည်ကို အစိုးရနှင့် အတိုက်အခံများကြား သဘောတူညီချက် ရရေး ညှိနှိုင်းနေကြသည်။ အတိုက်အခံများ က ရွေးကောက်ပွဲကို ကြီးကြပ်ရန် ကြားဖြတ်အစိုးရကို နိုင်ငံရေး သမား မဟုတ်သူများဖြင့် ဖွဲ့စည်းပေးရန်နှင့် လက်ရှိအစိုးရ နှုတ် ထွက်ရန် တောင်းဆိုနေသည်။ လက်ရှိအစိုးရက အသာစီးဖြင့် ပြန်အနိုင်ရနိုင်သဖြင့် အစိုးရ မနုတ်ထွက်လျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်လည်း ပြောဆိုခြင်းများလည်းရှိသည်။ ဆန္ဒပြ သူများက စစ်တပ်အာဏာသိမ်းရန်အထိပါ ဖိအားပေးနေသဖြင့် နိုင်ငံရေးအကျပ်အတည်း ဖြစ်တိုင်း စစ်တပ်အာဏာသိမ်းတတ် သည့် ထိုင်းဒီမိုကရေစီ၏ နိုင်ငံရေးယဉ်ကျေးမှုနှင့် ရင့်ကျက် ခိုင်မာမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်သည်။
ရွေးကောက်ပွဲသည် ဒီမိုကရေစီအတွက် အရေးကြီးသည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး လူထုကိုယ်စားလှယ်များကို လူထု က တိုက်ရိုက်ရွေးကောက် တင်မြှောက်ခွင့် ရှိရမည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများက တင်မြှောက်လိုက်သော အစိုးရအဖွဲ့နှင့် လွှတ်တော်များက ဒီမိုကရေစီစနစ်၏ အခြေခံ အဆောက်အဦများ ဖြစ်သည်။ သို့သော် လူများစု ထောက်ခံမှုဖြင့် တက်လာသော ရွေးကောက်ခံခေါင်းဆောင်သည် လူနည်းစု၏ အကျိုးစီးပွားကို အသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သလို တမျိုးသားလုံးနှင့်ဆိုင်သော မူဝါဒကိုလည်း ရည်ရွယ် ရှေးရှုရမည်။
မြန်မာပြည်၏ ၂၀၁၅ ရွေးကောက်ပွဲတွင် အစိုးရခေါင်းဆောင် များကို လူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်နိုင်သော စနစ်ကိုဖော်ဆောင်မှ ဒီမိုကရေစီဖြစ်မည်။ သို့သော် တက်လာ သော အုပ်ချုပ်ရေးအဖွဲ့နှင့် လွှတ်တော်သည် တိုင်းရင်းသားများ၊ တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ၊ လူထု လူတန်း စားအသီးသီး၏ အရပ်ဘက်အဖွဲ့အစည်းများနှင့် အယူဝါဒမျိုးစုံ သော နိုင်ငံရေးပါတီ အသီးသီးတို့မှ လိုက်ပါဆောင်ရွက်နိုင်မည့် အမျိုးသားရေးဆိုင်ရာ မူဝါဒကို သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး နှင့် စေ့စပ်ညှိနှိုင်းနိုင်ရမည်။ ကွဲပြားခြားနားမှုများကို စုစည်း ခေါင်းဆောင်နိုင်ရမည်။ သို့မဟုတ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး ခရီးမတွင်သည်ကို အိမ်နီးချင်းနိုင်ငံများ၏ လတ်တလော နိုင်ငံရေးအဖြစ်အပျက်များက သင်ခန်းစာပေးနေပြီဖြစ်သည်။