“အလယ် အလတ်လောက် အအေးလွန်ကဲမှုတော့ ရှိမယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ဇန်နဝါရီ ၆ ရက် နောက်ပိုင်း အမေရိကန် နိုင်ငံ အရှေ့မြောက်နှင့် အနောက်အလယ်ပိုင်း ဒေသများတွင် အနှစ် ၂၀ အတွင်း အဆိုးဝါးဆုံး အအေးလှိုင်း ရိုက်ခတ်မှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး လူသေဆုံးမှုနဲ့ ယာဉ်မတော်တဆမှု၊ လေယာဉ်ခရီးစဉ် ဖျက်သိမ်းလိုက်ရမှုများ ဖြစ်ခဲ့ရကြောင်း နိုင်ငံတကာ သတင်းဖော်ပြချက်များ အရ သိရပါတယ်။

အမေရိကန် နိုင်ငံအတွင်းရှိ ဒေသများစွာမှာ ဖြစ်ပေါ်နေတဲ့ အအေးလှိုင်းကို အာတိတ်ပေါက်ကွဲမှု ဖြစ်စဉ်လို့ ခေါ်ဆိုကြပါတယ်။ အပြင်းအထန် ရာသီဥတုအေးခြင်း သာမက လေတိုက်ခတ်မှုကြောင့် အအေးဒဏ် ပိုမို ပြင်းထန်သဖြင့်၊ အဖုံးအကွယ်မရှိသော အသား အရေသည် ၅ မိနစ်အတွင်း Frost Bite ခေါ် နှင်းကိုက်သည့် ဝေဒနာ ခံစားပြီး အအေးကြောင့် အသားများ သွေးမလျှောက် တော့ ဘဲ ခဲသွားပြီး ပျက်စီးသွားနိုင်တာကြောင့် အရေးပေါ် အခြေအနေ ကြေညာထားရပြီး မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အမေရိကန် အာာဏာပိုင်တွေ က သတိပေးထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကနေဒါနိုင်ငံက ကမ္ဘာကျော် နိုင်ဂါရာ ရေတံခွန်ကြီးလည်း အေးခဲသွားတယ်လို့ သိရပါတယ်။ အခုတော့ ဒီ အအေး လှိုင်း တွေက အမေရိကတိုက်ကနေ အရှေ့ဘက်ကိုရွေ့လာပြီလို့ သတင်းများက ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အအေးဒဏ် ပိုခံစားရဖွယ် ရှိ၊ မရှိ သိနိုင်ဖို့ ဧရာဝတီ ကော်ပီအယ်ဒီတာ ညိုမီသင်းက မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။   ။ ဒီနှစ် ဆောင်းရာသီက ရန်ကုန်မှာရော မြန်မာနိုင်ငံတခုလုံး သိသိသာသာ အအေးဒဏ် ခံစားရတယ်လို့ ပြောကြပါတယ်။ တချိန်တည်းလိုပဲ အမေရိကမှာလည်း ထူးခြား ပြင်းထန်တဲ့ အအေးလွန်ကဲမှု ဖြစ်ပေါ်နေတယ်လို့ ကြားနေရပါတယ်။ ဒါတွေက ဆက်စပ်မှုတွေ ရှိနေလား။

ဖြေ။   ။ မြန်မာနိုင်ငံမှာ ခံစားရတဲ့ သိသာတဲ့ အအေးဒဏ်က ဆောင်းရာသီမှာ အေးနေကျ အအေးဒဏ်လို့ ပြောနိုင်ပါတယ်။ လော လောဆယ် အပူချိန်ကျနေတယ်။ အနိမ့်ဆုံး အပူချိန်က ၈ လောက်ရှိတယ်၊ ဂဏန်း တလုံး အပူချိန်တော့ ဖြစ်တာပေါ့။ ရေခဲမှတ် အောက်တော့ မရောက်ဘူး။ ဒါကလည်း ပုံမှန် ဆောင်းရာသီကြောင့်၊ ဒီနှစ်အတွင်း ပထမအကြိမ် အေးတော့ ချင်းပြည်နယ်တို့မှာ ရေခဲ မှတ်အောက် ရောက်အောင်အေးခဲ့တယ်။

အခု အမေရိကမှာ ဖြစ်နေတာနဲ့ နှိုင်းယှဉ်ပြောရရင် လောလောဆယ်တော့ ရေခဲမှတ်အောက် အေးမယ့် အခြေအနေ မရှိသေးဘူး။ အဲဒီအဆင့် ဖြစ်မယ့် အလားအလာလည်း နည်းတယ်။ အေးတာတော့ သိသိသာသာ အေးမယ်။ ညဘက် နှင်း၊ မြူ ကျလောက် အောင် တော့ အေးမယ်။ မြန်မာနိုင်ငံမှာ ထူးထူးခြားခြား အေးခဲ့တာ တခါ ရှိခဲ့တယ်။

၂၀၁၁ ဆောင်းရာသီတုန်းက အကြီးအကျယ် အေးခဲ့တာမျိုးပေါ့။ ၂၀၁၁ က ဖြစ်ခဲ့သလို အအေးလှိုင်း ဖြတ်တာမျိုး၊ အအေးလွန်ကဲ မှု Cold Wave ဖြစ်မယ့် အဆင့်အထိ ရောက်ဖို့လည်း အလားလာနည်းတယ်။ ၂၀၁၁ ဆောင်းရာသီတုန်းက ဖြစ်လိုက်တဲ့ အအေး လွန်ကဲမှုကြောင့် ရှမ်းပြည်နယ်မှာ ဖြစ်လိုက်တာ လွယ်လင်မှာဆို လူ ၄ ယောက်တောင် သေတယ်။ ဒီတခေါက်တော့ အဲဒီတုန်းက လောက်တော့ မအေးတော့ဘူး၊ အခုပဲ ဇန်နဝါရီလ ရောက်နေပြီ၊ ဆောင်းတဝက် ကျိူးနေပြီ ပြောရမှာပေါ့။ အေးတော့ ထပ်အေး မယ်။ အလယ်အလတ်လောက် အအေးလွန်ကဲမှုတော့ ရှိမယ်လို့ ပြောလို့ရတယ်။

ဒီနှစ်ကတော့ အဲဒီလောက် မဆိုးပါဘူး။ အာရှမှာလည်း သိပ်မအေးလောက်ဘူး။ ဥရောပမှာလည်း ထူခြားပြီးအေး မနေဘူး။ အမေရိကမှာတော့ အေးတာပေါ့၊ အဲဒီမှာ အပူချိန်က -25 (အနုတ်၂၅)  နဲ့ -30 (အနုတ် ၃၀) လောက် ရှိတာပေါ့။ ဒါပေမယ့် Wind Chill လေတိုက်တဲ့အခါ ရတဲ့ အအေးဓာတ်ပေါ့၊ အအေးဓာတ်က -15 (အနုတ် ၁၅) လောက် ရှိတာပေါ့။ အမေရိကမှာတော့ ဆိုး တာ ပေါ့၊ လူလည်း သေတယ်။ ကျန်တဲ့ ၂ နေရာကပေါ့။ အဲဒီလောက် မဆိုးနိုင်ဘူး။ ကမ္ဘာ့မြောက်ဘက်မှာ ကုန်းမြေ ၃ ခုရှိတယ်။ မြောက် အမေရိကရယ်၊ ဥရောပရယ်၊ အာရှရယ် ရှိတယ်။ အခုဖြစ်ပွားနေတဲ့ အာတိတ် ပေါက်ကွဲမှုကြောင့် ဆက်စပ်နေတဲ့ အမေရိက မှာ တိုက်ရိုက် ခံစားရတာပေါ့။

မေး။    ။ ဒါဆို အမေရိကန် ကနေ အအေးလှိုင်းတွေ အရှေ့ဘက်ကို ရွေ့လာပြီလို့ သတင်းတွေမှာ ဖတ်နေရတယ်။ မြန်မာနိုင်ငံမှာရော အအေးလှိုင်း သက်ရောက်မှု ရှိလာနိုင်လား။

ဖြေ။     ။ အမေရိကမှာတော့ အရှေ့ဘက်ကို ရွှေ့သွားပြီ။ သမုဒ္ဒရာကို ဖြတ်သန်းပြီးတော့ ဒီဘက်ကို ရောက်ရင် အရင်ထိတွေ့မှာက ဥရောပပေါ့။ ဥရောပမှာ ဘယ်လောက် အေးလည်း ကြည့်ရမှာပေါ့။ ဥရောပမှာ ဘာမှ မဖြစ်ရင်တော့ ဒီဘက် သိပ်မဖြစ်ပါဘူး။ အခု ဥရောပမှာ လောလောဆယ် ဖြစ်နေတာတော့ အအေးလှိုင်း လွန်ကဲတာတော့ မဟုတ်ဘူး။ မုန်တိုင်း ဖြစ်နေတာ။ မုန်တိုင်းတွေ ဖြစ်ပြီးတော့ ဒီရေလှိုင်းတွေ ဘာတွေဝင်ပြီး အပျက်အစီး အသေအပျောက်တွေ ဖြစ်နေတာပေါ့။ အအေးပေါ့ပြီး အနွေးဓာတ်တောင် ရနေတယ် ကြားတယ်။

အဲဒါကလည်း မထူးဆန်းဘူး ဒီလေတွေက အာတိတ်က လေတွေပဲ။ အာတိတ်ဘက်က လေတွေက တောင်ဘက် လတ္တီကျူနိမ့်တဲ့ ဘက်ကို ဆင်းလာတော့ လှိုင်း ပုံသဏ္ဌာန် ဆင်းလာတယ်။ လှိုင်း ပုံသဏ္ဌာန် လေတွေက တနေရာမှာ အာတိတ်ဘက်က လေတွေနဲ့ ဆင်းတယ်။ နောက်သူနဲ့ ကပ်လျက် ဘေးမှာကျတော့ အပူပိုင်းဒေသက လေတွေက မြောက်ဘက်ကို တက်သွားတယ်။ အရှေ့ဘက် ရောက်တော့ အာတိတ်လေက ဆင်းတယ်။ ဒီပုံစံနဲ့ သွားတဲ့အခါမှာ အခု အမေရိကမှာ မြောက်ဘက်က ဆင်းတဲ့ လေကြောင့် အေးတယ်။ ဒါပေမယ့် ဥရောပ ရောက်တဲ့ အခါမှာ တောင်ဘက်က လေတွေက တက်တော့ ပူတယ်ပေါ့။ ဒါကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံစံပဲ။

မေး။    ။ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားချက် အရ အာတိတ်မှာ ပေါက်ကွဲမှု ထပ်ဖြစ်နိုင်သေးတယ်လို့ သတိပေးထားတာ တွေ့ရတယ်။ အဲဒီ အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ။     ။ အဲဒီအခြေအနေကို စောင့်ကြည့် နေသူတွေက အထောက်အထားရှိလို့ ပြောတာ ဖြစ်မှာပေါ့။ ဒါဆိုရင်တော့ စောင့်ကြည့်ရ မှာပေါ့။ တို့ကတော့ တဆင့်ခံ ကြည့်ရတဲ့ သူကိုး။ ကိုယ်ကိုယ်တိုင် တိုင်းတာရတာ မဟုတ်တော့ အတိအကျ မပြောနိုင်ဘူးပေါ့။

မေး။    ။ ဒါဆို ထပ်မံပြီး အအေးပိုလာနိုင်မယ် ဆိုတာ မြန်မာနိုင်ငံမှာ ဘယ်ရက်ပိုင်းလောက်ဆို ဖြစ်နိုင်မလဲ။

ဖြေ။     ။ လောလောဆယ်တော့ ဥရောပမှာတောင် မဖြစ်သေးတော့ စောင့်ရမှာပေါ့။ တွက်ကြည့် ရသလောက်ကတော့ ဇန်နဝါရီ နောက်ဆုံးပတ်လောက် ဖြစ်လိမ့်မယ် ထင်ပါတယ်။ အခုလည်း အထိုက်အလျောက်တော့ အေးတာပဲ။ ဆောင်းတွင်းဆိုတော့ အေး တာ ကတော့ အတက်၊ အကျ ရှိမှာပဲ။ မိုးလေဝသကတော့ စောင့်ကြည့်ရမှာပဲ။ အမေရိကမှာ အေးပြီဆိုကတည်းက ကိုယ့်ဆီတော့ ရောက်မှာပဲ။ ဘယ်အချိန် ရောက်လာမလဲပဲ စောင့်ကြည့်ရမယ်။ ဥရောပမှာ ပြဿနာ တက်လာတယ်၊ ထူးခြား အေးလာတယ် ဆိုရင်တော့ ကိုယ့်ဘက်လည်း လာပြီပေါ့။

မေး။    ။ တကယ်လို့ အေးလာပြီဆိုရင်လည်း ၂၀၁၁ အအေးလှိုင်းဒဏ်ကို မီနိုင်လား။ ၂၀၁၁မှာ အအေးလှိုင်း ဖြတ်တာက အာတိတ် ပေါက်ကွဲမှုကြောင့်ပဲလား။

ဖြေ။     ။ မြန်မာပြည်နဲ့ သိပ်မဝေးတဲ့ မြောက်ဘက် ဟိမဝန္တာတောင်ပေါ်မှာ ရေခဲမှတ်အောက် အေးတဲ့လေတွေ ရှိတယ်။ မြန်မာပြည်ရဲ့အရှေ့မြောက်ဘက် တရုတ်ပြည်ထဲမှာလည်း ရေခဲမှတ်အောက် လေအေးတွေ ရှိတယ်။ အဲဒီ လေအေးတွေက အပေါ်မှာ ဒီ အတိုင်း တည်နေတာပဲ၊ လေအေးတွေ အောက်ဘက် ဆင်းလာရင် မြန်မာပြည် အေးတယ်။ ၂၀၁၁ က အဲဒီက လေအေးတွေ အောက်ဘက်ကို တိုးဝင် ဆင်းလာတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့လို့ အအေးလှိုင်းတွေ ရောက်လာပြီး လွန်လွန်ကဲကဲ အေးခဲ့တာပေါ့။

အခု အခြေအနေက ၂၀၁၁ ကို မမီနိုင်ပါဘူး။ မြန်မာပြည်က အေးတယ် ဆိုရင်လည်း ရန်ကုန်လောက်ဆို အပူချိန် ၁၂ ပေါ့၊ မြန်မာပြည် မြောက်ပိုင်းဒေသတွေ ဆိုရင်တော့ ဂဏန်း တလုံးအောက် အပူချိန် ၁၀ အောက် အေးမှာပေါ့။ ချင်းတောင်တန်းနဲ့ ရှမ်း (ပင်လောင်း၊ လွိုင်လင်)ကတော့ ရေခဲမှတ်အထိ ရောက်အောင် အေးသွားနိုင်တာပေါ့။ အလယ်ပိုင်း ဒေသတွေဆို ၁၄၊ ၁၅ ပေါ့။

မေး။    ။ ပုံမှန် အပူချိန်နဲ့ Wind Cill ကြောင့် အေးလာတဲ့ အပူချိန်ကရော ဘာကွာခြားမှု ရှိပါသလဲ။

ဖြေ။     ။ Wind Chill ဆိုတာ လေတိုက်လို့ အအေးဓာတ် ပိုလာတာကိုပြောတာ၊ လေးအေးတိုက်တဲ့ အချိန်ဆို ချမ်းတုန်နေအောင် ပိုအေးတာ။ အဲဒီအချိန်မှာ သိသိသာသာ အပူချိန် ကျဆင်းသွားပြီး အေးတာပေါ့၊ အဲဒါကို Wind Chill လို့ခေါ်တယ်။ အမေရိကတို့ ဥရောပတို့မှာ Wind Chill က ပိုသိသာတယ်။ မြန်မာနိုင်ငံမှာလည်း အေးနေတဲ့အချိန် လေအေးတိုက်ရင် ခိုက်ခိုက်တုန် အေးလာ သလိုမျိုးပေါ့။ ဒီနှစ် အအေးဓာတ်က ဖေဖော်ဝါရီလလောက် အထိ ရှိနေမယ်လို့ ခန့်မှန်းထားတယ်။

မေး။    ။ ဆရာ့ရဲ့ဖေ့စ်ဘုတ် မှာ ရေးသားထားတဲ့ မြန်မာနိုင်ငံမှာ Hot Spot နေရာ ၃၉ နေရာတွေ့တယ် ဆိုတာ။ အဲဒီ အခြေအနေ ကိုလည်း ပြောပြပေးပါ။

ဖြေ။     ။ အဲဒါက လယ်ကွင်းတွေ မီးရှို့နေတာကို ဖော်ပြထားတာ။ ဂြိုဟ်တုကနေ မီးလောင်နေတဲ့ နေရာတွေကို ရိုက်တာ။ Spot တွေကို လိုက်ရှာတာပေါ့။ ဒီအချိန်ခါ ၃၉ နေရာတွေ့တာ ဆိုတော့ ထင်တာကတော့ လယ်ယာမြေတွေ မီးရှို့တာလို့ပဲ ထင်တယ်။

မေး။    ။ အဲဒီ အခြေအနေကရော ရာသီဥတုအပေါ်ကို သက်ရောက်တာမျိုး ရှိလား။

ဖြေ။    ။ ချက်ချင်းတော့ မရှိပါဘူး။ ဒါပေမယ့် ဒြပ်ငွေ့ ထုတ်လုပ်မှုကိုတော့ တိုးစေတာပေါ့။ ရေရှည် ကြည့်ရင်တော့ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေတာပေါ့။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading