ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆီ နှစ်ခေါက် ကျနော်ပြန်ရောက်ခဲ့ပါတယ်။ ၂၈ ရက် စာ Social Visa နဲ့ သွားတဲ့ အတွက် သတင်း ၈ ပတ်ကြာခဲ့တယ် ဆိုပါတော့။ အဲဒီသတင်း ၈ ပတ်အတွင်းက နေ့ရက် အတော်များများဟာ တနေရာနဲ့ တနေရာ သွားရင်း လမ်းပေါ်မှာ ကုန်ဆုံးခဲ့ရပါတယ်။ အဲဒီလို မြန်မာနိုင်ငံက လမ်းမတွေပေါ် သွားရင်းနဲ့ အောက်ဖေါ်ပြပါ လမ်းပေါ်က အမှား တွေကို ကျနော်မြင်ခွင့်ရခဲ့ ပါတယ်။
အဝေးပြေး ကားလမ်းပေါ်က အမှားတွေကို မပြောခင် အားလုံး နေ့စဉ်ကြုံတွေ့ မြင်သိနေရတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေကို အရင်ဆုံးလေ့လာ ကြည့်ရအောင်ပါ။ ရန်ကုန် နိုင်ငံတကာလေဆိပ်ကို လေယာဉ်ဆိုက်ပြီ ဆိုတာနဲ့ ပထမဆုံး ကြုံရတာက လေယာဉ်ကွင်းနဲ့ မြို့ထဲ ပြေးတဲ့ လေယာဉ်ကွင်း ရထားတို့၊ လေယာဉ်ကွင်း ဘတ်စ်ကားတို့ ရန်ကုန်မှာ မရှိသေးတဲ့ ကိစ္စ။ ဒီတော့ ဈေးကြီးတဲ့ တက္ကစီကိုပဲ အားကိုးရတာပေါ့။
|
ရန်ကုန်က တက္ကစီတွေရဲ့ အပြင်အဆင် ကိုလည်း ကြည့်ပါဦး။ နော်ဝေးက တက္ကစီနဲ့ မယှဉ်နဲ့၊ ဘန်ကောက်က တက္ကစီနဲ့ ယှဉ်ရင် တောင် အတော် ကျန်နေခဲ့ပြီ။ တိုင်းပြည်က ဆင်းရဲနေဆဲ ဖြစ်လို့ ကားကောင်းကောင်း မတင်သွင်းနိုင်သေးတာ၊ လမ်းကောင်း ကောင်း မဖေက်လုပ်နိုင်သေးတာကိုတော့ ထားလိုက်ပါတော့။ ဒါပေမယ့် ကားဆရာတွေရဲ့ ဧည့်ဝတ်မကျေမှု၊ ဧည့်သည်ကို ဘယ် လိုဆက်ဆံရမယ် ဆိုတဲ့ အခြေခံမူလေးတောင် မသိမှုတွေ အတွက်တော့ စိတ်ပျက်သွားမိ ပါတယ်။
တက္ကစီပေါ် ရောက်ရောက်ချင်း ထိုင်ခုံ ခါးပတ် ပတ်ဖို့ပြင်တဲ့ လူကို “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်”လို့ တက္ကစီ ဆရာက စပြောပါတယ်။ တကယ်က ဒီမှာတော့ အဲဒီလောက်ထိ စည်းကမ်း မကျပ် သေးဘူး၊ ထိုင်ခုံခါးပတ် မပတ်ရင် အရေး ယူတာမျိုး မရှိသေးဘူး။ ဒါကြောင့် ပတ်စရာမလိုဘူး စသဖြင့် ရှင်းပြသင့်တယ် ထင်ပါတယ်။
ပြီးတော့ ရန်ကုန်က တက္ကစီသမားတိုင်း လိုလို ကွမ်းစား၊ ဆေးလိပ်သောက်တာ တွေ့ရပါတယ်။ လမ်းဆုံ မီးပွိုင့်မှာ ကားရပ်ရင် ကားတံခါးကို ဟပြီး ကွမ်းသွေး ထွေးကြပါတယ်။ မြို့လယ်ခေါင် ကတ္တရာလမ်းမကြီး ပေါ် “ဗြစ်” ဆိုပြီး ဒီအတိုင်း ထွေးချလိုက် တာပါ။ “ကားဆရာ ကြည့်လုပ်နော်။ နောက်က ဆိုင်ကယ် ဝင်တိုက်မိမယ်။ ရဲ နဲ့တိုးရင် ဒုက္ခရောက်နေဦးမယ်” ဆိုပြီး ပြောမိပြန် ပါတယ်။ ဒီတော့ ကားဆရာက “ခင်ဗျားမြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်” ဆိုတဲ့ စကားလုံးကို အသံနဲ့မပြောတော့ဘဲ မျက် လုံး၊ မျက်ခုံးနဲ့ ပြပါတယ်။
မြို့လယ်ရောက်တော့ အခြေနေက ပိုဆိုးပါတယ်။ လူကူး မျဉ်းကြားမှာ လူတွေဖြတ်ကူး နေတာကို မြင်ရဲ့ သားနဲ့ ကားဟွန်း အဆက်မပြတ်တီးပြီး အရှိန်နဲ့ မောင်းဝင်ပါတယ်။ “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်” လို့ ထပ်အပြောခံရမှာ စိုးတဲ့ အတွက် ဘာမှထပ် မပြောတော့ပါ။ မှတ်တမ်းမှတ်ရာနဲ့ တင်ပြနိုင်ဖို့ အတွက် ကင်မရာအလုပ်ကိုသာ အာရုံစိုက်ရ ပါတော့ တယ်။
ရန်ကုန်ကနေ နယ်မြို့တွေသွားတဲ့အခါမှာလည်း လေယာဉ်တွေ၊ ရထားတွေထက် ကားလမ်းကိုသာ လူတွေ အဓိကထား သွားကြတာ တွေ့ရပါတယ်။ ထားဝယ်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေး၊ မန္တလေး-တောင်ကြီး၊ တောင်ကြီး-ရန်ကုန် ခရီးစဉ်တွေ အားလုံံးကို ကျနော် ဘတ်စ်ကား စီးပြီး သွားခဲ့ပါတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့ အတိုင်း တိုင်းပြည်က ဆင်းရဲနေ ဆဲ မို့ လမ်းတွေ ကောင်းကောင်း မပြင်နိုင်သေးတဲ့ ကိစ္စကို အပြစ်တင်စရာ မရှိပါ။
ဒါပေမယ့် လမ်းအခွန် ကောက်တဲ့ စနစ်ကတော့ တိုင်းပြည် ဆင်းရဲတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ အခု ပြင် အခု ရနိုင်တဲ့ ငွေကုန်ကြေးကျ မများတဲ့ လုပ်ငန်းစဉ်လို့ ထင်မိပါတယ်။ ထားဝယ်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေးလမ်း တွေမှာ ကျနော်ပဲ အိပ်ငိုက် နေလို့လား မသိပါ၊ မြို့ဝင်ကြေး ကောက်တာမျိုး မတွေ့မိပါ။ ကုမ္ပဏီတွေက ဆောက်လုပ်ထားတဲ့ အဝေးပြေးလမ်း Toll ဂိတ်တွေမှာ လမ်းခွန် ကောက်တာကိုတော့ တွေ့မိပါတယ်။
ကိုယ်က နောက်မှာ ထိုင်တာ ဆိုတော့ ကားဆရာနဲ့ ဂိတ်ဆရာ ဘာတွေ ပြောမှန်းမသိပါ။ နော်ဝေးနဲ့ ထိုင်းမှာ တွေ့ဖူးသလောက် ကတော့ Toll ဂိတ်မှာ ဘာမှပြောစရာ မလိုပါ။ ကားကြီး ဘယ်လောက်၊ ကားငယ် ဘယ်လောက်၊ ကျသင့်တဲ့နှုန်းကို ပေးရင် ဂိတ် တခါး ပွင့်မယ်။ လက်မှတ်ရမယ်။ အားလုံး ကွန်ပျူတာ စနစ်နဲ့ထိမ်းချုပ်ထားတယ်။ ဒီလို နားလည်ထားပါတယ်။
ဒါပေမယ့် မန္တလေးကနေ တောင်ကြီး၊ တောင်ကြီးကနေ လင်းခေးမြို့ဆီသွားတဲ့ ခရီးစဉ်တွေမှာတော့ ဘတ်စ်ကားကြီး တွေ အစား ဗင်ကားလို့ ဒေသခံတွေက ခေါ်တဲ့ လူ ၄ ယောက်စီး တက္ကစီလို ကားမျိုးကို စီးမိပါတယ်။ ကားသမားဘေး က ရှေ့ခုံမှာ ထိုင်ခွင့်ရတော့ ကားသမား ပြောသမျှ၊ ကားသမားလုပ်သမျှ အကုန်မြင် နေရပါတယ်။ စဉ့်ကူ၊ ကျောက်ဆည်၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ အေးသာယာ၊ တောင်ကြီး အထိ မြို့တိုင်းမှာ မြို့ဝင်ကြေး ၃၀၀ ကျပ်စီ ပေးတာ တွေ့ရပါတယ်။
အလားတူ ဟိုပုန်း၊ လွိုင်လင်၊ မိုင်းပွန်၊ နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့အဝင်တွေမှာလည်း ၃၀၀ ကျပ်စီ ပေးရပါတယ်။ ဒါပေမယ့် ၅၀၀ တန်ပေးလိုက်ရင် ပြန် မအမ်းတော့ပါ။ ၃၀၀ အတွက်လည်း ဘာလက်မှတ်မှ မရပါ။ “ဘာလို့ ငွေလက်ခံဖြတ်ပိုင်း မတောင်းတာ လဲ” ဆိုပြီး ကားဆရာကို ကျနော်က မေးတော့ “အလုပ်ရှုပ်ပါတယ်ဗျာ။ အဲဒါ တောင်းနေရင် ကား အကြာကြီး ရပ်နေရလိမ့်မယ်” လို့ဖြေပါတယ်။
အင်း မြို့ဝင်ကြေး ကောက်တဲ့ ဂိတ်တွေမှာ ကွန်ပျူတာစနစ် မရှိသေးတဲ့ အတွက် အခွန်ပြေစာ မပေးနိုင်သေးတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ နောက်တခါ ကွန်ပျူတာစနစ် မရှိသေးတဲ့ အတွက် တနေ့တနေ့ ကားဘယ်နှစ်စီး ဒီဂိတ်ကနေ ဖြတ်သွားတယ် ဆိုတာကိုလည်း ဘယ်သူကမှ အသေချာ မှတ်တမ်းတင်ထားပုံ မရပါ။
ကား ဘယ်နှစ်စီး ဖြတ်တယ် ဆိုတာ မှတ်တမ်း မရှိဘဲနဲ့ ဂိတ်ကြေး ဘယ်လောက်ရတယ် ဆိုတာကို ဘယ်လို တွက်ချက်သလဲ။ ဒီဂိတ်မှာ တာဝန်ယူတဲ့ သူတွေ ပြောတဲ့အတိုင်းပဲ မြို့တော်ဝန်တို့၊ အခွန်ဝန်ကြီးဌာနတို့၊ ကုန်းလမ်း ပို့ဆောင်ရေး ဝန်ကြီးဌာနတို့က လက်ခံလိုက်တာပဲလား။ “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူး နဲ့တူတယ်” လို့ ထပ် အပြောခံရဦးမယ့် ကိန်းပါပဲ။
ထားတော့။ တိုင်းပြည်က ဆင်းရဲနေဆဲ ဆိုတော့ ကွန်ပျူတာစနစ် မလုပ်နိုင်သေးတဲ့ အတွက် ဒါတွေကို စိစစ်ဖို့ မဖြစ်နိုင် သေး ဘူး ပေါ့။ ဒါပေမယ့် ကွန်ပျူတာစနစ်နဲ့ အသေအချာ ထိမ်းချုပ်ထားတဲ့ တောင်ကြီးမြို့ဝင်ခါနီး ပုဂ္ဂလိကပိုင် Toll ဂိတ်မှာလည်း အလားတူ အဖြစ်ကို ကြုံရတော့ ကျနော် အတော်အံ့သြသွားရ ပါတယ်။ Toll ဂိတ် တွေရောက်တိုင်း ပေးနေကျ အခကျေးငွေကို ကားဆရာက ထုတ်ပေးတာ ကျနော် မြင်လိုက်ရပါတယ်။
“ဟာ အစ်ကိုကြီးကလဲ၊ အချင်းချင်းတွေကို ပိုက်ဆံလာပေး နေပြန်ပြီ။ ပိုက်ဆံ မယူဘူး။ ပြန်လာမှ မုန့်ဝယ်လာခဲ့လေ”လို့ Toll ဂိတ်ကောင်တာ ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးက ပြန်ပြောပါတယ်။ ကျနော့် နားကို ကျနော် မယုံလို့ ကောင် မလေး ရှေ့က ကွန်ပျူတာကို အသေအချာလှမ်းကြည့် ပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ ဘာတွေ ပေါ်နေမှန်း ကောင်းကောင်း မမြင်ရပါ။ ပြီးတော့ ဘေးမှာ CCTV ကင်မရာတွေကော မရှိဘူးလား ဆိုပြီး ကျနော် လိုက်ကြည့်ပေမယ့် ဘာမှ မတွေ့ရပါ။
ကျနော့် နားနဲ့ မျက်စိအာရုံတွေ ချွတ်ယွင်းနေတာတော့ မဟုတ်လောက်ပါဘူး။ Toll ဂိတ်စနစ်နဲ့ အကောက် ဝန်ထမ်းတွေ၊ ကား သမားတွေရဲ့ တာဝန်ယူမှု၊ ကိုယ်ကျင့်သိက္ခာတွေက ဘယ်လိုမျိုးကြီးလဲ။ ဒါပေမယ့် ဒါကို လွဲချော်ခြင်း တခု၊ ကိုယ်ကျင့်သိက္ခာ ခြ စားခြင်းတခု၊ လာဘ်စားမှု တခုဖြစ်တယ်လို့ ကားသမားရော၊ Toll ဂိတ် ဝန်ထမ်းတွေကပါ ရှုမြင်ထားပုံ မရပါဘူး။
“ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်” လို့ ခဏခဏ အပြောခံနေရတဲ့ ကျနော်တဦးတည်းကသာ ဒီလိုမြင်နေတာ ဖြစ် ပုံရပါတယ်။
ထားတော့။ နယ်စွန်နယ်ဖျား မို့လို့ ဒီလို လွဲချော်နေတာ ဖြစ်နိုင်ပါတယ်။ တနိုင်ငံလုံး ဒီလို လွဲနေတာ မျိုးတော့ မဟုတ်လောက်ပါဘူး လို့ တွေးရင်း ရှမ်းပြည်ကနေ ကျနော် ပြန်လာခဲ့ပါတယ်။ မန္တလေးကို မဝင်ခင် စစ်ကိုင်း တောင်ရိုး ပေါ်က ပြန်အဆင်း၊ ဧရာဝတီမြစ်ကူးတံတား (အရင် အင်းဝတံတား) ဘေးက သတိပေး ဆိုင်းဘုတ်တွေကိုမြင်ရတော့ နောက်ထပ် ထူးခြားချက် တခု ကို တွေ့လိုက်ရ ပြန်ပါတယ်။
“ဌာနဆိုင်ရာ မော်တော်ယာဉ်မှန် မမှန် စစ်ဆေးလိုပါသဖြင့် မော်တော်ယာဉ်များ ခေတ္တရပ်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်” တဲ့။ တမျိုးကြီး ပါလား။ နော်ဝေးမှာရော၊ ထိုင်းမှာပါ ဒီလိုမျိုး သတိပေးချက် မတွေ့ မိပါဘူး။ အသေအချာ ပြန်ဖတ်ကြည့်တော့ “ဌာနဆိုင်ရာ တံဆိပ်များ အယောင်ဆောင် တပ်ဆင်၍ လမ်း/ တံတား၊ ဂိတ်ကြေးများ မပေးဘဲ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနေလို့” ဒီလို မေတ္တာရပ်ခံရတာပါ တဲ့။
ဆိုလိုတာက ဌာနဆိုင်ရာကား ဆိုရင် တံတားကြေး၊ ဂိတ်ကြေး ပေးစရာ မလိုဘူးပေါ့။ ဘာကြောင့်လဲ။ ဒီ ကားတွေက မြေနဲ့ မထိ ဘဲ၊ လမ်းနဲ့မထိဘဲ လေပေါ်မှာ မောင်းသွားလို့လား။ လမ်းခွန်ကောက်တာပဲ။ ဘယ် ကားဖြစ်ဖြစ် လမ်းပေါ် ဖြတ်တဲ့ ကားမှန်သမျှ ကောက်ရမှာပေါ့။ ကွန်ပျူတာစနစ်ထဲမှာ ဌာနဆိုင်ရာကားဆိုရင် စခရင် (Screen) မှာ မပေါ်ဘဲ ကိုယ်ဖျောက် စနစ်နဲ့ ဖြတ်သွားလေရော့ သလား။ တခြား နိုင်ငံတွေက ကွန်ပျူတာ စနစ်နဲ့ မြန်မာနိုင်ငံက ကွန်ပျူတာ စနစ် မတူကြဘူးလား။
အင်း လမ်းပေါ်က အမှားတွေ အတွက် လမ်းကိုပဲ အရင်ပြင်ရ မလား၊ မြို့ဝင်ကြေးကောက်တဲ့ ဂိတ်စနစ် ကိုပဲ အရင်ပြင်ရ မလား။ Toll ဂိတ်တွေက ကွန်ပျူတာစနစ်ကိုပဲ အရင်ပြင်ရ မလား။ ဒါမှမဟုတ် တာဝန်ကျ ဝန်ထမ်းတွေ၊ ကားသမားတွေ၊ လူတွေရဲ့ စဉ်းစားပုံ Mindset ကိုပဲ အရင်ပြင်ရ မလား။
“ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်” ဆိုတဲ့ စကားလုံးကို အကာအကွယ်ယူပြီး ဝေဖန်သမျှကို မျက်စိမှိတ်စွတ်ငြင်း လေ့ ရှိတဲ့ အမူအကျင့်ကိုပဲ အရင်ပြင်ရ မလား။ မန္တလေး-ရန်ကုန် အမြန်လမ်းပေါ် ပြေးနေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ရင်း ကျနော် စဉ်းစားနေမိပါတယ်။ ။