ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ပြည်ထောင်စု လွှတ်တော်တွင် ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အစိုးရပိုင် သတင်း စာနယ်ဇင်းများ အဆင့်မြှင့်တင်ရေး အသုံးစရိတ် ကျပ်ငွေ ၃၆ ဘီလီယံ တောင်းခံခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးနှင့် မည်မျှ ဟန်ချက် ညီပါသနည်း။ ယင်း အသုံးစရိတ်မှ ဒီမိုကရေစီ တည်ဆောက် ရေးတွင် အရေးကြီးသည့် ပုဂ္ဂလိကပိုင် လွတ်လပ်သော သတင်း စာနယ်ဇင်း ကဏ္ဍ ဖွံ့ဖြိုးရေး မည်သည့် အစီအစဉ်ကို မည်မျှ ပံ့ပိုးပေး မည်နည်း။
ပြန်ကြားရေး ဝန်ကြီး၏ တင်ပြချက်တွင် ရုပ်သံ ထုတ်လွှင့်မှု ပစ္စည်းများ ဝယ်ယူခြင်း၊ နိုင်ငံပိုင် သတင်းစာ များအား အဆင့်မြှင့် တင်ခြင်း၊ ကျေးရွာ စာကြည့် တိုက်များ တည်ဆောက် ခြင်းနှင့် ရုပ်ရှင်ရုံ ၇ ရုံကို ဒစ်ဂျစ်တယ် စနစ် ပြောင်းလဲရေးတို့ အတွက်ဟု ဆိုထားရာ ပုဂ္ဂလိကပိုင် လွတ်လပ်သော သတင်းစာများ ဖွံ့ဖြိုးတိုးတက်ရေး မပါဝင်ဟု အကြမ်းအားဖြင့် မှတ်ယူနိုင်သည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ သတင်းစာနယ်ဇင်းလုပ်ငန်းသည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ၃ နှစ်တာကာလအတွင်း အထက်မှ အောက်သို့ အမိန့်ပေးသော ဝါဒဖြန့်ချိရေးယန္တရားမှသည် အောက်ခြေလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်မှန်များကို ဖြန့်ဖြူးရေး ဦးတည်သော ပြုပြင်ပြောင်းလဲမှု အလွန်နှေးကွေးလွန်းနေသည်။
လက်တွေ့အခြေအနေတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံသားတို့၏ အခွန်ဘဏ္ဍာငွေ၊ နိုင်ငံပိုင် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိရေး ယန္တယားနှင့် အသံလွှင့်စက်ရုံများကို အသုံးပြုပြီး ပုဂ္ဂလိကပိုင် စာနယ်ဇင်းလုပ်ငန်းများနှင့် ပြိုင်၍ ကြော်ငြာရှာဖွေလက်ခံခြင်းတို့ကို လုပ်ကိုင်နေသည်။ ယင်းသည် လူအင်အား၊ ငွေကြေးအရင်းအနှီးနှင့် စက်ပစ္စည်း ယန္တရားများ မည်သို့မျှ မယှဉ်သာသည့် ပုဂ္ဂလိကပိုင် စာနယ်ဇင်းများအတွက် မျှတသော ပြိုင်ဆိုင်မှုဟု မဟုတ်ပါ။ ထို့ပြင် တင်ထုတ်စနစ်မှ ထုတ်တင်စနစ်သို့သာ ပြောင်းလဲသွားသော်ငြား ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာများအပေါ် ထိန်းချုပ်ထားသည့် စနစ်နှင့် ဥပဒေများ ဆက်လက်တည်ရှိဆဲဖြစ်သည်။
လွှတ်တော်တွင် ပြဌာန်းရန် ပြန်ကြားရေးဝန်ကြီးဌာနမှ တင်သွင်းသော မီဒီယာဆိုင်ရာ ဥပဒေသစ်များတွင်လည်း မညီမျှမှုများကို တွေ့ရသည်။ ဥပမာအားဖြင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ကိုင်နေသူ လုပ်ငန်းရှင်အား ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ခွင့် မပြုခြင်းမှာ လူထုပြန်ကြား ဆက်သွယ်ရေးလုပ်ငန်းကြီးတခုလုံးကို လက်ဝါးကြီးအုပ်ခြင်းမှ ကာကွယ်ရန်ဟု နားလည်နိုင်သော်လည်း လက်ရှိ တပ်မတော်နှင့် ပြန်ကြားရေးဝန်ကြီးဌာနကသာ ရုပ်သံနှင့် ရေဒီယို အသံလွှင့်လုပ်ငန်း၊ သတင်းစာနယ်ဇင်းနှင့် ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်း အားလုံးကို ဆက်လက် ထိန်းချုပ်လုပ်ကိုင်နေခြင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက် မသင့်လျော်ပေ။
ပြန်ကြားရေး ဝန်ကြီးဌာနက အစိုးရပိုင် မီဒီယာ လုပ်ငန်းများကို “အများပြည်သူ ဝန်ဆောင်မှု” လုပ်ငန်းများအဖြစ် ပြောင်းလဲမည်ဟု ကြွေးကြော်ထားသော်လည်း သတင်းစာတိုက်များနှင့် အသံလွှင့်ရုံများ၏ မူဝါဒများ ယနေ့ထိတိုင် အစိုးရလက်မှ မလွတ်နိုင်သေးသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် လူထုဆက်သွယ်ပြန်ကြားရေးကို အစိုးရက ချုပ်ကိုင်သည်ဆိုသည်မှာ ကွန်မြူနစ်နိုင်ငံများနှင့် အာဏာရှင်အုပ်စိုးသော နိုင်ငံများတွင်သာ မြင်ရ၏။ ဒီမိုကရေစီ နိုင်ငံများတွင်မူ လူထု ဆက်သွယ် ပြန်ကြားရေးအလုပ်ကို ပုဂ္ဂလိကက လွတ်လပ်စွာ လုပ်ကိုင်နိုင်ပြီး အစိုးရ၏ မူဝါဒ သဘောထားများကို အစိုးရပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များက အမြဲဆိုသလို သတင်းထောက်များနှင့် တွေ့ဆုံထုတ်ပြန်ပေးလေ့ရှိသည်။
အစိုးရအနေဖြင့် ဒီမိုကရေစီတည်ဆောက်ရေးတွင် စတုတ္ထမဏ္ဍိုင်ကို အားကောင်းမောင်းသန်ဖြစ်စေလိုလျှင် ပုဂ္ဂလိကပိုင် သတင်းမီဒီယာများကို ကြီးထွားခွင့်ပေးရမည်။ ထိုသို့မဟုတ်ဘဲ ချုပ်ခြယ်ထားသော လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့် ဘောင်ခတ်ထားသည့် အပြင် နိုင်ငံ့ဘဏ္ဍာ၊ နိုင်ငံပိုင် စက်ပစ္စည်းများ အသုံးပြု လည်ပတ်နေသည့် အစိုးရမီဒီယာများဖြင့် လူထုဆက်သွယ်ပြန်ကြားရေး လုပ်ငန်းကြီးတခုလုံးကို အသာစီးမှ ဆက်လက် ထိန်းချုပ်လုပ်ကိုင်နေဦးမည်ဆိုလျှင် အစိုးရပြောသော ပြုပြင်ပြောင်းလဲရေးဟူသည် အသံသာရှိပြီး အဆံမပါဟုသာ ဆိုရပေတော့မည်။