စင်ကာပူ အကြီးအကဲ ခေါင်းဆောင်ဟောင်း လီကွမ်ယု သည် မြန်မာနိုင်ငံကို အကြိမ်ကြိမ် ရောက်ခဲ့ ဖူးသည်။ အလည် လာတိုင်းလည်း လှပသော မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဖြင့် တိုင်းပြည်ဝင်ငွေ အကြီးအကျယ် ရနိုင်ကြောင်း မြန်မာအစိုးရ ခေါင်းဆောင် များကို တိုက်တွန်း ပြောကြား ခဲ့ဖူးသည်။
ထိုစဉ်က တိုင်းပြည်ကို တံခါးပိတ် ထားခဲ့သော အာဏာ ရှင်ဟောင်း ဦးနေဝင်း အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများက လီကွမ်ယု ပြောသည်ကို ငြိမ်ပြီးနားထောင် ခဲ့ကြသည်ဟု လီကွမ်ယု၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်၌ ဖော်ပြခဲ့သည်။
ဤနေရာတွင် တိုင်းပြည်အာဏာကိုသာ လက်နက်နှင့် ယူတတ်ပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးနှင့် သာယာဝပြောအောင် လုပ်ဆောင်ရေးတို့အတွက် စွမ်းဆောင်ရည်မရှိသော စစ်အာဏာ ရှင် တချို့၏ လက်ရုံးရည်၊ နှလုံးရည် ကင်းမဲ့မှုနှင့် အရည်အချင်း မရှိမှုတို့ကို အတိုင်းသား မြင်ရပေမည်။
ယခုအခါ တံခါးဖွင့်လာသော မြန်မာပြည်တွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း (Tourism) ဖြင့် တိုင်းပြည်ဝင်ငွေ ရှာသင့်သည်။ တိုင်းသူပြည်သားများလည်း လုပ်ငန်း အခွင့်အလမ်းနှင့် ဝင်ငွေ များ ပိုရနိုင်သည်။
ရှေးဟောင်း စေတီပုထိုးများ၊ ရှေးဟောင်းသမိုင်းဝင် ကိုလိုနီ ခေတ် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများ၊ အပန်းဖြေ ကမ်းခြေများ၊ တိုင်းရင်းသားလူမျိုးစု ဒေသများမှ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာအစားအသောက် များက ကမ္ဘာလှည့်ခရီးသွားများကို ကောင်းစွာ ဆွဲဆောင်နိုင်ပါ သည်။
ဤနေရာတွင် အစိုးရ၏သက်ဆိုင်ရာဝန်ကြီးဌာနမှ ဦးဆောင် မှု လိုမည်၊ မူဝါဒများအသစ် ချမှတ်ရန်၊ ရှိပြီးမူဝါဒများကိုလည်း အချိန်ကာလနှင့်ကိုက်ညီအောင် ပြင်ဆင်ရန် လိုအပ်သည်။ လွန် ခဲ့သည့် ၂ နှစ်ခန့်မှစတင်၍ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် သူ တနှစ်လျှင် ၂ သန်းခန့်ရှိသည်ဟု သိရသည်။ ဤအရေအတွက် က ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၂ ဆတိုးမည်ဟု ခန့်မှန်း တွက်ချက် ထားကြသည်။
ဝန်ဆောင်မှု လုပ်ငန်း၊ ခရီးသွားလာရေး၊ ဟိုတယ်၊ ပြည်တွင်း ပြည်ပတွင် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး ကမ္ဘာ သိအောင် လုပ်ဆောင်ခြင်း၊ ခရီးသည်များ လည်ပတ်မည့်နေရာ များကို သတ်မှတ်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရေးတို့ကို လုပ်ဆောင် သင့်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် တိုင်းပြည်ဝင်ငွေ ရှာနေကြသည်။ ထိုအထဲ တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့ ပါဝင်ကြသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တနှစ်လျှင် ကမ္ဘာလှည့်ခရီးသည် ၁၅ သန်းမှ သန်း ၂ဝ အထိ လာရောက်လည်ပတ်ကြသည်။ ပွင့်လင်းစပြုလာသည့် မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုနှုန်း မှာ ထိုင်းနိုင်ငံနှင့်စာလျှင် အဖျားအနားသားမျှသာ ရှိသေးသည်။
ထိုင်းအစိုးရမှ TAT ခေါ် Tourism Authority of Thailand ကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ယမန်နှစ်က ချပေးလိုက်သော ဘတ်ဂျက်ငွေမှာ အမေရိကန်ဒေါ်လာ ၂၇၄ သန်းဖြစ်သည်။ ပြန်ဝင်ရန်ခန့်မှန်းထားသည့် ငွေက ၃၈ ဘီလီယံ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းမှလည်း ဝင်ငွေ အဓိက ရရှိနေသည်။
မြန်မာနိုင်ငံ၏ အနေအထားဖြင့်မူ နောက်မှနေ၍ များစွာ လိုက်ရဦးမည်။ မြန်မာအစိုးရ၏ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတွင် မည်ကဲ့သို့သောအမြင်များရှိထားသနည်း၊ ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်းနှင့် အိမ်တွင်းမှုလုပ်ငန်းများ တိုးတက်ပြီး ဝင်ငွေရအောင် မည်ကဲ့သို့ရှာမည်နည်း ဆိုသည်ကို မူဝါဒ ပီပြင် ရန် လိုအပ်မည်။ ဘတ်ဂျက်လည်း လိုမည်။
၁၉၉၆ ခုနှစ်တွင် ထိုစဉ်က မြန်မာစစ်အစိုးရက Visit Myanmar Year ဟု လုပ်ခဲ့ဖူးသည်။ မအောင်မြင်ခဲ့ပါ။
အထက်မြန်မာပြည်ကို အပျော်တမ်း စက်ဘီးစီးရန် ခရီးထွက်သော နိုင်ငံခြားသားခရီးသည်များကို စစ်ထောက်လှမ်းရေး က လိုက်လံဖမ်းဆီးခဲ့သည်။ ပြည်နှင်ဒဏ်ပေးပြီး ပြန်ပို့ခဲ့သည်။ မန္တလေးမြို့ရိုး ပြုပြင်ရေးအတွက် ရဲဘက် အကျဉ်းသားများကို အတင်းအဓမ္မ စေခိုင်းသည့်အတွက် နိုင်ငံတကာသတင်းများတွင် ဝေဖန်ခြင်းခံရသည်။ စစ်အစိုးရ၏ ဖိနှိပ်မှုများ၊ နိုင်ငံရေး အကန့် အသတ်များနှင့် တိုင်းရင်းသားဒေသများမှ ပဋိပက္ခများက Visit Myanmar Year ကို မွေးသေ ဖြစ်အောင် လုပ်ခဲ့သည်။
ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများကဲ့သို့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ထွန်းကားစေရန် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အတွက် နေအိမ်များတွင် တည်းခိုနိုင်သည့် Home Stay စနစ် ခွင့်ပြုရေးလည်း လိုအပ်မည်။ ထို့အပြင် ဝန်ဆောင်မှု ဆိုင်ရာ အခြေခံအဆောက်အအုံ တစုံလုံးကောင်းရန် စီမံရမည်။ တာဝန်သိ ခရီးသွားလုပ်ငန်း မူဝါဒ (Responsible Tourism Policy) ကိုလည်း တာဝန်ရှိသူများက သေချာနားလည်ထားရန် လိုအပ်သည်။
ကမ္ဘာလှည့် ခရီးသွားများအတွက် ကန့်သတ်နယ်မြေများကို ဖြေလျှော့ရန် လိုအပ်သကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများ၏ လုံခြုံ ရေးကိစ္စကိုလည်း စနစ်တကျ စီမံထားပြီးဖြစ်နေရမည်။
ဖိအားပေးပြီး လုပ်ငန်းရှင်ကြီးများကို ဟိုတယ်ဇုန်များတွင် ဟိုတယ်များ ဆောက်လုပ်စေခြင်းနှင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ကူညီပါဆိုသော ဆိုင်းဘုတ်များကို ထောင်ထား ရုံဖြင့် အလုပ်မဖြစ်ပါ။ လူရယ်စရာသာ ဖြစ်နေပါသည်။
အခန်းငှားခ ဈေးနှုန်းများ အဆမတန်ယူထားသည့် ဟိုတယ် များက ဝန်ဆောင်မှု ညံ့နေခြင်းသည် ရွေဥ ဥပေးသော ငန်းကို တနေ့တည်းနှင့် အပြီးသတ်ဖို့ လုပ်နေကြခြင်း ဖြစ်သည်။ သန့်စင် ခန်း ဆိုသော်လည်း မသန့်စင်နိုင်လောက်အောင် အနံ့အသက် များက ထောင်းထောင်းထနေသည်။ လေဆိပ်များမှာလည်း ဝန် ဆောင်မှုက ၁၉ ရာစု ခေတ်အတိုင်း ရှက်ဖွယ်လိလိ။
စေတီ ပုထိုးများ ဘုရား အတွင်း နိုင်ငံခြားသားများကို ဒေါ်လာ ကောက်ယူရုံဖြင့် မြန်မာ့ ကမ္ဘာလှည့့်ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုဟု မဆိုနိုင်ပါ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုသည် မှာ ”မီးခိုးမထွက်သော ဝင်ငွေအလွန်ကောင်းသည့် စက်ရုံကြီး တခု” ဆိုသည်ကို အားလုံးက နားလည်ထားသင့်သည်။