၂၀၁၄ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု ၄ နှစ်ထဲဝင်လာချိန်၌ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်လာနိုင်မှု အလားအလာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အခြေအနေ၊ ၈၈ မျိုးဆက်များ၏ အနေအထား၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တပ်မတော်၏ အခန်းကဏ္ဍ၊ ဒေသတွင်း ပထဝီ နိုင်ငံရေးနှင့် မီဒီယာ လွတ်လပ်မှုများကို မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်အား ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။
ဦးမင်းဇင်သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၌ ပါဝင် လှုပ်ရှားခဲ့ပြီး နောက်ပိုင်း ပြည်ပသို့ တိမ်းရှောင်ခဲ့သည်။ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား တက္ကသိုလ် ဘာကလေတွင် အာရှလေ့လာရေး ဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိခဲ့သည်။ ယခုအခါ နိုင်ငံရေး သိပ္ပံ ပါရဂူဘွဲ့ အတွက် ယင်းတက္ကသိုလ်တွင် စာတမ်း ပြုစုလျက် ရှိသည်။
ဧရာဝတီ။ ။၂ဝ၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူးလို့ အစောပိုင်း ကတည်းက ပြောခဲ့တယ်။ အခု ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆ ရှိနေတုန်းပဲလား။
ဦးမင်းဇင်။ ။ အဓိကကတော့ဗျ အခြေခံ ဥပဒေကို ပြင်မလား၊ မပြင်ဘူးလားဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့။ ၅၉(စ)ကို ပြင် မပြင်ပေါ့။ အခု ကြံ့ခိုင်ရေး ညီလာခံက ၅၉ (စ) ကို ပြင်တဲ့အခါ ၅၉ (စ)ထဲက အစိတ်အပိုင်း တချို့ပေါ့၊ အထူးသဖြင့်တော့ သားသမီးတွေရဲ့ ခင်ပွန်းတို့၊ ဇနီးတို့နဲ့ ပတ်သက်ပြီးတော့ အဲဒါကို လျှော့ပေးမယ် ပြောမယ်။ အဲဒီတော့ ဒါက အဓိကကျတဲ့ အကြောင်းအချက် သိပ်မဟုတ်ဘူး။ အဓိကကျတဲ့ အချက်က သူ့ရဲ့ သားနှစ်ယောက်က နိုင်ငံခြားသား ဖြစ်နေတာပေါ့။
နိုင်ငံရေးအရ ပြောမယ် ဆိုရင်တော့ဗျာ၊ ကြံ့ခိုင်ရေး ပါတီအနေနဲ့ အင်မတန်မှ ကျင်လည်တဲ့ မဟာဗျူဟာ တခုလုပ်တယ်လို့ သုံးသပ်လို့ ရတယ်။ သဘောကတော့ ၅၉ (စ) ပြင်ဆင်ရေး ကိစ္စက ကြံ့ခိုင်ရေး ပါတီအပေါ်မှာ မူတည်တယ်။ တပ်မတော် အပေါ်မှာ မူတည်တယ်ဆိုတဲ့ ကိစ္စကနေပြီးတော့ အခုက ဒီပြဿနာက ငါတို့ ပြဿနာ မဟုတ်ဘူး၊ ခင်ဗျား ပြဿနာ ဆိုပြီးတော့ ခင်ဗျား သမ္မတ လုပ်ချင်ရင် သားတွေကို မြန်မာနိုင်ငံသား ခံယူခိုင်း၊ မြန်မာစကားမှာ ကိုယ့်အရိုးနဲ့ ကိုယ်ထိုးတယ် ဆိုတဲ့ စကားပုံ ရှိတယ်။ ဆိုလိုတဲ့ သဘောက ကိုယ့်ပြဿနာကို သူ့ ပြဿနာ ဖြစ်အောင် ဘောလုံးကို တဖက်ရဲ့ ကစားကွင်းထဲကို ပြန်ကန်ပေးလိုက်တဲ့ သဘောပဲ။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြဿနာ ဖြစ်လာတာက ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေ ပြောသလို သူ့သားနှစ်ယောက်ကို မြန်မာနိုင်ငံသား အဖြစ် ပြန်ခံယူခိုင်းတယ် ဆိုရင်လည်း ၅၉(စ) ကို ပြင်ဖို့ တောင်းဆိုတာဟာ မူအားဖြင့် ပြင်ဖို့တောင်းဆိုတာ မဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေး အရ ပြင်ဖို့ တောင်းဆိုတာ ဖြစ်သွားပြီ။ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ သိမ်သိမ်မွေ့မွေ့ရွေးရမယ့် ကိစ္စ ဖြစ်လာပြီ။ သူ့သား နှစ်ယောက်ကို နိုင်ငံသား အဖြစ် ပြန်ခံယူမယ် ဆိုရင်လည်း Technical လို့ ခေါ်တဲ့ နည်းနာပိုင်း ဆိုင်ရာ အကန့်အသတ်လေးတွေ အများကြီး ရှိနိုင်သေးတယ်။ ပြေလည်ရင်တောင်မှ သူဟာ ဒီ ၅၉(စ) ကို မူအားဖြင့် မမျှတလို့၊ လက်မခံနိုင်လို့ ပြင်ခိုင်းတာထက် သူ့ပုဂ္ဂိုလ်ရေး အရ ပြင်ခိုင်းတယ်ဆိုတဲ့ သဘောမျိုး ရောက်သွားအောင်လို့ ကြံ့ခိုင်ရေးဘက်က နိုင်ငံရေးအရ လုပ်ဆောင်တယ်လို့ ကျနော် မြင်တယ်။ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ နိုင်ငံရေး အကွက်လို့ ကျနော် ထင်တယ်။ ဒါတွေ အကုန်ဖြစ် သွားရင်တောင်မှ လွှတ်တော်ထဲမှာ မဲပေးပုံ စနစ်က မဲဆန္ဒရှင်တွေ ကိုယ်တိုင်တောင်မှ သူ့အမတ်က ဘယ်သူ့ကို မဲပေးတယ်ဆိုတာ မသိနိုင်ဘူး။ လျှို့ဝှက်ပြီး မဲပေးတဲ့ အခါကျတော့ ကျနော်အထင် ၅၉ (စ) ဟာ ပြင်လို့မရမှန်း သိလို့ကို ကြံ့ခိုင်ရေး ပါတီက တမင်သက်သက် လုပ်တယ်လို့ ကျနော်တော့ ထင်တယ်။ ပြီးတော့ ကြံ့ခိုင်ရေးပါတီ ညီလာခံမှာ မူတွေ ချမှတ်တဲ့ အခါမှာ ဦးစားပေး အဆင့်တွေ ရှိပါတယ်။ ဒီ ၅၉ (စ) ကိစ္စဟာ ထိပ်တန်း ဦးစားပေး အဆင့်ထဲမှာ မပါပါဘူး။ တိုင်းရင်းသား ကိစ္စနဲ့ ကျန်အုပ်ချုပ်ရေးပိုင်း ပြုပြင်ရေးတွေပဲ သူတို့ ထိပ်တန်း ဦးစားပေးထဲမှာ ပါပါတယ်။
ဧရာဝတီ။ ။ ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်မယ့် သူတွေ အနားမှာ သိပ်မရှိဘူး၊ Team Work ပျောက်နေတယ် ဆိုတာမျိုးတွေ ကြားနေရတော့ ဒီလိုအခြေအနေတွေမှာ တိုင်းပြည် ကို သူဘယ်လို ဦးဆောင်မလဲ။
ဦးမင်းဇင်။ ။ ကျနော်မြင်တာကတော့ နိုင်ငံရေး ခေါင်းဆောင်တိုင်းဟာ အားလုံးကို မသိနိုင်ဘူး။သူ့နားမှာ ကျွမ်းကျင်တဲ့သူတွေ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ အဲလို ပုဂ္ဂိုလ်မျိုးတွေ ရှိလား၊ မရှိလားတော့ ကျနော် မပြောတတ်ဘူး။ ဒါပေမယ့် မရှိသေးရင်တော့ ရှိသင့်တယ်လို့ ကျနော် ထင်တယ်။ နိုင်ငံရေးသမားတိုင်းမှာ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ ရှိသင့်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် ကျနော် အမြဲတမ်း ထောက်ပြတဲ့ ကိစ္စနှစ်ခု ရှိပါတယ်။ ဒီအသင်းအဖွဲ့ကို နိုင်ငံရေးပါတီကို အသင်းအဖွဲ့ပုံ၊ နိုင်ငံရေးပါတီ ပုံပေါက်လာအောင် Institution တခုလို ပုံပေါ်လာအောင် မလုပ်တဲ့ ဟာပဲ။ လုပ်ဖို့ နှောင့်နှေးတယ်။ လုပ်ဖို့ ပျက်ကွက်တဲ့ ကိစ္စပဲ။ နောက်တခုက တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်တွေ လုပ်တဲ့အခါ အာဏာပိုင်များနဲ့ အထူးသဖြင့် စစ်တပ်နဲ့ ပေါ့လေ၊ အဲလိုမျိုး တွေ့ဆုံ ဆွေးနွေးရေး လုပ်တဲ့ အခါမှာ လူပုဂ္ဂိုလ် တဦးတည်းကပဲ ဒိုင်ခံပြီးတော့ လုပ်နေတာ။ တကယ်တော့ Negotiation Process ကိုပါ Institutionalize လုပ်ဖို့ လိုတယ်။
အခု သူမရှိရင် ဘယ်သူ ဆက်လုပ်မလဲဆိုတဲ့ အနေအထား ဖြစ်လာတယ်။ ဥပမာ ဆိုပါစို့ ဦးသိန်းစိန်နဲ့ တွေ့တယ်ပေါ့။ ပထမ သုံး၊ လေး၊ ငါး ခေါက်လောက်က ပြဿနာ မရှိပေမယ့် နောက်ပိုင်း ကြာလာရင် ကျန်တဲ့ အင်အားစုတွေကိုပါ ဆွဲခေါ်ဖို့ လိုတယ်။ အနိမ့်ဆုံးဗျာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း တွေ့တာ မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဥက္ကဋ္ဌ အနေနဲ့ ဒီလူတွေနဲ့ တွေ့တာ ဖြစ်ဖို့လိုတယ်။ ဒါ အနိမ့်ဆုံး အဆင့်ပေါ့။ ဒီထက် ပိုကျယ်ပြန့်လာရင် ကျန်တဲ့ မျိုးဆက်တွေကိုပါ တွဲခေါ်သင့်တယ်။ ဒါမှ သူမရှိရင်လည်း ဒီတွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်ဟာ မပျက်ဘဲနဲ့ ဆက်ပြီးတော့ ရပ်တည်နိုင်မှာပေါ့။ အခုက တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်ကို Institutionalize မလုပ်ထားတဲ့ အခါကျတော့ ဒီဆွေးနွေးပွဲတွေမှာ ဘာတွေ ဆွေးနွေးတယ် ဆိုတာ ကျနော်တို့ မသိရဘူး။ ဦးသိန်းစိန်နဲ့ သူနဲ့ ဆွေးနွေးခဲ့တယ်။ နောက်ပိုင်း မပြေလည်ဘူး။ ပြဿနာ တက်လာတယ် ဆိုတာ သိလိုက်ရတယ်။ နောက်ပြီး ဦးရွှေမန်းနဲ့ ကပ်သွားတယ်။ ဦးရွှေမန်းနဲ့ ဆွေးနွေးတာ အကြာကြီးပဲ။ နောက်တခါ ထင်သလောက် မဟုတ်ဘူးဆိုတာ သိလာတယ်။ အခုတခါ ထိပ်သီး ဆွေးနွေးပွဲဆိုပြီး ထပ်တောင်းတယ်။ ဒါတွေက ဘာကိုပြလဲဆိုတော့ လူပုဂ္ဂိုလ် တယောက်တည်းက ဒိုင်ခံလုပ်တဲ့ အခါကျတော့ ကျန်တဲ့သူတွေက ဖြည့်တွေးပြီးတော့ ထောက်ခံ ပေးနေရတယ်။ ဒါကြောင့်မိုလို့ ဒီပွဲဟာ တသင်းလုံးဆင်း၊ တသင်းလုံးတက် မဖြစ်ဘူး။ တသင်းလုံးဆင်း၊ တသင်းလုံး တက်ပြီး တသင်းလုံးရဲ့ အားကို မယူနိုင်ဘူး ဆိုရင် ဒီလူဟာ Captain ကောင်းတယောက် မဖြစ်နိုင်ဘူး။
ဧရာဝတီ။ ။ တကယ်လို့ NLD က ၂ဝ၁၅ မှာ မဲအပြတ် အသတ် နိုင်ခဲ့မယ် ဆိုရင် တချို့လူတွေ သုံးသပ်နေ သလို လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်မှာ၊ အနောက်သြဇာ လွှမ်းမိုးတာမျိုးတွေ ဖြစ်လာနိုင်လား။ အခု ပြုပြင်ပြောင်လဲရေး အရှိန်ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် ရပ်သွားနိုင်လား။ ဆက်ပဲ သွားနိုင်မလား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာခဲ့ရင် ဘာတွေဖြစ်လာနိုင်လဲ။
ဦးမင်းဇင်။ ။ ဒါမျိုးက မုန့်ဆီကြော် ဘယ်နေမှန်း မသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုတဲ့ ကိစ္စမျိုးဗျ။ ကျနော်ကတော့ ခန့်မှန်းခြေတွေ သိပ်မပြောချင်ဘူး။ ဒါပေမယ့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း တချို့မှာရော၊ ပြည်တွင်းမှာရှိတဲ့ အသိုင်းအဝိုင်း တချို့မှာရော နိုင်ငံရေး မျှခြေပေါ့။ ဖြစ်တည်နေတဲ့ မျှခြေက တည်ငြိမ်မှုကို အထောက်အကူ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိတယ်။ ကျနော်တော့ သဘော မတူပါဘူး။ ကျနော်တို့ နိုင်ငံမှာ စစ်တပ်က နှစ်ပေါင်း ၅ဝ ကျော်လောက် အုပ်ချုပ်လာရာကနေပြီးတော့ သူတို့ပဲ ထပ်ပြီး အုပ်ချုပ်ဖို့ အတွက် ထိုက်တန်တယ် ဆိုတာမျိုးကတော့ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။
တိုင်းပြည် ပြောင်းလဲတယ် ဆိုတာ နိုင်ငံရေး တခုတည်း ပြောင်းတာ မဟုတ်ဘူးဗျ။ အုပ်ချုပ်ရေး ပိုင်းမှာလည်း ပြောင်းရတာတွေ ရှိတယ်။ စီးပွားရေးပိုင်းမှာလည်း ပြောင်းရတာတွေ ရှိတယ်။ ကျနော်တို့ကျတော့ ဒီအကျပ်အတည်းကြီးကို တခုခု ထွက်ပေါက်ရအောင် လုပ်စေချင်တာ။ တပ်က နှစ်ပေါင်းများစွာ ထိန်းချုပ်ထားရာကနေပြီးတော့ အရပ်ဘက်ကို အလှည့်ပေးသင့်ပြီ။ အဲဒီလို အလှည့်မပေးရင် ဘာပြဿနာ တက်နိုင်လဲဆိုတော့ ဒီစနစ်ရဲ့ တရားဝင်မှုက ပြဿနာတက် နိုင်တယ်။
အရင်တုန်းက မြန်မာနိုင်ငံမှာရှိတဲ့ ပညာရှင်၊ ပညာတတ်တချို့ ပြောခဲ့တာ ရှိတယ်။ ဒီစနစ်ဟာ မူပြောင်းပြီး လူမပြောင်းဘူး ဆိုပြီး ပြောခဲ့တာ ရှိတယ်။ တကယ့် တကယ်မှာကျတော့ မူပြောင်းပြီး လူမပြောင်းတာဟာ ထင်သလောက် အလုပ်မဖြစ်ဘူးဆိုတာ ကျနော်တို့ တွေ့လာရတယ်။ ဒီလူတွေပဲ ဆက်လုပ် နေမယ်ဆိုရင် လူထုက ဒီလူတွေကို ဆက်သည်းမခံနိုင်ဘူး ဆိုတာမျိုး ဖြစ်လာမယ်။ ဒီလူတွေကို အယုံအကြည် မရှိဘူးဆိုပြီး ဖြစ်လာမယ်။ ဒီလူတွေ ဆက်ရှိနေခြင်းဟာ ပြောင်းလာပါတယ် ဆိုတဲ့ မူပေါ်မှာ Negative ပေါ့။ အပြုသဘော မဟုတ်ဘဲနဲ့ အပျက်သဘော သွားပြီးတော့ အကျိုးသက်ရောက်တာ တွေ့ရတယ်။ ဒီ ၂ဝ၁၅ မှာတော့ တပ်မတော်ကရော၊ လက်ရှိ အုပ်စိုးသူတွေကရော အမြော်အမြင် ရှိမယ် ဆိုရင် အရပ်သား တယောက်ယောက်ကို အလှည့် ပေးတာဟာ လိုအပ်တယ်လို့ ကျနော် ထင်တယ်။
အရပ်သားထဲမှာလည်း လူအများစု ထောက်ခံတာ နိုင်ငံတကာက ထောက်ခံတာလည်း ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ရှိတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် အာဏာရသွားလို့လည်း တပ်မတော်နဲ့ လက်ရှိ အုပ်စိုးသူတွေ၊ သူတို့ရဲ့ စီးပွားရေး အသိုင်းအဝန်းတွေ ဒုက္ခ ရောက်သွားလိမ့်မယ်လို့ ကျနော်တော့ မထင်ဘူး။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြည့်ရင် ပြင်းထန်မယ့် ပုဂ္ဂိုလ်တယောက် မဟုတ်ဘူး။ တင်းမာတဲ့ ပုဂ္ဂိုလ်တယောက် မဟုတ်ဘူးဆိုတာ သိသာပါတယ်။ လက်ပံတောင်းတောင် ကိစ္စနဲ့ တခြားကိစ္စတွေ ကြည့်ကြည့်ပါ။
အုပ်ချုပ်ရေးပိုင်း စီးပွားရေးပိုင်းမှာလည်း တပ်နဲ့ တပ်အနွယ်တွေကပဲ ထိန်းထားတာ ဖြစ်တဲ့ အတွက်ကြောင့် မိုလို့ သိပ်ပြီး စိတ်ပူစရာ မလိုဘူး။ တနည်းအားဖြင့် ပြောရရင် ကျနော် တကယ် စိတ်ပူတာက ဘာဖြစ်နိုင်လဲဆိုရင် လီကွမ်ယု တခါက ပြောခဲ့သလိုပဲ၊ သူ စစ်တပ်ကို အကြံပေးခဲ့တယ်။ ခင်ဗျားတို့ဗျာ ဒေါ်အောင်ဆန်းစုကြည်ကို ခြံစည်းရိုး အပေါ်မှာ သင်္ကေတလို သဘောထားပြီးတော့ ကျန်တဲ့ အာဏာတွေ ဆက်ကိုင်ထားလို့ ရတာပဲ။ သူ့ကို သင်္ကေတလို Symbolic လိုပဲ တင်ပေးလိုက်စမ်းပါ။ သူလည်း ဒီထက်ပိုပြီး ဘာမှ မလုပ်နိုင်ပါဘူးဆိုတဲ့ အဲဒီလို သဘောထားမျိုးပါတဲ့ အကြံ လီကွမ်ယုက ပေးခဲ့တာ။ ကျနော် စိတ်ပူတာက တက်လာတဲ့ အရပ်သား အစိုးရက ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ်ပါ၊ Symbolic ပေါ့။ သင်္ကေတ တခုအနေနဲ့ပဲရှိပြီး ဘာမှ မလုပ်နိုင်မှာကို ကျနော်က စိတ်ပူတာ။
ဧရာဝတီ။ ။ NLD က ၂ဝ၁၂ ခုနှစ်မှာ ကြားဖြတ် ရွေးကောက်ပွဲဝင်တော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးလို့ ကြွေးကြော်ခဲ့တယ်။ အဲဒါတွေက အခု ဘယ်လို အခြေအနေရှိလဲ။ သူတို့ ပြောတဲ့အတိုင်း လုပ်နိုင်ခဲ့ရဲ့လား၊ ဒေါ်အောင်ဆန်းစုကြည်ရော သူ့ပါတီ အနေနဲ့ရောပေါ့။
ဦးမင်းဇင်။ ။ အထောက်အထားအရ ကြည့်မယ် ဆိုရင်တော့ မလုပ်နိုင်ဘူးလို့ပဲ ပြောရမှာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စမှာလည်း NLD ရဲ့ ပါဝင်ပတ်သက်မှုက မရှိသလောက်ပဲ။ တရား ဥပဒေ စိုးမိုးရေးကိစ္စနဲ့ ပတ်သက်လို့ ရှိရင်လည်း အများသိတဲ့ အတိုင်းပဲ တရားဥပဒေ စိုးမိုးရေးက ကျန်တဲ့ အသေးစိတ်တွေ ထားပါတော့။ တရားစီရင်ရေး စနစ်မှာ ဘယ်လောက် ပျက်ယွင်းမှုတွေ ရှိနေလဲ။ နောက်တခုက နိုင်ငံရေး ပြဿနာတွေကို တရား ဥပဒေ စိုးမိုးရေးနည်းနဲ့ အစားထိုးလို့ မရဘူး ဆိုတာလည်း တော်တော်များများ သဘောပေါက်လာ ကြပြီ။ ဆိုတော့ ဒီကိစ္စမှာလည်း NLD က လောက်လောက် လားလား လုပ်နိုင်ခဲ့ပုံ မရဘူး။
နောက်တခု အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာလည်း သူတို့တွေ တော်တော်လေး ပြင်းပြင်းထန်ထန် တက်ထောင် မောင်းနင်း ပြောကြတာပဲ။ တကယ်တော့ ဒီပြဿနာတွေဟာ နိုင်ငံရေး အရ စေ့စပ် ဆွေးနွေးမှုရဲ့ ရလဒ် ဖြစ်တယ် ဆိုတာကို သိလာတဲ့ အခါမှာ နိုင်ငံရေး အရ အုပ်စိုးသူတွေနဲ့ အခြေခံကျတဲ့ ပဋိညဉ်ပေါ့။
စေ့စပ် ဆွေးနွေးမှုတွေ နားလည်မှုတွေ မရှိတာဟာ အခြေခံဥပေဒ ပြင်ဆင်ရေးကိုလည်း လောက်လောက် လားလား ပြင်နိုင်အောင် မလုပ်နိုင်ဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေးက ကြံခိုင်ရေးပါတီက ပြင်ပေးမှ ပြင်လို့ရတဲ့ အခြေအနေ စိုက်သွားမယ်။ NLD ပါတီရဲ့ ဦးစီး ဦးဆောင်မှုနဲ့ ပြင်ရမယ့် အနေ အထားမျိုး လောလောဆယ်မှာ မတွေ့ရဘူး။ အဲဒီတော့ ဒီ ၃ ချက်ဟာ သူ ကတိပေးထားပြီးတော့ မအောင်မြင်ဘူးလို့ ပြောလို့ရမယ်။ ဒါပေမယ့် မအောင်မြင်တာကိုလည်း ကျနော် အပြစ်မတင်ပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာက လွှတ်တော် ထဲမှာရှိတဲ့ သြဇာထက်စာရင် နိုင်ငံရေးခေါင်းဆောင် တယောက်။ ကျင့်ဝတ်အရ အားကြီးတဲ့ခေါင်းဆောင် တယောက်ရဲ့သြဇာမျိုး ပိုဖြစ်တာပေါ့။ ကျနော့်အနေ နဲ့ကတော့ မလုပ်နိုင်လို့ မပြောချင်ပါဘူး။ ဒါပေမယ့် ဒီလို ကြွေးကြော်သံတွေကို တည်ပြီးတော့ ရွေး ကောက်ပွဲ ဝင်တာကိုက လက်တွေ့မကျဘူးလို့ ကျနော် နဂိုကတည်းက သုံးသပ်ခဲ့တာပါ။
ဧရာဝတီ။ ။ ၈၈ မျိုးဆက်တွေ ထောင်က လွတ်လာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံဖို့ သဘောထားရှိခဲ့ ကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တွေ နီးစပ်မှု သိပ်မရှိကြတော့ဘူး။ ဘာကြောင့်လို့ ထင်လဲ။ ဘာတွေများ ကြားသိထားတာရှိလဲ။
ဦးမင်းဇင်။ ။ မြန်မာပြည် နိုင်ငံရေးမှာ လူတွေပြောနေကြတဲ့ အဲဒီ ဝန်းရံတယ်ဆိုတဲ့ ကိစ္စကို သိပ်ပြီးတော့ ဘဝင် မကျဘူး။ ကျနော်တို့ဆီမှာ ဝန်းရံတယ် ဆိုတာက လူတွေက သူ့အနားမှာ သွားပြီး ထောက်ခံကြတာကို ထင်နေကြလား မသိဘူး။
မြန်မာပြည် နိုင်ငံရေးမှာက ဘုန်းကြီးကျောင်းသား ဘောလုံးကန်သလိုပဲ၊ ဘောလုံး တလုံးတည်း နောက်ကို အားလုံး စုလိုက်နေတာ များပြီဗျ။ ကိုယ့် နေရာနဲ့ကိုယ် ကိုယ့်အကွက်နဲ့ ကိုယ် နေတာမှ သာလျှင် နိုင်ငံရေး လုပ်တာဆိုတာ နားလည်တဲ့ အဆင့် တခုတော့ လိုလာပြီလို့ ထင်တယ်။ Civil Socity လို့ခေါ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းကလည်း သူ့နေရာနဲ့သူ နေမယ်။ သူ့တာဝန် သူယူမယ်။ မီဒီ ယာသမားကလည်း သူ့နေရာသူ နေမယ်။ သူ့တာဝန် သူယူမယ်။ အလားတူပဲ၊ ၈၈ တွေလည်း သူ့နေရာ သူနေ၊ သူ့တာဝန် သူယူ။ ပညာတတ်တွေ ပညာရှင် တွေလည်း အလားတူပေါ့။
ဒါမှသာလျှင် ဗဟုသဘော ဆောင်မယ်။ တရောင်တည်းခြယ် မဟုတ်ဘူးပေါ့။ အရောင်စုံ အသွေးစုံ ဖြစ်လာမှာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရမယ် ဆိုတဲ့ စဉ်စားချက်မျိုး၊ အထူးသဖြင့်တော့ အတွေးအခေါ် အရ၊ အယူအဆ အရ၊ လမ်းစဉ် အရ၊ တန်ဖိုးထားမှု အရ တူညီလို့ ဝိုင်းရံတာထက် စာလို့ရှိရင် ဘက်အရ သူ့ဘက် ကိုယ့်ဘက် ပုံစံ ဝိုင်းရံမယ် ဆိုရင်တော့ ကျန်းမာ သန်စွမ်းတဲ့၊ Healthy ဖြစ်တဲ့ လက္ခဏာ မဟုတ်ဘူး။ ကျနော့် အနေနဲ့ကတော့ ဝိုင်းရံရမယ်ဆိုတဲ့ အယူအဆကို သဘောမတူဘူး။
နောက်တခုက ၈၈ နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားထဲမှာ ဘယ်လို ညှိနှိုင်းမှုတွေ ရှိတယ် ဆိုတာကတော့ အသေးစိတ် မပြောတတ်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နောက်ထပ် မျိုးဆက်သစ်တွေကို လက်ကမ်းခေါ်မယ် ဆိုရင် ၈၈ ဟာ မျက်စိကျလောက်တဲ့ မျိုးဆက်သစ်လို့ ပြောလို့ ရလောက်တယ်။ သူတို့မှာ အားသာချက်၊ အားနည်းချက်တွေ ရှိနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြီးရင် တန်ဖိုး အထားသင့်ဆုံး မျိုးဆက်တွေပဲ။ ဒီမျိုးဆက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားထဲမှာ ဆက်ဆံမှု ရှိခြင်း မရှိခြင်း၊ ကောင်းခြင်း မကောင်းခြင်းဟာ နှစ်ဦးနှစ်ဖက်စလုံးမှာ တာဝန်ရှိမယ်လို့ ထင်ပါတယ်။
ဧရာဝတီ။ ။ ဒေါ်အောင်ဆန်းစုကြည် ခေတ်အလွန် မြန်မာ့ နိုင်ငံရေးကို ဘယ်သူတွေ ဦးဆောင် နိုင်မယ်လို့ ထင်လဲ။ ၈၈ မျိုးဆက်တွေထဲမှာလည်း ကိုမင်းကိုနိုင်တို့ ဆိုရင် လွှတ်တော် နိုင်ငံရေးထက် လူထု နိုင်ငံရေးကို ပိုအားသန် နေကြတယ်။ နောက်တခုမှာ ၈၈ မျိုးဆက်လို့ ပြောရင် လူတွေက ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းကိုပဲ ပြေးမြင်နေကြတယ်။ ကျနော်တို့ သိထားတဲ့ နိုင်ငံရေးပါတီ အဖြစ် ရပ်မယ့် လူ့ဘောင်သစ်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်လဲ။
ဦးမင်းဇင်။ ။ မြန်မာပြည် နိုင်ငံရေးက ရေသေလို ဖြစ်နေတယ်လို့ ကျနော် ယူဆတယ်လေ။ ကျန်တဲ့ နေရာတိုင်းမှာ Dynamic လို့ခေါ်တဲ့ စီးဆင်းမှုတွေ၊ ပွင့်လင်းမှုတွေ ရှိလာတယ်။ ခင်ဗျား ကြိုက်ကြိုက် မကြိုက်ကြိုက် ကောင်းတဲ့လူရော။ မကောင်းတဲ့သူရော ရှိတယ်။ NGO လောကမှာလည်း ဒီလိုပဲ။ နိုင်ငံရေး လောကမှာ သွားပြီတော့ Sketch ဖြစ်နေတယ်။ ရေသေလို ဖြစ်နေတော့ ဒေါ်အောင်ဆန်းစုကြည်က နမူနာ ပြောရရင် ကန်ကြီးတခု ရှိတယ်ပေါ့။ အဲဒီ ရေသေကို အဖုံးကြီး ပိတ်ထားသလို ဖြစ်နေတယ်။ ကျနော် ထင်တယ်၊ ဒါကြီးကို ၂ဝ၁၅ အထိ သယ်သွားဖို့ဆိုရင် အဲဒီ ရေသေကန်ကြီးကို လှုပ်ခွဲဖို့ လိုတယ်။ အဲလို လှုပ်ခွဲမှပဲ ဒီနိုင်ငံရေးဟာ ပိုပြီးတော့ ဗဟုသဘော ဆောင်လာမယ်။ မတူတာတွေ ကွဲလွဲလာမယ်။ အကုန်လုံး ဝေဖန် ဆွေးနွေးနိုင် ပြီးတော့ တိုင်းပြည်အတွက် ပိုကောင်းတဲ့ မူဝါဒတွေ ချမှတ်နိုင်လာလိမ့်မယ်။
အကောင်းဆုံး ကတော့ ကွဲပြဲပြီးမှ ဗဟုသဘော ဆောင်တာထက် အခုကတည်းက ကြိုပြီးတော့ အမြော်အမြင် ရှိတဲ့ ခေါင်းဆောင်တွေက ဒီအခြေအနေ မရောက်အောင် ထိန်းသိမ်းပြီးတော့ မျိုးဆက်သစ်တွေ မွေးမြူပေးတာမျိုး၊ ကစားပွဲကို ခွဲကစားတာမျိုး၊ ရွေးကောက်ပွဲမှာ ပေါင်းစပ်ညှိနှိုင်းပြီးတော့ နေရာဖယ်ပေးတာ၊ ရှောင်ပေးတာမျိုးတွေ လုပ်သင့်တယ်။ အပြန်အလှန် လေးစားမှုမျိုးနဲ့ လုပ်နိုင်မယ်ဆို အကောင်းဆုံးပဲ။ တိုင်းပြည်အတွက် လူထုအတွက် နိုင်ငံရေးသမားဆိုတာ ကွဲနေတာပဲလို့ မမြင်ဘဲနဲ့ နိုင်ငံရေးသမားဆိုတာ ဒီလိုပဲ။ ပေါင်းစပ်ညှိနှိုင်း လုပ်ကြတယ် ဆိုပြီးတော့ Space ပေါ့။ လုပ်ခင်းလုပ်ကွက် ပေးပြီးတော့ လုပ်ကြတယ်ဆိုတဲ့ အမြင်မျိုး ရှိမှာပေါ့။ အဲဒီလိုမျိုး မဟုတ်ဘူးဆိုရင် ၂ဝ၁၅ လွန်သွားတာနဲ့ ပျားရည်စမ်းတာ သိပ်မကြာပါဘူး။ မင်းလောင်း လုပ်ချင်တဲ့သူတွေ အပြိုင်းအရိုင်း ပေါ်လာလိမ့်မယ်။ ဒီလို နိုင်ငံရေး ရေချိန်မှာတော့ ဒီလိုပဲ ဖြစ်မှာပဲ။ နယ်တွေကို သွားကြည့်လိုက်ပါ။ NLD လည်း ဒီလူပဲ။ ၈၈ လည်း ဒီလူပဲ။ နာရေးကူညီမှုလည်း ဒီလူပဲ။ ဘာလို့ဆိုတော့ အားလုံးက ကောင်းစေချင်လို့ လုပ်ကြတာကိုး။ ဒါကို ထိပ်ပိုင်း ခေါင်းဆောင်တွေက နားလည်မှု ရှိရှိနဲ့ လုပ်ခင်းလုပ်ကွက်တွေ ခွဲပေးတာ။ ခွဲယူတာမျိုး လုပ်ပေးမှ သူက အပြိုင်းအရိုင်း လုပ်တတ်မှာ။ အားလုံးကို ချုပ်ထားမယ်။ အားလုံးကို Space မပေးဘဲနဲ့ နေရာတောင်းစရာ မလိုဘူး။ နေရာဆိုတာ ကိုယ့်ဘာသာ ဖန်တီးယူရတယ်ဆိုတဲ့ သဘောမျိုး၊ ပြောမယ်ဆိုရင် အဲဒါဟာ သမိုင်းနဲ့ ပတ်သက်လို့ အတိတ်မေ့တဲ့ ရောဂါ စွဲကပ်နေပြီလို့ ပြောရမယ်။
အတိတ်တုန်းကတော့ အားလုံးကို ထောက်ခံကြပါ။ ဝိုင်းကြပါ၊ ကူညီကြပါ၊ ပံ့ပိုးကြပါ၊ တစုတစည်းတည်း နေကြပါလို့ ပြောပြီးတော့ လုပ်ခဲ့ကြတယ်။ ဒါကြောင့်မိုလို့ မြန်မာပြည်တွင်းမှာရော တိုင်းရင်းသားတွေကအစ နိုင်ငံတကာမှာရော၊ ခေါင်းဆောင် တယောက်တည်းကို တည်ပြီးတော့ အားလုံးက ဝန်းရံကြတာကိုး။ အခုကျတော့ ခင်ဗျားတွေ့တဲ့ အတိုင်းပဲ အားလုံး အစည်းတွေ ပြေကုန်ကြတာကို တွေ့ရတယ်။
တကယ်တမ်းကျတော့ အကျိုးစီးပွားတွေ မတူပါလား ဆိုတာကို နိုင်ငံရေးသမားတွေ နားလည် လာကြတယ်။ တိုင်းရင်းသားတွေဆိုလည်း သူ့ဘာသာသူ ဖြစ်ကုန်တယ်။ ၈၈ တွေဆိုရင်လည်း သူ့ဘာသာသူ ဖြစ်ကုန်တယ်။ အဲဒါကြောင့် ခုကတည်းက ဒီအခြေအနေကို နားလည်ပြီးတော့ Space တွေ ပေးမယ်။ လုပ်ခင်း လုပ်ကွက်တွေ ဖန်တီးပေးနိုင်မယ်ဆို ကောင်းတာပေါ့။ ခင်ဗျားပြောသလို ၂ဝ၁၅ လွန် အခြေအနေဟာ ဒီနိုင်ငံရေး ရေသေကန်ကြီးကို သူ့ ထက်ငါ အလုအယက် ခွဲကြမှာပဲ။ ဒီဘက် အင်အားစု တွေမှာလည်း ဖြစ်နိုင်သလို ကြံ့ခိုင်ရေးဘက်မှာလည်း ဖြစ်နိုင်တယ်။ အဲဒီအခါကျရင်တော့ ဘယ်သူဘယ်ဝါ မင်းလောင်းလဲဆိုတာ ပေါ်လာတော့မယ်။
ဧရာဝတီ။ ။ လူ့ဘောင်သစ်ပါတီရဲ့အခန်းကဏ္ဍကိုရော ဘယ်လို မြင်လဲ။
ဦးမင်းဇင်။ ။ မြန်မာပြည် နိုင်ငံရေးမှာဗျာ၊ ကျန်တဲ့ နိုင်ငံတွေမှာလည်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ပြည်တော်ပြန်လို့ ခေါ်တဲ့ နိုင်ငံခြားက ပြန်လာတဲ့ သူတွေနဲ့ ပြည်တွင်းမှာရှိတဲ့ သူတွေ အားပြိုင်ပြီးတော့ တင်းမာမှုတွေ ဖြစ်တတ်တယ်။ တယောက်ကို တယောက် စိုးရိမ်မှုလေးတွေ ဖြစ်တတ်တယ်။ အဲဒါလေးတွေကို လျှော့နိုင်မယ် ဆိုရင်တော့ အဆင်ပြေမှာပါ။ သူတို့မှာလည်း အဲဒီ ပြဿနာလေးတွေ ရှိနိုင်တယ်။ ကျနော်တို့ကလည်း နိုင်ငံရေးအရ ရေသေလို ဖြစ်နေတဲ့ အချိန်မှာ လမ်းသစ်ဖောက်ချင်တဲ့သူ ဆိုလို့ရှိရင် သမားရိုးကျ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဂိုဏ်းဂဏတွေ၊ ဗွက်တွေ၊ မှော်တွေလောက်ကိုတော့ ကျော်လွှားသွားနိုင် ရမယ်။ ကိုယ်က လမ်းသစ်ဖောက်ချင်တယ် ဆိုရင် ဒီလောက် ကြီးကြီးမားတဲ့ နိုင်ငံရေးမှာ ကျန်းမာ သန်စွမ်းတဲ့ ဗဟု နိုင်ငံရေးကို သွားချင်ရင် ကိုယ်က ဖောက်ထွက် နိုင်ရမယ်။ အကွဲအပြဲတွေ ရွှံ့နွံတွေ လောက်ကိုမှ မကျော်လွှားနိုင်ဘူး ဆိုရင်တော့ အောင်မြင်ဖို့ ခဲယဉ်းလိမ့်မယ်။
ဧရာဝတီ။ ။ ကျနော်တို့ ၂ဝ၁၅ မရောက်ခင် ၂ဝ၁၄ ထဲမှာရော ကျနော်တို့ Democratization Process ကြီးကို အနှောင့်အယှက် ဖြစ်စေနိုင်မယ့် ဘယ်လို ကိစ္စမျိုးတွေ ဖြစ်နိုင်လဲ။
ဦးမင်းဇင်။ ။ The Econmist မဂ္ဂဇင်းကတော့ ရေးတယ်ဗျ။ မြန်မာပြည်ဟာ လူမှုရေး မငြိမ်မသက်မှုတွေ အတွက် တော်တော်လေး Risk များတဲ့ နိုင်ငံ ဆိုပြီးတော့ ၂ဝ၁၄ ကို အကဲဖြတ်တယ်။ ပုံမှန်အားဖြင့်တော့ မှန်နိုင်ပါတယ်။ ဒါပေမယ့် ကျနော့် အမြင်ကတော့ ၂ဝ၁၄ မှာ အာဆီယံ ထိပ်သီး အစည်းဝေးတွေ လုပ်ရတော့မယ်။ နောက်တခါ Census လို့ ခေါ်တဲ့ သန်းခေါင်စာရင်း လုပ်ရတော့မယ်။ ဒီလောက် ကြီးမားတဲ့ဟာ နှစ်ခု လုပ်ရတော့မယ့် အချိန်မှာ တိုင်းပြည်မှာ အရှက်တကွဲ အကျိုးနည်း ဖြစ်မယ့် ကိစ္စမျိုးကို အုပ်စိုးသူတွေက ရှောင်ရှားချင်မှာပဲ။ ခင်ဗျား ဆီးဂိမ်းကိုပဲ ကြည့်လိုက်။ အစိုးရ ဆန့်ကျင်တဲ့ သူပဲဖြစ်ဖြစ်၊ ထောက်ခံတဲ့သူပဲ ဖြစ်ဖြစ်၊ ဆီးဂိမ်းက အားကစား သမားတွေကို ဝေဖန်တာ၊ ပြစ်တင် ကဲ့ရဲ့တာ မျိုးတွေကို မကြိုက်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်နိုင်ငံကို အရှက် မကွဲစေချင်ဘူး။ ဂုဏ်သိက္ခာ ရှိစေချင်တယ်။ အာဆီယံ ထိပ်သီး အစည်းအဝေး တွေကိုလည်း ဒီလိုပဲ။ နိုင်ငံတကာ ခေါင်းဆောင်တွေ လာကြမယ်။ သမ္မတ အိုဘားမားတောင် လာမှာ။ ဒီလို အနေအထားမျိုးမှာတော့ ကိုယ့်နိုင်ငံကို အရှက်ကွဲမယ့် ကိစ္စမျိုး ရှောင်ချင်ကြလိမ့်မယ်။ ဒီကိစ္စမျိုးကို အုပ်စိုးသူတွေ အနေနဲ့ မလိုလားအပ်တဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်အောင် ကြိုးစား ကြလိမ့်မယ်။ ကျနော့်အနေနဲ့ ၂ဝ၁၄ ထက် ၂ဝ၁၅ နှစ်ဆန်းက စလို့ ပိုပြီးတော့ စိုးရိမ်စရာ ကောင်းတယ်လို့ မြင်တယ်။
ဧရာဝတီ။ ။ အခု ပြဿနာတက်နေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာလည်း စစ်တပ်ရဲ့ သဘောထားက အရေးကြီးနေပြီ။ တပ်နဲ့ တိုင်းရင်းသားတွေနဲ့ အပေးအယူတွေကရော ဘယ်လောက်အထိ ရသွားနိုင်လဲ။ အပေး အယူရဖို့ ဘယ်လောက် ဝေးနေလဲ။ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အနေအထားကိုရော ဘာပြောချင်လဲ။
ဦးမင်းဇင်။ ။ ပြောရရင်တော့ နှစ်ပိုင်းရှိတယ်ဗျ။ တပိုင်းကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စပေါ့။ အဲဒီဘက်မှာတော့ သူတို့ မျှော်လင့်ချက် ကြီးကြီးမားမား ထားလာတာ တွေ့ရတယ်။ နိုင်ငံရေး မူဘောင်တွေ ဘာတွေတောင် ချပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု လုပ်ဖို့ထိ လုပ်လာ ကြတယ်။ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကိုတော့ မဖြစ်ဖြစ်အောင် လုပ်သွားမယ့် သဘောမှာ ရှိတယ်။ အကုန် မရရင်တောင် စလို့ရတဲ့ အင်အားစုနဲ့ စသွားလိမ့်မယ်။ နိုင်ငံရေး မူဘောင်အထိ သွားဖို့ကတော့ နည်းနည်း ခက်မယ် ထင်တယ်။ ဒီကိစ္စ ကြာဦးမယ့် သဘောလို့ ကျနော် တွေးတယ်။ တပ်ကလည်း သူတို့ မှာ အခြေခံ Bottom Line တွေ ရှိတယ်။ သူရပ်ခံ ထားတဲ့ ကိစ္စတွေကိုတော့ လျှော့မှာ မဟုတ်ဘူး။ တပ်ကလည်း ဒီကိစ္စက သူ ဗိုက်နာလို့လုပ်တဲ့ ကိစ္စ မဟုတ်ဘူး။ Political Will လို့ခေါ်တဲ့ နိုင်ငံရေး အာသီသရှိလို့ လုပ်လာတဲ့ ကိစ္စတွေ။ တိုင်းရင်းသားတွေ အနေနဲ့ကလည်း တချို့အဖွဲ့တွေ အနေနဲ့ ရေရှည် တောင်းရမှာနဲ့၊ ရေတို တောင်းရမှာနဲ့၊ အလယ် အလတ်အဆင့် လုပ်ရမှာတွေ ရှိတယ်။ ဦးစားပေး အဆင့် သတ်မှတ်မှုတွေမှာ တချို့ ရောထွေးမှုတွေ ရှိတယ်။ အချို့ ကိစ္စတွေကို စောတောင်းရင် တပ်က နောက်ဆုတ်ပြီး တွန့်ဆုတ် သွားနိုင်တယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးတော့ တစုံတရာ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အခြေခံကျတဲ့ နိုင်ငံရေး ပြဿနာတွေကတော့ ၂ဝ၁၅ မတိုင်ခင် ပြေလည်မှာ မဟုတ်သေးဘူး။ မြေပေါ်မှာရှိတဲ့ တိုင်းရင်းသားတွေ အတွက်တော့ အပေးအယူလုပ်ဖို့ တပ်က စဉ်းစား လာတာမျိုးတွေ ရှိတယ်။
ဧရာဝတီ။ ။ မြန်မာ့နိုင်ငံရေးမှာ တပ်က ဦးဆောင်မယ် ဆိုပြီး ဖွဲ့စည်းပုံမှာ ထည့် ဆွဲထားတယ်။ ၁၉၆ဝ ခုနှစ်ကျော် လောက်ကစပြီး တပ်က နိုင်ငံရေးက တဖဝါးမှ မခွာခဲ့ဘူး။ နိုင်ငံရေးမှာ တပ်ရဲ့ ဦးဆောင်မှုကို ဘယ်လို လျှော့ချမလဲ။ စစ်တပ်တွေ စစ်တန်းလျားကို ပြန်ချင်အောင် နိုင်ငံရေး သမားတွေ ဘာလုပ်ဖို့လိုလဲ။ ဒီမို ကရေစီ လိုလားတဲ့၊ ဒီမိုကရေစီကို ယုံကြည်တဲ့ တပ်ပုံစံ ဖြစ်အောင်ပေါ့။
ဦးမင်းဇင်။ ။ ကျနော်တို့ လိုချင်တာက တပ်ကိုလည်း နိုင်ငံရေးက ထွက်သွားစေ ချင်တယ်။ ဦးပိုင်ကိုလည်း မကြိုက်ဘူး။ ကာ/လုံကိုလည်း ဖျက်ပစ် ချင်တယ်။ ဒါတွေ အကုန်လုံးကတော့ အားလုံး လိုချင်ကြတဲ့ ကိစ္စတွေ ချည်းပဲ။ ဒါတွေကို လုပ်ချင်ရင် အချိန်နဲ့ ပတ်သက်တဲ့ ချင့်တွက်မှုပေါ့။ Timing ပေါ့။ ဦးစားပေး ချင့်တွက်မှု Prioprity တွေ လုပ်ဖို့ လိုတယ်။ အချိန် ချင့်တွက်မှုနဲ့ ဦးစားပေး ချင့်တွက်မှု မရှိဘူးဆိုရင် ကျနော် ထင်တယ်။ ကိုယ်က ဟုတ်ပြီဆိုပြီး လုပ်လိုက်တာ ဆေးကြောင့် ပိုလေးသွား လိမ့်မယ်။ တပ်နဲ့ ပတ်သက်လို့ ရှိရင် တပ်ရဲ့လိုအပ်ချက်က ဘာလဲ။ သူ့ အကျိုးစီးပွားက ဘာလဲဆိုတာ သေချာ လေ့လာဖို့ လိုတယ်။ ဒါကြောင့်မို့လည်း သုတေသီတွေ၊ ပညာရှင်တွေ၊ မီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်။
နိုင်ငံရေးသမားတွေ အနေနဲ့ လူကြိုက်များတာ နောက်ကို မလိုက်ဘဲနဲ့ သေချာ စဉ်စားဖို့ သိပ်အရေး ကြီးတယ်။ တပ်ကလည်း သူ လျှော့ပေး ချင်တယ်။ ဒါပေမယ့် သူ့မှာလည်း အကန့်အသတ်တော့ ရှိတယ်။ ဆိုတော့ နိုင်ငံရေး အနေအထားက ဘယ်လိုလဲ။ ပထဝီ နိုင်ငံရေးက ဘယ်လိုလဲ။ အကုန်လုံးကို ချင့်တွက်ပြီးတော့မှ တပ်က ဘာကို တကယ် လိုချင်တာလဲ။ တပ်က ဘယ်အခြေအနေမှာတော့ဖြင့် အာဏာ ပြန်သိမ်းနိုင်လဲ။ အဲဒါတွေ အကုန်လုံးကို သေချာ စဉ်းစား ချင့်ချိန်ပြီးတော့မှ မဟာဗျူဟာမြောက် အပေးအယူ လုပ်ဖို့လိုတယ်။ အဲဒီလို လုပ်တာက ပဋိညာဉ်ပေါ့။ တပ်မတော်နဲ့ အရပ်ဘက်ကြားထဲမှာ နိုင်ငံရေး ပဋိညာဉ် တရပ် ချမှတ် နိုင်ရမယ်။
အဲဒါ ဘာလဲဆိုတော့ နောက် ၅ နှစ်၊ ၁ဝ နှစ်၊ နှစ် ၅ဝ အထိ စသဖြင့်ပေါ့ဗျာ။ ဒီနိုင်ငံရဲ့ လုံခြုံရေး၊ ကာ ကွယ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံခြားရေးနဲ့ စီးပွားရေးတွေကို ဘယ်လို သွားကြမလဲ ဆိုတဲ့ အခြေခံကျတဲ့ နားလည်မှုတွေ လုပ်ဖို့ လိုတယ်။ အဲဒီလို တည်ဆောက်မှု မရှိဘဲနဲ့ ပဋိညာဉ် မရှိဘဲနဲ့တော့ ဒီအသွင် ကူးပြောင်းရေးဟာ ပဲ့မပါတဲ့ လှေလိုပဲ မီးစင်ကြည့် ကရသလို ဟိုကွေ့ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော် ဆိုသလို ဖြစ်နေမယ်။ ဒါကြောင့်မိုလို့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်လို သြဇာရှိတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ အာဏာရှိတဲ့ တပ်လိုမျိုး ပေါင်းစပ်ဖို့ လိုတယ်လို့ ပြောနေတာ။ ဒီဟာ သိပ်အရေးကြီး ပါတယ်။
ဧရာဝတီ။ ။ တိုင်းပြည်မှာ အသွင်ကူးပြောင်းရေး လုပ်လိုက်တဲ့ မြန်မာ စစ်ခေါင်းဆောင်တွေဟာ တရုတ်သြဇာ ကနေ လွတ်အောင် လုပ်တာလို့ သုံးသပ်နေကြသလို တဖက်မှာ အမေရိကန်နဲ့ ဆက်ဆံရေးက ပြန်စဖို့ ကြိုးစားလာတယ်။ ဒီ Power Game မှာ မြန်မာက ဘာတွေ အကျိုးရှိနိုင်လဲ။ ဘာတွေ အကျိုးမရှိနိုင် ဘူးလဲ။
ဦးမင်းဇင်။ ။ မြန်မာပြည်က ပထဝီ နိုင်ငံရေး အရ အတော်လေး အကဲဆတ်တဲ့ နေရာကို ရောက်နေတယ်။ တရုတ်နဲ့ နီးနီးကပ်ကပ် နေရတယ်။ တဖက်မှာက အိန္ဒိယ ရှိတယ်။ ထိုင်းရှိတယ်။ ဘင်္ဂလားဒေရှ်လို့ နိုင်ငံမျိုးကလည်း ရှိသေးတယ်။ အမျိုးသား လုံခြုံရေး ရှုထောင့် အရရော၊ ပထဝီ နိုင်ငံရေး ရှုထောင့် အရရော အင်မတန် အကဲဆတ်တဲ့ အနေအထားမျိုးမှာ ရှိနေတာ။ အဲဒီအတွက် ကိုယ်နဲ့ဆက်ဆံတဲ့ နိုင်ငံများလေ ပိုကောင်းလေပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီနိုင်ငံကို Balance လုပ်ဖို့၊ ဟိုနိုင်ငံနဲ့ ပေါင်းမယ်။ ဟိုနိုင်ငံကို Balance လုပ်ဖို့ ဒီနိုင်ငံနဲ့ ပေါင်းမယ် ဆိုတာလောက် သွားတွေးရင်တော့ ခံရလိမ့်မယ်။ ဒါကြောင့်မိုလို့ တိုင်းပြည်မှာ ကာကွယ်ရေး မူဝါဒ ရှိသင့်တယ်။ ဒါကို စစ်တပ်က ချည်းပဲ အရင်က လုပ်ခဲ့တယ်။ အရပ်သားတွေ မပါခဲ့ဘူး။ အခု ဒီကိစ္စတွေကို ပြန်ဆွေးနွေးဖို့ လိုလာပြီ။ တပွဲထိုးလောက် စဉ်းစားပြီးတော့ ကြားညပ်တဲ့ ကိစ္စမျိုး ရှောင်ရှားဖို့ လိုတယ်လေ။
အခု အရှေ့မြောက်က ကချင် တိုင်းရင်းသား ပြဿနာကို ဖြေရှင်းဖို့ ဆိုရင် တရုတ်ကို ဖိတ်ထား ရတယ်။ အခု ဆွေးနွေးပွဲတွေမှာ တရုတ်က ဝင်ထိုင် နေတယ်။ အနောက် နိုင်ငံတွေနဲ့ ကုလသမဂ္ဂကို ဖိတ်မယ် ဆိုရင် တရုတ်က ကန့်ကွက်တယ်။ ဒါတွေဟာ ပထဝီ နိုင်ငံရေးရဲ့ လေးနက်မှုတွေကို ပြတာပေါ့။ ကျနော်ကတော့ မျက်တောင်မွှေး တဆုံးပဲ မကြည့်စေချင်ဘူး။ ဒီကိစ္စကလည်း ကိုယ့်လူ အနိုင်ရစေ၊ သူ့လူ အနိုင်ရစေ ဆိုတာမျိုး မဟုတ်ဘူး။ နိုင်ငံတော် အချုပ်အခြာ အာဏာနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ၊ တိုင်းရင်းသား စည်းလုံးမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဒီလို သိပ်အရေးကြီးတဲ့ ကိစ္စတွေမှာ Fundamental Principle လို့ ခေါ်တဲ့ အခြေခံမူတွေ ရှိသင့်တယ်။ ဒီမူတွေကို မဲရခြင်း မရခြင်းလောက်နဲ့ အရောင်းအဝယ် လုပ်လို့မရဘူး။ အဲဒီလို ပြောလို့ရှိရင် စစ်တပ်ကလည်း နှစ်ပေါင်းများစွာ ဒီလိုပဲ ပြောခဲ့တာပဲလို့ စွပ်စွဲကောင်း စွပ်စွဲကြလိမ့်မယ်။ ဒါပေမယ့် ပွင့်လင်းတဲ့ခေတ်၊ လွတ်လွတ် လပ်လပ် ဆွေးနွေးခွင့် ရှိတဲ့ခေတ်မှာ ဒီလိုမျိုး ပြောတာဟာ လေးနက်မှု ရှိစေချင်လို့ ပြောတာဆိုပြီး သဘောပေါက် စေချင်တယ်။
ဧရာဝတီ။ ။ တရုတ်က မြန်မာကို ဆက်ဆံရေး ပြောင်းလာတယ်။ အစိုးရတင် မဟုတ်ဘူး။ အတိုက်အခံကိုပါ ဆက်ဆံလာတယ်။ သူတို့ မြစ်ဆုံနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ NLD က တချို့လူတွေ တက်လာတယ်။ မီဒီယာတွေကို တရုတ်ပြည် အလည် ခေါ်တယ်။ အရင်ကထက် ပိုခေါ်လာတယ်။ မြန်မာနိုင်ငံက တရုတ်ပြည်အတွက် မဟာဗျူဟာ အရ ဘယ်လောက်အရေးကြီးလဲ။
ဦးမင်းဇင်။ ။ တရုတ်က ဟိုတုန်းက စစ်အစိုးရကို ပိုတွက်ပြီး ပြည်သူကို လျှော့တွက်ခဲ့လို့ သူတို့ ဒုက္ခရောက်ခဲ့တာ။ အခုတော့ သူတို့ အတိုက်အခံ တွေကိုရော၊ အရပ်ဘက် လူ့အဖွဲ့အစည်း တွေကိုရော ငွေရေးကြေးရေးအရ သော်လည်းကောင်း၊ ကျန်တဲ့ နည်းလမ်းပေါင်းစုံနဲ့ သူတို့ စဉ်းစားလာတယ်။ ဒါက သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားကိုး။ ကျနော်တို့ဘက်ကလည်း အခြေခံ သဘောထားတွေ ရှိဖို့လိုတယ်။ အခုနောက်ဆုံး တွေ့တာ ဆိုလို့ ရှိရင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံကိစ္စကို ပြတ်ပြတ်သားသား မပြောဘူးဆိုပြီး Eleven မီဒီယာက ဝေဖန်ထားတာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး NLD ကလည်း ဒီအခြေအနေမှာ ဒီလောက်ပဲ ပြောလို့ရမှာပေါ့ ဆိုပြီး သောင်မတင် ရေမကျတွေ ပြန်တုံ့ပြန်တာ တွေ့ရတယ်။ ကျနော့် အမြင်ကတော့ ဒီလိုမျိုး ကိစ္စမျိုးတွေဟာ လူထု သဘောထားကို သေချာလေး လေ့လာထားဖို့ လိုတယ်။ လေးလေးနက်နက် နားထောင်ဖို့ လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရဲ့ နာမည်ပေါ့ဗျာ။ ဘားမားကို မြန်မာလို့ ပြောင်းတာကို ၁၉၈၉ ခုနှစ်က စစ်အစိုးရက ပြောင်းတာဟာ စစ်အစိုးရက လူထု သဘောထား မပါဘဲနဲ့ ပြောင်းတာဟာ တရားမဝင်ဘူးလို့ ပြောပြီးတော့ ဘားမားပဲ ဆက်ခေါ်မယ် ဆိုပြီး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အခုကျမှ မြစ်ဆုံကိစ္စကျမှ လူထု သဘောထား၊ ပညာရှင်တွေရဲ့ သဘောထားကို အထင်အရှားကြီး ပြောနေပါလျက်နဲ့ စာချုပ်ကို ပြန်ကြည့်ရဦးမယ်။ အပြီးသတ် မပြောနိုင်သေးဘူး။ ညှိနှိုင်း ဆောင်ရွက် ရဦးမယ်လို့ ပြောတာဟာ ဒီမှာ လူထု သဘောထား မထင်ရှားလို့လား။ ဒါဟာ အင်မတန်မှ စဉ်းစားရ ခက်စေတယ်။ နိုင်ငံရေးသမားနဲ့ ပတ်သက်ရင် ပညာရှင်များနဲ့ မီဒီယာများက အမြဲတမ်း ဝေဖန် ဆန်းစစ်ပြီးတော့ စောကြော နေသင့်တယ်။ အဲဒီလိုမှ မဟုတ်လို့ ရှိရင် နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ အကျိုးစီးပွား အတွက် အခြေအနေတွေကို လိုသလို မှောက်ချည် လှန်ချည် ပြောနိုင်တယ်။
ဧရာဝတီ။ ။ မြန်မာနဲ့ မြောက်ကိုးရီးယား ဆက်ဆံရေးမှာ အမေရိကန်ရဲ့စိုးရိမ် ပူပန်မှုကို ဘယ်လိုမြင်လဲ။ မြန်မာက မြောက်ကိုရီးယားကို ကစားပြီး အမေရိကန်နဲ့ ဆက်ဆံရေး လုပ်နေတယ်လို့ တချို့သုံးသပ် နေကြတာ လည်း ရှိတယ်။
ဦးမင်းဇင်။ ။ မြန်မာကတော့ အမေရိကန်နဲ့ အထူးတလည်ကို ပြေလည်ချင်ပါတယ်။ တဖက်ကလည်း မြောက်ကိုရီးယားနဲ့က ထိစပ်မှုတွေ ရှိထားတဲ့ အတွက် တနည်းနည်းနဲ့တော့ ဘယ်လိုလျှော့မလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမလဲဆိုတာ စဉ်းစားရမှာပေါ့နော်။ မြန်မာက စစဉ်းစားတုန်းက အင်ဒိုနီးရှား မိုဒယ်လ်ပေါ့။ တပ်ကို ဆွဲသွင်းတယ်။ ကမ္ဘောဒီးယား မိုဒယ်လ်ကို စဉ်းစားပြီးတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လုပ်တယ်။ ငါတို့ကပဲ ဆက်ထိန်းသွားမယ် ဆိုတဲ့ပုံစံနဲ့ လုပ်တာ။ အဲဒီ မတိုင်ခင်မှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြောက်ကိုရီးယား မိုဒယ်လ်ကို ယူလိုက်သေးတယ်။ Underground လိုဏ်ခေါင်းတွေ၊ ဘာတွေ ဖောက်တာမျိုးပေါ့။ ဒါက ဘာတွေကို ပြောနေလဲဆိုတော့ မြောက်ကိုရီးယား မိုဒယ်လ် မရတော့ဘူး ဆိုတာ သဘောပေါက်ပြီး ကမ္ဘောဒီယား မိုဒယ်လ်နဲ့ ထွက်ပေါက်ရှာဖို့ ကြိုးစားခဲ့တယ်။ အင်ဒိုနီးရှား မိုဒယ်လ်နဲ့ စတယ်။ ပြီးတော့ မြောက်ကိုရီးယားဘက်ကို ရောက်သွားတယ်။ အခု မြန်မာ့ တပ်မတော်က မြောက်ကိုရီးယားလိုတော့ လုပ်ချင်ပုံ မရပါဘူး။ ဒါပေမယ့်လည်း ဆက်ဆံရေးတွေ ရှိထားတယ်။ ကတိကဝတ်တွေ ရှိထားတယ် ဆိုလို့ရှိရင် ဘယ်လို ရှေ့ဆက်သွားမလဲပေါ့။ တပ်ကလည်း အမေရိကန်ဆီက ဘာမှ လောက်လောက်လားလား မရသေးပုံ ရတယ်။ မရသေးလို့လည်း မြောက်ကိုရီးယား ကိစ္စကို လုပ်ပြပြီးတော့ ပိုရအောင်လို့ ချူယူတာမျိုးလည်း ဖြစ်နိုင်တယ်။
ဧရာဝတီ။ ။ မြန်မာက အာဆီယံ ဥက္ကဋ္ဌလုပ်ရင် ဒေသတွင်းမှာ ဘာတွေ အကျိုးရှိနိုင်လဲ။ နိုင်ငံတကာ အသိုင်း အဝိုင်းဆီက ဘာတွေ ရနိုင်လဲ။ နောက်ပြီး ဘယ်လို သင်ခန်းစာတွေ ရနိုင်လဲ။
ဦးမင်းဇင်။ ။ အာဆီယံမှာ လွတ်လပ်တဲ့ ကုန်သွယ်မှုတွေ ဖြစ်လာရင် အကျိုးရှိမှာပဲ။ စီးပွားရေးအရ အကျိုး ရှိနိုင်တယ်။ ဒါပေမယ့်လည်း စီးပွားရေးကလည်း ကိုယ့်မှာ အလားအလာ ရှိဖို့ကလည်း လိုတယ်။ သူတို့ အတွက် အကျိုးအမြတ်ရှိမှ လာမှာပဲ။ ကိုယ်က အာဆီယံမှာ ဥက္ကဋ္ဌ လုပ်ပေမယ့်လည်း ကိုယ့်ဆီမှာ ရေခံမြေခံ မရှိဘူး ဆိုရင်လည်း ဘာမှဖြစ်မှာ မဟုတ် ဘူး။ အာဆီယံထဲမှာ တချို့ နိုင်ငံတွေလည်း ဥက္ကဋ္ဌ လုပ်ပေမယ့် ဘာမှ မယ်မယ်ရရ ပြောင်းမသွားတာတွေ ရှိပါတယ်။ ကိုယ်ဘက်က ပြင်ဆင်မှု ဘယ်လောက် ရှိလဲဆိုတာ အရေးကြီးတာပေါ့နော်။ အရေးအကြီးဆုံး ပြင်ဆင်မှု ကတော့ နိုင်ငံရေး ပြင်ဆင်မှုပဲ။ ဒီမှာ နိုင်ငံရေး အရ ခန့်မှန်းနိုင်တဲ့ အနေအထားမျိုး ဖြစ်ဖို့ကလည်း အရေးကြီး ပါတယ်။ ကျန်တဲ့ အပိုင်းတွေမှာတော့ မူအရ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ပဲ လိုပါတယ်။ နောက်တခုက နိုင်ငံတကာမှာ လေးစားမှု၊ ဂုဏ်သိက္ခာ ရှိမှုပေါ့။ အာဆီယံ ဥက္ကဋ္ဌ အောင်အောင် မြင်မြင် လုပ်နိုင်ခဲ့ရင် နိုင်ငံတကာမှာ ပြန်ဝင်ဆံ့ လာမှာပေါ့။
စီးပွားရေးနဲ့ တိုက်ရိုက် မပတ်သက်ပေမယ့် နိုင်ငံတကာ အကူအညီတွေပေါ့။ ကိုယ့်ကို ငွေချေး ချင်တာတို့ အတိုး နည်းနည်းနဲ့ပေါ့။ ထောက်ပံ့ကြေး ပေးချင်တာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် တိုင်းပြည် တခုလုံး အပြောင်းအလဲ ဖြစ်ဖို့အတွက်တော့ လုံလောက်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။
ဧရာဝတီ။ ။ ဦးမင်းဇင်က ဧရာဝတီ သတင်းဌာနမှာလည်း လုပ်ခဲ့ဖူးတယ်။ RFA (လွတ်လပ်သော အာရှအသံ ရေဒီယို) မှာလည်း လုပ်ခဲ့ဖူးတယ်။ လွတ်လပ်တဲ့ မီဒီယာ အတွေ့အကြုံတွေ ရှိခဲ့တယ်။ အခု ဒီကို ပြန်ရောက်လာပြီးတဲ့နောက် ကျနော်တို့ တိုင်းပြည်ရဲ့ သတင်းမီဒီယာ လွတ်လပ်မှု အခြေအနေနဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ စနစ် ခိုင်မာအားကောင်းဖို့ အတွက် ကျနော်တို့ မီဒီယာသမားတွေ ဘာတွေ ပြင်ဆင်ထား သင့်တယ်လို့ ထင်ပါသလဲ။
ဦးမင်းဇင်။ ။ မီဒီယာတွေကတော့ တော်တော်ပဲ အားထုတ်ပါတယ်။ ပွင့်လင်းလာတဲ့ အချိန်မှာ မငြင်းနိုင်လောက်တဲ့ တိုးတက်မှုက မီဒီယာပဲ။ တချို့ကိစ္စလေးတွေတော့ ရှိသေးတာပေါ့။ မကြာခင်က Eleven သတင်းထောက် တယောက် ထောင်ချခံရတဲ့ ကိစ္စမျိုးပေါ့။ ဒါတွေဟာ သီးသန့် ဖြစ်ရပ်လား၊ ဒါမှမဟုတ် ဖြစ်ရပ် ဆိုးကြီး တခု စတင်ဖို့ အတွက် အရှိန်ယူတာလား ဆိုတာတော့ အကဲဖြတ်ဖို့ နည်းနည်း စောသေးတယ်။ ဒါပေမယ့်လည်း မီဒီယာသမားတွေက တော်တော်လေး ပြောရဲဆိုရဲ ရှိလာတယ်။ တခုပဲ ကျနော် နည်းနည်း စိတ်ပူတာက လွတ်လပ်ပြီးတော့ Professional ဖြစ်တဲ့ မီဒီယာကတော့ နည်းတယ်လို့ ထင်တယ်။ အခု တွေ့နေရတာက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း၊ ကိုယ်ပိုင် ဘောလုံးအသင်း၊ ကိုယ်ပိုင် နိုင်ငံရေး ပါတီ၊ ကိုယ်ပိုင် မီဒီယာ ဆိုတဲ့ခေတ်ကို ရောက်သွားမှာ ကျနော် စိတ်ပူတယ်။ တချို့နေရာတွေမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် ခါးပိုက်ဆောင်တပ်၊ ကိုယ်ပိုင် လုံခြုံရေးတပ်ဖွဲ့ ၊ ကိုယ်ပိုင် ဘောလုံးအသင်း၊ ကိုယ်ပိုင် အရပ်ဘက် လူ့အဖွဲ့အစည်း ဆိုတာမျိုးတွေ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ မီဒီယာသမားတွေဟာ တော်တော် ဂရုစိုက်ဖို့ လိုတယ်။
ဥပမာ တခုပြောရရင် ကြံခိုင်ရေးပါတီက ပြင်ပေးလိုက်တဲ့ ၅၉(စ) ကိစ္စမှာဆိုရင် မီဒီယာသမားတွေက ဒီထက်ပိုပြီးတော့ တာဝန် ကျေသင့်တယ်။ သေချာ စောကြော သင့်တယ်။ ဘာဖြစ်တာလဲ ဆိုတာ။ ဘယ်လို ဖြစ်တာလဲ ဘာ့ကြောင့် ဖြစ်တာလဲဆိုတာ။ အဲဒီလို မဟုတ်ဘဲနဲ့ မီဒီယာ သမားတွေ ကိုယ်တိုင်က စိတ်လှုပ်ရှားပြီးတော့ ဟေး … ဟေး … ဟေး ဆိုပြီးတော့ လုပ်လို့ရှိရင် စာဖတ်ပရိသတ် အတွက် လုံးဝ အကျိုးမရှိနိုင်ဘူး။
ကျနော်တို့ ဧရာဝတီမှာတောင်မှ၊ ဧရာဝတီ ဆိုတာ ကျနော်ကိုယ်တိုင်လည်း လုပ်ခဲ့တယ်။ ဧရာဝတီက ကျနော့်အပေါ်မှာ ကျေးဇူးအများကြီး ရှိတယ်။ ကျနော် ကိုယ်တိုင်လည်း အများကြီး လုပ်ခဲ့တဲ့ မီဒီယာ ဖြစ်တော့ ကျနော့်ရဲ့ မိခင် အဖွဲ့အစည်းလို့ ပြောလို့ရတဲ့ ဟာမှာတောင်မှ ဒီကိစ္စတွေနဲ့ ပတ်သက်ရင် ထပ်လုပ် ရဦးမယ်။ ကျနော်တို့ဆိုတာ နှစ်ပေါင်း ၂ဝ နီးပါးလောက် ပြည်ပမှာ နေပြီးတော့ လုပ်ခဲ့ရတာ။ သူများတွေကိုတော့ မပြောချင်ဘူး။ ကိုယ့်အဖွဲ့အစည်းကို ကိုယ်ပြန်ဝေဖန်တာက ပိုသမာသမတ် ကျမယ် ထင်ပါတယ်။ တခြား အဖွဲ့အစည်းတွေ ဆိုရင်တော့ ပိုဆိုးတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့ ဧရာဝတီ ကိုယ်တိုင်တောင်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေး ပါတီက အခြေခံ ဥပဒေကို ပြင်ဆင်ပေးတော့မလို အံအားသင့်စရာ ခြေလှမ်း ဟေး … ဟေး … ဟေး ဆိုပြီးတော့ ဖြစ်သွားသလား။ ဖြစ်သွားတယ် ဆိုရင် ကျနော်တို့ စာဖတ်ပရိသတ်ပေါ်မှာ တာဝန် ကျေပါ့မလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ရှိရင် ၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ ရှိရင် ဘယ်လို ရပ်တည်မှာလဲ။ စီးပွားရေး လုပ်ငန်းရှင် ခရိုနီတွေနဲ့ ပတ်သက်လို့ ရှိရင် ဘယ်လို ရပ်တည်မှာလဲ။ ကျနော့် အနေနဲ့ကတော့ Advocacy လို့ ခေါ်တဲ့ တန်ဖိုးထားမှုတွေနဲ့ ရေးသား ပြောဆိုတဲ့ မီဒီယာတွေကိုတော့ မကန့်ကွက်ပါဘူး။ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ The Economist မဂ္ဂဇင်းဟာ ဒီလိုပဲ လုပ်တာပဲ။ ဒါပေမယ့် ရှင်းလင်းပြီး ပြတ်သားတဲ့ တန်ဖိုး ထားမှုတွေ ရှိတယ်။ လူပုဂ္ဂိုလ် တဦးဦးရဲ့ ခါးပိုက်ဆောင် ဖြစ်မသွားဖို့ လိုတယ်။ အဖွဲ့အစည်း တခုခုရဲ့ ခါးပိုက်ဆောင် မဟုတ်ဘဲနဲ့ တသမတ်တည်း ဖြစ်တာပေါ့။
ကျနော်အနေနဲ့ သိက္ခာရှိတဲ့ မီဒီယာ၊ သတင်း တွေ အပေါ်အခြေခံတဲ့ မီဒီယာတွေ ပေါ်စေ ချင်တယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဦးစားပေးတဲ့ Investigative Reporting တွေ လုပ်စေချင်တယ်။ Opinion လို့ ခေါ်တာပေါ့ဗျာ၊ ထင်မြင် ယူဆချက်တွေ ရေးသားတဲ့ ဆောင်းပါးတွေလည်း၊ အာဘော်တွေလည်း များများဖတ်ချင်တယ်။ များများ အမယ်စုံစုံ ရှိမှလည်း ရွေးစရာများမှာ။ ဘက်စုံ၊ ထောင့်စုံ၊ အမယ်စုံကနေပြီးတော့ အငြင်းအခုံလုပ်တဲ့ ဆွေးနွေးတဲ့ ဓလေ့ကို မီဒီယာကနေပြီးတော့ ဦးစီး ဦးဆောင်ပြုသင့်တယ်။ အဲဒီလို မဟုတ်ရင်တော့ စီးပွားရေးလုပ်ငန်းလည်း ပိုင်တယ်။ ခါးပိုက်ဆောင် လုံခြုံရေးတပ်လည်း ပိုင်တယ်။ ဘောလုံးအသင်းလည်း ပိုင်တယ်။ NGO လည်း ပိုင်ထားတယ်။ နောက်ဆုံး မီဒီယာလည်း ပိုင်တယ်ဆိုတဲ့ အဆင့် ဖြစ်သွားလိမ့်မယ်။ ကျနော်တို့ ဧရာဝတီမှာ လုပ်ခဲ့တုန်းက ကိုအောင်ဇော် ပြောတဲ့စကား ရှိပါတယ်။ Critical ဖြစ်တာမျိုး၊ Skeptical ဖြစ်တာမျိုး၊ အမြဲတမ်း ဝေဖန်ချင်၊ အမြဲတမ်း သံသယ ဖြစ်တယ် ဆိုတာမျိုး လုပ်သင့်တယ်။ ကျနော်တို့ ကိုယ်တိုင်ရော၊ ကျနော်တို့ ဧရာဝတီရော အဲလို ဖြစ်အောင် သွားရဦးမယ်။