ကျော်သူဟာ နာမည်ကျော်သရုပ်ဆောင်တဦးအနေနဲ့ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိအောင်မြင်နေချိန်မှာ မိမိရဲ့အောင်မြင်မှုနဲ့ကျော်ကြားမှုကိုပရဟိတ လုပ်ငန်းများအတွက် ပေးဆပ်ခဲ့သူဖြစ်ပါတယ်။ နာရေးကူညီမှု အသင်းကို ဦးဆောင်တည်ထောင်သူများထဲမှာ တဦးအပါအဝင်အဖြစ်ခဲ့ပြီး ယခုလက်ရှိ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးကျော်သူက နာရေးကူညီမှုအသင်း ၁၃ နှစ်ပြည့်ခဲ့ပြီး ချိန်မှာတော့ သူတော ထွက် တရားရှာတော့မယ်ရယ်လို့ ဂျာနယ်တစောင်ရဲ့ မေးမြန်းမှုမှာ ဖြေကြားထားတာတွေ့ခဲ့ရတဲ့အတွက် ဧရာဝတီက သူ့ကိုတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ဧရာဝတီ။ ။ဦးကျော်သူအနေနဲ့ နာရေးကူညီမှု အသင်းကနေအနားယူပြီး တောထွက်တရားရှာတော့ မယ်လို့ပြောသံကြားတယ်။ အဲဒါဟုတ်ပါသလား။
ဦးကျော်သူ။ ။ အဲဒါက ကိုယ့်ဆန္ဒကိုပြော လိုက်တာပါ။ ဒီလိုဖြစ်ဖို့ကလည်း တော်တော်ကြိုးစားရဦးမယ်။ လူတွေအတွက် အများအကျိုးကို ပေးဆပ်ခဲ့တာပဲ အခုဆိုရင် ၁၃နှစ် ကျော်လာတော့ အကြမ်းဖျင်း ယေဘုယျ အားဖြင့် ကြည့်ရင်တော့ ကုသိုလ်တွေရတယ်။ ကုသိုလ်ရတာတော့ရပေမယ့် အကုသိုလ်ကလည်းရတာပဲ၊ ကိုယ်က ဒီအသင်းအဖွဲ့ ကိုအုပ်ချုပ်ရတော့ကိုယ်လုပ်သလောက်ကိုယ့်အနောက် ကိုမလိုက်လာနိုင်ဘူးဆိုရင် ဒေါသထွက်ရတယ်၊ ဒေါသထွက်တော့ အကုသိုလ်ဖြစ်တယ်။ ကလေး တွေ၊ လူငယ်တွေကိုကိုယ့်လိုဖြစ်စေ ချင်တယ်။ ကိုယ့်ထက်ကိုတော်စေချင်တယ်။ အဲဒီဆန္ဒကြောင့် အသင်း ၁၃ နှစ်ပြည့် ဇန်နဝါရီ ၁ ရက်နေ့က အင်တာဗျူးလာတော့ အဲဒီလိုစိတ်နဲ့ပြောလိုက်တာပါ။ အခုကနာရေး တခုတည်းမဟုတ်ဘူး။ နာရေးရော ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးနဲ့ အရေးပေါ်ကယ် ဆယ်ရေးတွေပါ လုပ်လာတယ်။ အရေးပေါ်ကယ်ဆယ်ရေး ဆိုရင်လည်း အရင်က သီတဂူဆရာတော် ကြီးက ကားတစီးလှူတယ်။ အဲဒီကားကို အသုံးချဖြစ် တာကအရင်တုန်းကဆိုရင်သုခကုသိုလ်ဖြစ်ဆေးခန်းကို လာတဲ့အရေးပေါ်လူနာတွေကို ဆေးရုံ လိုက်ပို့ရင်း နဲ့ စလုပ်ဖြစ်ခဲ့တာ။ နောက်ပြီးနေအိမ်ကနေခြေ ထောက်ကျိုး၊ ခါးရိုးကျိုးထားတဲ့လူတွေလာပြီး အကူ အညီတောင်းတော့ ကျနော်တို့က လုပ်ပေးဖြစ်ခဲ့ တယ်။ လုပ်ပေးရင်းနဲ့ ကျနော်စဉ်းစားမိတာကလူနာ တင်ယာဉ်ဆိုတာ လူနာတင်ပေးရုံနဲ့မပြီးဘူး၊ တချို့ အက်ဆီးဒင့်ဖြစ်တဲ့ သူတွေဆိုရင် ကိုယ်က သွားမ လိုက်မှ ခါးရိုးကျိုးသွားတာတို့ဘာတို့ ဖြစ်နိုင်တယ်။ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်မလာနိုင်အောင် နည်းစနစ်မှန်တဲ့ ရှေးဦးသူနာပြုသင်တန်းတွေ တက် သင့်တယ်။ ဒါကြောင့် ရန်ကုန်တိုင်းကြက်ခြေနီအဖွဲ့ ကိုအကူအညီ တောင်းပြီးသင်ပေးတယ်။ ဒါကအသင်း ကနေအများပြည်သူကို ထိထိရောက်ရောက်ကူညီနိုင် အောင် လုပ်ပေးဖြစ်တာပါ။ လုပ်ပေးတဲ့နေရာမှာ ကိုယ့်နောက်ကလူငယ်တွေမှာ တချို့ကလိုက်နိုင်တယ်။ တချို့ကမလိုက်ဘူး။ မလိုက်တဲ့ လူတွေကို စိတ်ပျက် ပြီးစိတ်ထဲမှာ လူမှုရေးလာလုပ်တယ်ဆိုပြီးဘာလို့ ထဲထဲဝင်ဝင် ထိထိရောက်ရောက်မလုပ်ချင်တာလဲ၊ လူမှုရေးအသင်းအဖွဲ့ကိုလာတယ်ဆိုရင်ပဲ ဂုဏ်ယူ နေတာလား၊ အဲဒါကြောင့်ငါမရှိမှ မင်းတို့ဖြစ်ချင်တာ ဖြစ်ဆိုတဲ့သဘောမျိုးနဲ့ သူတို့ကိုပြောတာ။ ငါမရှိဘူး ဆိုရင်မင်းတို့က အသင်းဥက္ကဋ္ဌ အနေနဲ့အသင်းခေါင်း ဆောင်တယောက်အနေနဲ့ လုပ်ရမယ်ပေါ့။ လုပ်ကြ ဆိုပြီးပြောလိုက်တာ။ ဒီလိုတွေလုပ်လာတော့ကိုယ်က သူတို့ကို ဆူတယ်ဟောက်တယ်။ ဒါတွေကအကုသိုလ် တွေဖြစ်လာတော့ ကျနော်စဉ်းစားမိတာကငါ့နောက် ပါတဲ့ဟာကို လုပ်မှဖြစ်တော့မယ်။ ငါလည်းဘယ် အချိန်သေရမလဲမပြောနိုင်ဘူး။ ဘယ်နေ့ဘယ်ရောဂါ ဘယ်ပုံဘယ်နည်း ဘယ်နေရာမှာ သေမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ မသေခင်ကိုယ့်နောက်ပါ မယ့်ဒီတရားကိုတော့ ရှာသွားရမယ်ဆိုပြီးတော့ ကျနော့် ဆန္ဒအရတနေရာမှာသွားပြီး တရားအား ထုတ်မယ်လို့ ပြောတာ။
ဧရာဝတီ။ ။ ဦးကျော်သူအနေနဲ့ ၁၃ နှစ်တာ ဒီလောကမှာ ကျင်လည်ခဲ့ရတော့ရရှိလာတဲ့ အသိတွေက ဘယ်လို အသိတွေ အများဆုံးလဲ။
ဦးကျော်သူ။ ။ အသိတွေကတော့ လူတွေရဲ့ အကျင့်သီလပဲ။ လူတွေ ကိုယ်ကျင့်တရားမဖောက်ပြန်ဖို့ အရေးကြီးတယ်။ ကိုယ်ကျင့်တရားဆိုတာ ဗြဟ္မစိုရ်တရား မေတ္တာတရား ၄ ပါး ဖောက်ပြန်မှုတွေရှိလို့ ဒီလို ပြဿနာတွေများတာ။ ကျနော်တို့တိုင်းပြည်ဖခင်ဗိုလ် ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ၊ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးရင် အဲဒီတိုင်းပြည် က ကပ်ဘေးအမျိုးမျိုးကြုံ တယ်။ အခုကပ်ဘေး ကြုံနေရတာပေါ့။ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေးအားလုံး ဖြစ်နေကြတာ။ ဒါတွေက ကိုယ်ကျင့်တရားတွေ ဆောက်တည်မှ။ ပြည်သူပြည် သားတွေကပဲ လုပ်လို့မရဘူး။ အစိုးရပိုင်းကလည်း ဒီဟာတွေကို လက်ကိုင်ထားမှ တိုင်းပြည်ငြိမ်းချမ်းမှာ။ ကျနော်တို့ လူမှုရေးအသင်းအဖွဲ့တွေ အလုပ်များနေ တယ်ဆိုတာ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရအပေါ်မူ တည်တယ်။ အစိုးရက ပြည်သူလူထုကို လိုလေသေး မရှိ ဖြည့်ဆည်းပေးမယ်ဆိုရင်တော့ လူမှုရေးအသင်း အဖွဲ့ဆိုတာ ရှိဖို့တောင်မလိုတော့ဘူး။
ဧရာဝတီ။ ။ ဦးကျော်သူအနေနဲ့ လူမှုရေးလုပ်နေရင်းနဲ့လက် ရှိသွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကိုရော ဘယ်လိုမြင်မိလဲ။
ဦးကျော်သူ။ ။ နိုင်ငံရေးလမ်းကြောင်းကတော့ ရှုပ်ထွေးနေတာပဲ။ အတ္တတွေပါနေတယ်။ ငါပဲ တိုင်းပြည်ကိုအုပ် ချုပ်မယ်။ ငါပဲ သမ္မတဖြစ်မှ တိုင်းပြည်ကောင်း စားမယ်။ ငါ့အဖွဲ့အစည်း ငါ့တပ်မတော်ဆိုပြီး အတ္တတွေများနေတယ်။ လူမျိုးရေး ဆိုလည်း ဒီအတိုင်းပဲ။ အတ္တတွေ ဖြုတ်မှဖြစ်မယ်။ အားလုံးမြန်မာပြည်မှာ နေနေတာ။ မြန်မာပြည်သားတွေ ပဲဖြစ်တယ်။ အစိုးရ ပိုင်းပဲဖြစ်ဖြစ် ပါတီပိုင်းပဲဖြစ်ဖြစ်၊ လူမျိုးမရွေးဘာ သာမရွေး အားလုံးကညီအစ်ကို မောင်နှမ တွေပဲ။ ကိုယ့်အိမ်တအိမ်မှာ မွေးဖွားလာတဲ့ မိသားစုတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိမှ အိမ်ကသာ ယာမယ်။ စည်းလုံးမှုမရှိရင် ဒီအိမ်ကတော့ နေချင်စ ရာမရှိတော့ဘူး။ မြန်မာပြည်မှာနေချင်တဲ့စိတ်ရှိအောင် လုပ်ကြဖို့ အားလုံးမှာတာဝန်ရှိတယ်။
ဧရာဝတီ။ ။ ဦးကျော်သူစာပေဟောပြောပွဲတွေလည်း သွား တာတွေ့ရတယ်နော်။ အဲဒီမှာ ဘာတွေကိုအဓိက ဟောပြောတာလဲ။
ဦးကျော်သူ။ ။ စတာကတော့ လူမှုရေးအသင်းအဖွဲ့ တွေကနေ စတာပေါ့နော်။ နယ်က အသင်းအဖွဲ့တွေကလည်း လာပြီး အားပေးစကား ပြောပေးပါဦး ဆိုတာကနေ စလိုက်တာ။ “ကျနော်သာသမ္မတကြီး ဖြစ်ခဲ့လျှင်” စာအုပ်ထုတ်ပြီး တော့မှ မြန်မာတပြည် လုံးကမြို့နယ် တွေရပ်ကွက်တွေကနေ ဟောပြောပွဲ အတွက်လာကမ်းလှမ်းတယ်။ အဲဒါကြောင့် လိုက်ပြီး ဟောပြောရပေမယ့် ကျနော်က စာရေးဆရာလည်း မဟုတ်ဘူး။ ဘာပညာရှင်ကြီးမှလည်း မဟုတ်ဘူး။ ကိုယ်ကလုပ်တာ မသာချတဲ့ အလုပ်လုပ်တော့နာရေး နဲ့ ကျန်းမာရေး၊ ပညာရေးလုပ်တော့ အဲဒါ တွေရှင်းပြတယ်။ ဘယ်လိုစိတ်ထားတတ်ဖို့ကို ပြောပြဖြစ်တယ်။ မသေခင်စပ်ကြားမှာ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ် ငန်းလုပ်ဖို့ ဗြဟ္မစိုရ်တရားလေးပါးကို ကျင့်ကြံအား ထုတ်ဖို့တိုက်တွန်းဖြစ်တယ်။ ၂၀၁၃ နိုဝင်ဘာ လ ထိက စာပေဟောပြောပွဲတွေကို ကျနော်တယောက် တည်းပြောဖြစ်တယ်။ ကျနော်စကားပြောပြီး ရင်ပရို ဂျက်တာနဲ့လုပ်တာတွေပြတယ်။ အခု၂၀၁၃ ဒီဇင်ဘာ ကနေစပြီး Performance ပုံစံမျိုးနဲ့ Dancer အဖွဲ့ ထည့်ပြီး လုပ်ဖြစ်ခဲ့တယ်။ အဲဒါထည့်ဖြစ်ရတဲ့ အကြောင်းကလည်း သူတို့ကို အသားလွတ်ကြီး စင်ပေါ်တက်ပြီး ကခိုင်းတာမဟုတ်ဘူး။ ကျနော်ပြော တဲ့အကြောင်း အရာနဲ့ကိုက်ညီတဲ့ Performance တွေကိုလုပ်ခိုင်း ဖြစ်တယ်။ ဘာကြောင့်လုပ်သလဲ ဆိုတော့ ငယ်ငယ်ကကာတွန်းတွေမှာဖတ်ရတဲ့ ဇာတ်ကောင်တွေလိုပေါ့။ အမြင်အာရုံက စိတ်ထဲပို စွဲစေလို့ထည့် ဖြစ်တာပေါ့။
ဧရာဝတီ။ ။ ဦးကျော်သူအနေနဲ့ ကိုယ်တတ် မြောက်ထားတဲ့ အနုပညာကိုရော လက်ဆင့်ကမ်းဖို့ရှိလား။
ဦးကျော်သူ။ ။ အနုပညာကို လက်ဆင့်ကမ်းဖို့ မရှိပါဘူး။ ပညာပေးဇာတ်လမ်းတိုလေးတွေ ရိုက်ရတာတော့ရှိ တယ်။ အဲဒါကတော့ ကိုယ့်အသင်းသူ အသင်းသား ထဲက ဝါသနာပါတဲ့ သူတွေနဲ့ပဲလုပ်ဖြစ်တယ်။ အနုပညာအနေနဲ့ ပြောရင်တော့ အခုအချိန်က ရုပ်ရှင် လောကကတော်တော်ပျက်စီးနေပြီ။ လူငယ်မင်းသား မင်းသမီးတွေ၊ အသစ်လေးတွေ ကြိုးစားရမှာ။ ကျနော်တို့တုန်းကဆိုရင် မင်းသားဖြစ်ဖို့ကို အဆူအပူအငေါက်ခံပြီး ပညာကို သင်ခဲ့ရတာ။ အခုသက်ရှိထင်ရှားရှိတဲ့ ဒါရိုက်တာဦးအောင်မြင့်မြတ်နဲ့ ရိုက်တုန်းကဆိုရင် အစမ်းတွေ ခဏခဏ လုပ်၊ လုပ်ပြီး ရိုက်လို့ရတယ်ဆို ရင်ရိုက်၊ မှားတယ်ဆိုရင် သူကလက်ထဲမှာ ကြိမ်လုံး ကိုင်ထားတယ်။ ကြိမ်လုံးနဲ့ ဝင်ရိုက်တာပဲ။ အခုကတော့ ဒါရိုက်တာတွေက မင်းသားမင်းသမီးကို ပြန်ကြောက်နေရတယ်။ ဇာတ်လမ်းကို ဒီလိုနေရာလုပ် လိုက်ဆိုရင်လည်း လုပ်ပေးနေရတယ်။ အဲဒီကတည်း ကမှားနေပြီ။ အမွေပေးချင်တာတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော့်စိတ်နဲ့တော့ မဖြစ်တော့ဘူး။ အပြင်စီးပွားရေးအရ ရိုက်မယ်ဆိုရင်မဖြစ်တော့ဘူး။ တခုပဲ.. Documamentry ရိုက်မယ်ဆိုရင်တော့ စဉ်းစားရင်စဉ်းစားမယ်။
ဧရာဝတီ။ ။ နန်းခင်ဇေယျာတို့နဲ့ ဦးကျော်သူ ရိုက်မယ်ဆိုတဲ့ ဇာတ်လမ်း ကိစ္စကရော..။
ဦးကျော်သူ။ ။ အဲဒါက မပြီးသေးဘူး။ ဆရာနေဝင်းမြင့် ဇာတ်ညွှန်းရေးပေးနေတယ်။ ကျနော်ကလည်း တကယ့် True Story ပဲလိုချင်တာ။ နာရေးကူညီမှုအသင်း ရန်ပုံငွေအတွက်ကားလည်းမဖြစ်စေချင်ဘူး။ မြန်မာ တပြည်လုံးမှာရှိတဲ့ လူမှုရေးသမားတွေ၊ လူမှုရေး အဖွဲ့တွေအတွက်ကိုယ်စားပြု ဇာတ်ကားဖြစ်စေချင် တယ်။ ဒါပေမယ့် ကိုယ့်ဟာ ကိုယ် ရိုက်ရင်လည်းရ တယ်။ ကိုယ့်အတွေ့အကြုံတွေ အများကြီးရှိပေမယ့် စာရေးဆရာတယောက်ရဲ့ ဖန်တီးမှုကပိုပြီး ထိရောက် တယ်။ ဒါကြောင့် ဆရာကရေးပေးမယ်ဆိုတော့..။ အပြီးတော့ သတ်နေပါပြီ။
ဧရာဝတီ။ ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဦးကျော်သူကို ပါတီနိုင်ငံရေးလုပ်ဖို့ ကမ်းလှမ်းထားတာမျိုးတွေ ရှိလား။
ဦးကျော်သူ။ ။ တောင်းဆိုတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်က မလုပ်ပါဘူး။ နိုင်ငံရေးလုပ်ချင်လို့ လူမှုရေး လုပ်နေတာမဟုတ်ဘူး။ ဘယ်အစိုးရတက် တက်ကျော်သူက မသာပဲချနေမယ်လို့ ပြောထားပြီး သား။ ၂၀၁၅ မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သမ္မာအာဇီဝ ကျကျပဲ လုပ်စေချင်တယ်။ ဘယ်ပါတီဘယ်အဖွဲ့ အစည်းမဆို ရွေးကောက်ပွဲ ဝင်မယ်ဆို ကိုယ်နိုင်ဖို့ အတွက်ပဲလုပ်တယ်။ နိုင်ဖို့အတွက်လုပ်တာက တကယ့် ကို နည်းမှန်လမ်းမှန်နဲ့ သမ္မာ အာဇီဝကျကျ၊ မှန်မှန် ကန်ကန်ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားလုပ်ကြဖို့ အရေးကြီးတယ်။ ဟိုလူ့အပုပ်အချ ဒီလူ့အပုပ်ချအဖွဲ့ အစည်း ကွဲပြဲအောင် အမျိုးမျိုးသတ်တာမျိုး မလုပ် သင့်ဘူး။ အခုက အဲဒီအလားအလာ တွေမြင်နေပြီ၊ ဖြစ်လည်းဖြစ်နေပြီ။ ဒါတွေကမကောင်းဘူး။ ကိုယ် တွေကလည်း မြန်မာပြည်အတွက်ပဲ ကောင်းအောင် လုပ်ရမှာ။ ကိုယ်ကောင်းဖို့ မလုပ်သင့်ဘူး။ မြန်မာ ပြည်ကောင်းရင် ကိုယ့်မိသားစုကောင်းမှာပဲ။ မြန်မာ ပြည်ဖြစ်ချင်တာဖြစ်၊ ကိုယ့်မိသားစုကောင်းဖို့ပဲဆိုရင် သမိုင်းကတော့လှမှာမဟုတ်ဘူး။ ဘဝနိဂုံးကလှမှာ မဟုတ်ဘူး။