ငြိမ်းချမ်းရေးကို ဝယ်ယူလို့မရ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ တံခါးဖွင့်လိုက်သော်လည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အလုံးအရင်းနှင့် မလာသေးသည့် အကြောင်းအရင်းများအနက် တခုမှာ ဖြေရှင်း၍မပြီး နိုင်သေးသော ပြည်တွင်းစစ်နှင့် တိုင်းရင်းသားဒေသ ပဋိပက္ခများ ဖြစ်သည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်းတွင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတခုဖြစ်သော တယ်လီနော် (Telenor) ၏ အမှုဆောင် အရာရှိချုပ် (CEO) ဖြစ်သူ John Fredirk Baksaas က မြန်မာနိုင်ငံတွင် လောလောဆယ် ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည်အရေးကြီးကြောင်းနှင့်လက်နက် ကိုင်တပ်များအကြား ရှိနေဆဲဖြစ်သော တင်းမာမှုများသည် လုပ်ငန်းလုပ်ကိုင်ရန်အတွက် အကဲဆတ်မည်ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်မှန်တည်တံ့သော ငြိမ်းချမ်းရေး လိုအပ်သည်မှာ အငြင်းပွားဖွယ် မရှိပါ။ ဤအတွက် နိုင်ငံရေး အာသီသ လိုသည်။ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများမှ ရလဒ်ကောင်းများထွက် ရန်လိုသည်။ Talking is better than shooting ဆိုသည့် အတိုင်း စားပွဲဝိုင်းတွင် တွေ့ဆုံပြောဆိုခြင်း လိုအပ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် အရေးကြီးသည့် တဖက်နှင့်တဖက် ယုံကြည်မှု (Trust) ကို ယခု အထိ မတည်ဆောက်နိုင်သေးပေ။

ယခုအချိန်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် အတင်းတွန်း၍ မရနိုင်သေး။ ၂၀၁၃ ခုနှစ် ဇူလိုင်လ လန်ဒန်ခရီးစဉ်၌ သမ္မတဦးသိန်းစိန်က နှစ်ပေါင်း ၆၀ အတွင်း သေနတ်သံများ တိတ်ဆိတ်တော့မည်၊ ငြိမ်းချမ်းရေး မကြာခင်ရ တော့မည်ဟု ပြောဆိုခဲ့သည်။

editor-desk1 copyယခုလတ်တလောတွင် ပြောခဲ့သည့်အတိုင်းတော့ ဖြစ်မလာ သေးပေ။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်သည့် အဆင့် သာမက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာသည်ကို တွေ့ရသည်။ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်နှင့် ဂျပန်တို့အပြင် အမေရိကန်နှင့် တရုတ်ကဲ့သို့သော အင်အားကြီး နိုင်ငံများလည်းပါသည်။ ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ပွဲစားများလည်း တခေတ်ဆန်း လာပြန်ပြီ ဖြစ်သည်။

တိုင်းပြည်တွင် နှစ်ပေါင်း ၆၀ ကျော် တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီးကို လပိုင်း၊ ရက်ပိုင်းအတွင်း ယမကာဝိုင်းတွင် စကားပြောသကဲ့သို့ ပြောဆိုရုံဖြင့် မပြီးပါ။ တိုင်းရင်းသားများ လိုချင်နေသည်က အဘယ်နည်း၊ အဘယ်ကြောင့် ဖက်ဒရယ် စနစ်ကို ကျင့်သုံးချင်သနည်း၊ တန်းတူညီမျှရေး၏ အဓိပ္ပါယ်မှာ အဘယ်နည်း စသော မေးခွန်းများအတွက် အဖြေရှိရမည်ဖြစ် သည်။

မြန်မာနိုင်ငံ၏ သယံဇာတ တွင်းထွက်များသည် တိုင်းရင်း သားနယ်မြေများတွင် ဖြန့်ကျက်တည်ရှိသည်။ ဤသယံဇာတ သဘာဝ အရင်းအမြစ်များကို လက်ဝါးကြီး အုပ်ထားသူများမှာ ဘယ်သူများနည်း။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းများတွင် မကြာခဏ ကြားနေရသည့် အာဏာခွဲဝေမှု (Power Sharing) နှင့် သယံဇာတခွဲဝေမှု (Resource Sharing) ဆိုသော ဝေါဟာ ရများကို အားလုံးသဘောတူ ကြေညက်မှသာ ရှေ့တိုး၍ ခြေ တလှမ်း လှမ်းနိုင်ပေမည်။

တချို့ကမူ ငြိမ်းချမ်းရေးကို ငွေနှင့် စက်၍ ဝယ်ယူနိုင်လိမ့်မည် ဟု ယူဆနေကြသည်။ ငွေကုန်ကြေးကျခံကာ လမ်းဖောက်၊တံတား ဆောက်၊ ဆေးရုံဆောက်ပြီး စီးပွားရေး ဖွံ့ဖြိုးလာလျှင် ငြိမ်းချမ်းရေးရမည်ဟု တွက်ဆကြသည်။ သို့သော် ယခုရင်ဆိုင်နေရသော ပဋိပက္ခကမူ ထို့ထက် အများကြီး နက်နဲသည်။ တိုင်းရင်းသားများ အလိုရှိသည့် ငြိမ်းချမ်းရေးနှင့် တန်းတူရေး၏ နောက်ကွယ်တွင် ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ အခွင့်အရေးတို့၏ ဝိသေသလက္ခဏာများကို ထိန်းသိမ်းရေးတို့ ပါဝင်သကဲ့သို့ ဒေသ ထွက်တွင်းထွက် သယံဇာတများအပေါ် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်နှင့် အကျိုးခံစားခွင့်များ ရရေးဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ရရှိရေးပင်ဖြစ်သည်။

Loading