စား၊ ဝတ်၊ နေရေး ဆိုတဲ့ အရေးသုံးပါးကို ကျမတို့အားလုံး ရင်ဆိုင်ဖြေရှင်း ကြရတာပါ။ အဲဒီအထဲကမှ မြို့ပြလူနေမှု ဘဝမှာ “နေရေး” က စားရေးနဲ့ ဝတ်ရေးထက် ပိုခက်တာ တွေ့နေရပါတယ်။ မိုးထိအောင် မြင့်မားလာနေတဲ့ မြေဈေး၊ အိမ်ဈေး တွေနဲ့အတူ အိမ်ပိုင် ယာပိုင်နဲ့ နေထိုင်ရေးဆိုတဲ့ အိပ်မက်တွေ မှုန်ဝါးလာပြီး အိမ်ငှားနေရတဲ့ သူတွေ တနေ့တခြား များလာနေပါတယ်။
တန်ဖိုးနည်း အိမ်ယာတွေ အကောင်အထည် ဖော်နေပါတယ်လို့ ပြောနေပေမယ့် ခရီးမပေါက်သေးပါဘူး။ တကယ်ပဲ အဲဒီ အိမ်ယာတွေ ဆောက်လုပ်ပြီး သွားရင်ကော၊ အခြေခံ လူတန်းစားတွေ ဝယ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ တိုက်ခန်းတခန်းရဲ့ ဈေးနှုန်းက သိန်း ၂၀၀ ဆိုတော့ အခြေခံ လူတန်းစားတွေ လက်လှမ်းမမီနိုင်တဲ့ အနေအထားပါ။
ဘယ်လိုပဲဖြစ်ဖြစ် မြို့ပြမှာ “ကျောချ” စရာနေရာက အရေးကြီးတဲ့အတွက် ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ပဲ အလျဉ်းသင့်သလို အိမ်ငှား နေကြရတာပါ။ နှစ်ချုပ်နဲ့ “စပေါ်” ဆိုပြီး နှစ်မျိုးရှိရာမှာ အိမ်ရှင်အများစုက နှစ်ချုပ်နဲ့ပဲ ငှားရမ်း လိုကြပါတယ်။ ၆ လ၊ ၁ နှစ် အစရှိသဖြင့် ငှားရမ်းရာမှာ ဝေးလံတဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာတောင်မှ တလကို အနည်းဆုံး လေးသောင်း ဝန်းကျင် ရှိပါတယ်။
တချို့ ရပ်ကွက်တွေမှာ ရေ၊ မီး အဆင်ပြေပေမယ့် တချို့ ရပ်ကွက်တွေမှာ ရေ၊ မီး အဆင်မပြေပါဘူး။ ရေဝယ်သုံးနေရတဲ့ နေရာတွေ ရှိတဲ့အထဲ အထင်ရှားဆုံးက ယုဇန ဥယျာဉ်မြို့တော်မှာပါ။ “ယုဇန ဥယျာဉ်မြို့တော်” ဆိုပြီး နာမည်လှလှလေး ပေးထားပေမယ့် ငှားနေရသူတွေဘက်က မသက်သာလှပါဘူး။ တလကို တရားဝင် ရေဖိုး ၃၀၀၀ ကျပ် ပေးရပါတယ်။ ဒါပေမယ့် လာတဲ့ရေက သုံးလို့ပဲရပြီး သောက်လို့မရ၊ ချက်ပြုတ်ဖို့အတွက် အဆင်မပြေလို့ ရေဝယ်သုံးရတော့ တနေ့ကို ရေဖိုးချည်းပဲ တထောင်ဝန်းကျင် ရှိပါတယ်။
ယုဇန၊ မြောက်ဒဂုံလို နေရာမျိုးမှာ အိမ်လခ အနည်းငယ် သက်သာပေမယ့် အလုပ်ရှိတဲ့ မြို့ထဲကိုလာဖို့ အချိန်ပေးရသလို၊ လမ်းစရိတ်လည်း ကုန်ပါတယ်။ မြို့ထဲဝန်းကျင်နေရာတွေမှာ တိုက်ခန်းငှားခက အပေါ်ဆုံးထပ် ဆိုရင်တောင် အနည်းဆုံး တလ တသိန်းနှစ်သောင်းကျပ် ရှိပါတယ်။ မြေညီထပ်ဆိုရင် တလကို ၃ သိန်းကနေ ၅ သိန်း၊ ၈ သိန်းအထိ ရှိပါတယ်။
အိမ်ရှင်/ အိမ်ငှားနဲ့ ဆိုင်တဲ့ ဥပဒေမှာ အိမ်ငှားရဲ့ လိုအပ်ချက်တွေကို အိမ်ရှင်က ပြင်ဆင်ပေးရမယ် ဆိုပေမယ့်လည်း လက်တွေ့ မှာတော့ တခြားစီပါ။ ရန်ကုန်မြို့မှာ နေထိုင်တဲ့ လူဦးရေရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်းဟာ အိမ်ငှားနေရတာမို့ ဒီအခြေအနေဟာ အိမ်ရှင်နဲ့ ပွဲစားတွေရဲ့ သည်းခြေကြိုက် ဖြစ်နေပါတယ်။ အဆိုးတကာ့ အဆိုးဆုံးက တရားဝင် မှတ်ပုံတင် ထားခြင်း မရှိတဲ့ အရပ်ပွဲစားတွေပါ။ ကွမ်းယာရောင်းတဲ့ သူကအစ လက်ဖက်ရည်ဆိုင် ထိုင်နေသူအဆုံး အရပ်ပွဲစား ဖြစ်နေတာပါ။
အရပ်ပွဲစားတွေဟာ တိုက်ခန်းတခန်း ငှားရမ်းပြီဆိုရင် ပွဲခကို နင့်နေအောင် ယူပါတယ်။ မငှားခင်မှာ ရွှန်းရွှန်းဝေအောင် ပြောပြီး ပွဲခရပြီးရင် ဘာဆိုဘာမှ တာဝန်မယူတော့ပါဘူး။ မြို့ထဲဝန်းကျင်မှာ ခြောက်လငှားရင် အိမ်လခ တလစာရဲ့ တဝက်၊ တနှစ် ငှားရင် အိမ်လခ တလခစာ ယူပါတယ်။ ဥပမာ တလကို တသိန်းနဲ့ မခန်းငှားရင် ၆ လစာချုပ်ရင် ပွဲစားခ ငါးသောင်း၊ တနှစ် စာချုပ်ရင် တသိန်းပေးရပါတယ်။ ကန်တော်လေးနဲ့ ကျောက်မြောင်းက အရပ်ပွဲစားတွေက ၆ လပဲ ငှားငှား၊ တနှစ်ပဲ ငှားငှား တလခစာ အပြည့် ယူပါတယ်။ နေစရာ အခက်အခဲရှိလို့ အိမ်ငှားသူတွေဟာ ဥပဒေအရလည်း ဘာအကာအကွယ်မှ မရပါဘူး။
များသောအားဖြင့် အရပ်ပွဲစားတွေဟာ အိမ်ရှင်တွေနဲ့ စည်းဝါးကိုက်ထား ကြပါတယ်။ မှန်မှန် ကန်ကန် အလုပ်လုပ်တဲ့ တရားဝင် အကျိုးဆောင်တွေ ရှိပေမယ့် အိမ်ရှင်တွေက အရပ်ပွဲစားတွေကို ပိုသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ငှားစာချုပ် ချုပ်ဆိုရာမှာ ရှေ့နေနဲ့ ချုပ်စရာမလိုဘဲ ပွဲစားက သက်သေအနေနဲ့ ခပ်တည်တည် လက်မှတ် ထိုးလိုက်ပြီဆိုရင် အိမ်ငှားအပေါ် အိမ်ရှင်က စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်ခွင့်ရသွားလို့ပါပဲ။ အိမ်ငှားစာချုပ်မှာ ပါဝင်တဲ့ နှစ်ဦးနှစ်ဘက် သဘော တူညီချက် ဆိုတာကလည်း နိုင်ငံတော်ကို အခွန် မှန်မှန်ကန်ကန် ဆောင်ပြီး ဝယ်ယူထားတဲ့ စာချုပ်မဟုတ်ဘဲ အိမ်ရှင်ဘက် အသာစီး ယူထားတဲ့ အချက်တွေကို ထည့်သွင်းထားတဲ့ စာချုပ်တွေပါ။
ဥပမာ ပြောရရင် အိမ်ငှားနေသမျှ ပစ္စည်းပျက်စီးခဲ့ရင် အိမ်ငှားကပဲ ပြင်ရမယ်၊ အိမ်ငှားဟာ ဧည့်စာရင်းနဲ့ပဲ နေထိုင်ရမယ်၊ ဧည့်စာရင်း တိုင်ဖို့ ပျက်ကွက်ခဲ့ရင် ဒဏ်ကြေးငွေနဲ့ ပြစ်ဒဏ်ကို အိမ်ငှားကပဲ ကျခံရမယ်၊ ရေမော်တာ ပျက်ရင် အိမ်ငှားကပဲ ပြင်ပေးရမယ်၊ အခွန်အခ မှန်သမျှကို အိမ်ငှားကပဲ ပေးရမယ်၊ ပြောထားတဲ့ မိသားစု အရေအတွက် အတိုင်း နေရမယ်၊ တခြားစီးပွားရေး လုပ်ငန်းတွေ မလုပ်ကိုင်ရဘူးဆိုတဲ့ စည်းကမ်းချက်တွေဟာ တရားဥပဒေနဲ့ မညီဘဲ အိမ်ရှင်က တမင် သက်သက် အသာစီး ယူထားတာပဲ ဖြစ်ပါတယ်။
ကျမကိုယ်တိုင် အိမ်ငှားဘဝနဲ့ အခန်းတွေ ပြောင်းရွှေ့နေထိုင်နေရသူပါ။ ကန်တော်လေး၊ လှိုင် ၁ ရပ်ကွက်၊ မင်္ဂလာ တောင်ညွန့်၊ တောင်လုံးပြန်ရပ်ကွက်၊ ၃၉ လမ်း အစ ရှိသဖြင့်ပါ။ လှိုင် ၁ ရပ်ကွက်မှာ ၁၀ လ စာချုပ်ချုပ်ထားပေမယ့် ၃ လပဲ နေရသေးတယ်၊ အိမ်ရှင်က အခန်းရောင်းမှာမို့ နောက်တခန်း ပြန်ရှာပေးပါတယ်။ ဒါပေမယ့် နောက်ပြောင်းပေးတဲ့ အခန်းဟာ ရေ၊ မီး အဆင်ပြေတာက လွဲလို့ လူနေခွင့် (BCC) မကျသေးတဲ့ တိုက်ဖြစ်နေပါတယ်။ လက်ရန်းတောင် မပါတဲ့ တိုက် လှေကားထစ်တွေကို သတိကြီးစွာ တက်ခဲ့၊ ဆင်းခဲ့ရတာပါ။ မိုးလင်းကနေ မိုးချုပ်အထိ ဆူညံနေသလို မိုးလင်းလာရင် လမ်းထဲမှာပဲ ကြက်သတ်တဲ့ အိမ်က သတ်ပါတယ်။ ဘယ်လိုမှ နေရတာ အဆင်မပြေလို့ မင်္ဂလာတောင်ညွန့်၊ တောင်လုံးပြန် ရပ်ကွက်ကို ပြောင်းခဲ့ရပါတယ်။
ပထမထပ် ဆိုတော့ တက်ရ၊ ဆင်းရ အဆင်ပြေသလို တခန်းလုံး ကြွေပြားခင်းပေထားပါတယ်၊ ဒါပေမယ့် အဲဒီမှာ ငှားနေလို့ နှစ်လ ကျော်ကျော်မှာ မသေကောင်း မပျောက်ကောင်း အဖြစ်တခုနဲ့ လာတွေ့ရပြန်ပါရော။ အိမ်ရှင်တွေက နေပြည်တော် သွားစရာရှိတယ် ဆိုပြီး သွားကြပါတယ်၊ ရေချိုးခန်းနဲ့ အိမ်သာက တွဲလျက်ပါ၊ ရေချိုးခန်းသော့ ရှိပေမယ့် ကျမတို့ကို ပေးမသွားပါဘူး။
ရေးချိုးခန်းက PVC တံခါး တပ်ထားပြီး အောက်ခြေမှာ လက်တလုံးလောက် ဟနေပါတယ်။ ရေချိုးမယ် ဆိုပြီး အပြင်ကို ရေစင်မှာ စိုးလို့ အတွင်းက Lock ချလိုက်တဲ့အခါ အပြင်က Lock ကျသွားပါတယ်။ ရေချိုးခန်းထဲမှာ ကျမတယောက်တည်း တနာရီခွဲကြာအောင် ပိတ်မိနေခဲ့ပါတယ်။ ခင်ပွန်းသည် ပြန်ရောက်လာမှ ဝက်အူလှည့်နဲ့ ကလန့်ပြီး တံခါးဖွင့်ရပါတယ်။ သော့ ပေးမသွားတဲ့ အတွက် ဒီနည်းကလွဲပြီး ရွေးစရာလည်း မရှိပါဘူး။ ရေချိုးခန်းထဲမှာ တနာရီလောက် ကြာအောင် ပိတ်မိခဲ့လို့ အသက်အန္တရာယ် ရှိလာခဲ့ရင် အိမ်ရှင်က ဘယ်လို တာဝန်ယူပေးမှာလဲလို့ မေးချင်မိပါတယ်။ အကျိုးအကြောင်း ဖုန်းဆက် ပြောတဲ့အခါ “ရပါတယ် ကျနော်တို့ ပြင်ပေးပါ့မယ် သော့ကတော့ ဘယ်ထားမိမှန်း မသိဘူး” ဆိုပဲ။ သူတို့ရဲ့ တာဝန်မဲ့မှုကြောင့် လူတယောက် မသေကောင်း မပျောက်ကောင်း ဖြစ်ရတာမျိုး ဖြစ်ပြီး ကျမတို့ ပြောင်းကာနီးကျတော့ ရေချိုးခန်း Lock ကို အသစ်ပြန်တပ်ပေးပါလို့ ပြောလာပါတယ်။ ကျမတို့ ၁၁ လ နေထိုင်လာခဲ့ပြီး သူတို့ပြောတဲ့အတိုင်း အသစ် ပြန်တပ် ပေးခဲ့ပေမယ့် “အိမ်ရှင်ဆိုတာ ဒီလိုပါလား” လို့ ကောင်းကောင်းကြီး သဘောပေါက်ခဲ့ ရပါတယ်။
တောင်လုံးပြန် ရပ်ကွက်ကနေ လက်ရှိနေထိုင်နေတဲ့ ၃၉ လမ်းကိုပြောင်းရွှေ့ခဲ့တဲ့ အခါ အဆင်ပြေတယ်လို့ ပြောနိုင်ပေမယ့် ထုံးစံအတိုင်း အိမ်လခ ယူပြီးတဲ့နောက် အိမ်ရှင်က ဘာတာဝန်မှ မယူတော့ပါဘူး။ ပြောင်းပြီး သိပ်မကြာမီ ရေတိုင်ကီ ပေါက်တော့လည်း ကျမတို့ ပြင်ရတယ်၊ မီးချောင်းနဲ့ မီးသီးတွေကိုလည်း ကျမတို့ လဲရပါတယ်။ ထင်မှတ် မထားတဲ့ နေရာကနေ မိုးတွင်းမှာ မိုးယိုတဲ့အခါ လှေကားထစ်တွေ တလျှောက် စီးကျ နေတဲ့ မိုးရေတွေကို မိုးတွင်းတတွင်းလုံး ကျမပဲ သုတ်ပေး ခဲ့ရပါတယ်။ ကျမတို့နေတာက အပေါ်ဆုံးထပ်ဆို တော့ အတွင်းမှာ မျက်နှာကြက် ပြင်ရိုက်ပေးထားလို့ မိုးမယိုပေမယ့် လှောကားခွင်နေရာက ယိုတဲ့မိုးရေတွေက အခန်းရဲ့ တံခါးမကြီး နားမှာ စီးကျပြီး အခန်းထဲအထိ ရောက်လာပါတယ်။ လှေကားထစ်တွေမှာ တောက်လျှောက်ကျနေတဲ့ မိုးရေတွေကြောင့် ချော်မလဲအောင် မနည်း သတိထားခဲ့ရတာပါ။ နောက်ဆုံးမှာ တိုက်ရဲ့ မြေရှင်နဲ့ တိုင်ပင်ပြီး မိုးယိုတာကို မြေရှင်တဝက်၊ ကျမတို့ တဝက်နဲ့ ပြင်ခဲ့ရပါတယ်။ အိမ်ရှင်ကတော့ သူတို့နဲ့ လားလားမှ မဆိုင်သလို ပြင်ဆင်ဖို့ တပြားတချပ်မှ ထုတ်မပေးခဲ့သလို “နေရတာ အဆင်ပြေရဲ့လား” လို့ ဖုန်းလေးတ ချက်တောင် ဆက်မေးဖော် မရပါဘူး။
ကျမအပါအဝင် အိမ်ငှား နေထိုင်သူတွေဟာ ဧည့်စာရင်းနဲ့ပဲ နေထိုင်ခွင့်ရတဲ့အတွက် နိုင်ငံသား တယောက်ချင်းစီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရသလို အိမ်ရှင်နဲ့ ပွဲစားတွေ လုပ်သမျှခံနေရတဲ့ အနေအထားပါ။ ဒါ့အပြင် မိသားစုတစုမှာ ဝင်ငွေရဲ့ ထက်ဝက်နီးပါးခန့်ကို အိမ်ငှားရာမှာ သုံးနေရတဲ့ အတွက် တခြားကျန်းမာရေးနဲ့ စားသောက်ရေး အတွက် သုံးစွဲနိုင်တဲ့ ငွေကြေးပမာဏ လျော့နည်းလာပါတယ်။ “ကောင်းသော အသက် မွေးဝမ်းကျောင်းခြင်း” နဲ့ ရပ်တည် နေသူအတွက် အိမ်ရာပိုင်ဆိုင်ခွင့် မရှိသေးဘူးဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ။
လက်ညှိုးညွှန်ရာ မြေနဲ့ အိြမ်ဖစ်နေသူတွေ၊ ငွေပိုနေလို့ အိမ်ခြံမြေ ဈေးကွက်မှာ ဝင်ပြီး ဈေးကစားသူတွေ၊ ငွေကြေး ခဝါချသူတွေ၊ မူးယစ်ရာဇာတွေနဲ့ ဆက်နွှယ်နေသူတွေ အဂတိတရား လိုက်စားသူတွေက မြေ တကွက်ပြီး တကွက်၊ အိမ်တလုံးပြီး တလုံး ပိုင်ဆိုင်ခွင့်ရနေကြပြီး လူအများစုက အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့ စိတ်ကူးမယဉ် ရဲလောက်အောင် မြေဈေး၊ အိမ်ဈေးတွေ ကြီးမြင့်နေတာဟာ နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုအမှားကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု အပေါ်မူတည်ပြီး Property Tax (ပိုင်ဆိုင်မှုအခွန်) ကောက်ခံသင့်ပါတယ်။
တန်ဖိုးနည်း အိမ်ရာတွေ တည်ဆောက်နေတယ်ဆိုရင် သိန်း ၁၀၀ အောက်ဈေးနဲ့ ရောင်းနိုင်အောင် စီစဉ်ပေးရမှာပါ။ တိုက်ခန်းဈေးနှုန်းရဲ့ ၁၀ ရာခိုင်နှုန်းကို အရင်သွင်းခွင့်ပြု၊ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို နှစ်ရှည်သွင်းနိုင်အောင် စီစဉ်ပေးမယ်၊ ဘဏ်ချေးငွေတွေ ထုတ်ပေးမယ်ဆိုရင် အိမ်ငှားနေရတဲ့ ဒုက္ခကနေ လွတ်မြောက် နိုင်ပါလိမ့်မယ်။ လောဘတက်နေတဲ့ လူတစုကတော့ ကိုယ်ချင်းစာနာမှုမရှိဘဲ အိမ်လခတက်ဖို့၊ ပွဲစားခပိုရဖို့၊ ပြန်ရောင်းမယ့် တိုက်ခန်းကို ဈေးတင်ဖို့ပဲ စဉ်းစား ကြမှာပါ။ အိမ်ရာ ပိုင်ဆိုင်ခွင့် နည်းပါးခြင်းနဲ့ ရာဇဝတ်မှုတွေ ဆက်စပ်နေတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ မမေ့စေ ချင်ပါဘူး။
အမေရိကန်က နယူးယောက်ထက်၊ ထိုင်းက ဘန်ကောက်ထက် မြေဈေး အိမ်ဈေးကြီးတယ်ဆိုတာ နိုင်ငံအတွက် ဂုဏ်ယူစရာ မဟုတ်ပါဘူး။ နိုင်ငံမှာ ဆင်းရဲ/ ချမ်းသာ ကွာဟမှု ကြီးမားနေတယ်ဆိုတာ သက်သေပြနေတာပါ။ ကြီးမားတဲ့ မြေဈေးကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဟန့်အတားဖြစ်နေတာ ငြင်းမရပါဘူး။
နိုင်ငံသားအားလုံး မြေယာပိုင်ဆိုင်ခွင့်၊ အိမ်ပိုင်ဆိုင်ခွင့် အတွက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ ချမှတ်ဖို့ လိုသလို၊ လက်တဆုပ်စာ လူတစုရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည် စိစစ်မှသာ သိက္ခာရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင်မှာပါလို့ ပြောချင်ပါတယ်။