ပြုပြင်ပြောင်းလဲရေး ၃ နှစ်ကျော်လာပြီဖြစ်သော်လည်း မြန်မာ့စီးပွားရေးတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဦးသိန်းစိန်aအစိုးရ လုပ်ဆောင်ချက် အတော်အားနည်းနေခဲ့သည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) ဆိုသည်မှာလည်း ဦးသိန်းစိန် အစိုးရမတက်လာမီ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်နှင့် ခရိုနီများကို နိုင်ငံပိုင်ပစ္စည်းများကို တရားဝင် လက်လွှဲပေးခဲ့ခြင်းသာ ဖြစ်ခဲ့သည်။
အုပ်ချုပ်ရေးတွင် လဘ်စားမှုက ကင်ဆာလို ပြန့်နှံ့နေပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကြီးစွာ အနှောင့်အယှက်ဖြစ်သည်။ တရားစီရင်ရေးစနစ်ကလည်း အားမကောင်းလှဘဲ ပုဂ္ဂလိက ပိုင်ဆိုင်မှုကိုလည်း မကာကွယ်ပါ။ ဥပဒေကို အာဏာပိုင်များက လိုရာသုံးခြင်းနှင့် ဗျူရိုကရေစီကြိုးနီစနစ်ကလည်း ပုဂ္ဂလိကကဏ္ဍကို ချုပ်နှောင်ထားသည်။
ယခု “ဒီမိုကရေစီ”သို့ အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွင် ယခင် မြန်မာ့ဆိုရှယ်လစ်များနှင့် စစ်အာဏာပိုင်များကဲ့သို့ နိုင်ငံသားတို့၏ ပုဂ္ဂလိက ဘဝထဲသို့ပါ ထိန်းချုပ်လိုပြီး ကြီးမားလွန်းသည့် အုပ်ချုပ်ရေးယန္တရားနှင့် အသုံးစရိတ်ကို သုံးစွဲခဲ့သလို Big Government အဖြစ် ဆက်ပြီး မကျင့်သုံးသင့်တော့။ ပုဂ္ဂလိက ကဏ္ဍကို ပြိုင်ဘက်ကဲ့သို့ ဆက် သဘောထားပြီး အနိုင်ယူချင်နေမည့်အစား မြေတောင်မြှောက်ပေးဖို့ လိုသည်။ ကာကွယ် စောင့်ရှောက် ပျိုးထောင်ပေးသင့်သည်။ ပြုပြင်ပြောင်းလဲရေးလုပ်နေကြသော အခြားနိုင်ငံများတွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ (Public- Private Partnership) ထိပင် အောင်မြင်နေကြပြီဖြစ်သည်။
မြန်မာ့စီးပွားရေးတွင်မူ တပ်မတော်နှင့် ခရိုနီများကသာ လက်ဝါးကြီးအုပ်ထားပြီး စိုက်ပျိုးရေးထုတ်ကုန်နှင့် သယံဇာတတူးဖော် ရောင်းချမှုဖြင့်သာ အစဉ်အဆက် ငွေရှာခဲ့ကြသည်။ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများ မဖြစ်ထွန်းနိုင်သေးပေ။ မြန်မာ့စီးပွားရေး ပြန်ဦးမော့နိုင်ရေး လယ်ယာစိုက်ပျိုးရေးကဏ္ဍကို လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံရမည်။ အစိုးရက ဈေးကွက်အင်အားစုများကို မထိန်းချုပ်သင့်။ လယ်သမားနှင့် စွန့်ဦးတီထွင်မည့် စီးပွားရေးလုပ်ငန်းရှင်များ လွတ်လပ်စွာ ဖွံ့ဖြိုးနိုင်ရေး ကန့်သတ်ချုပ်ချယ်မှုများ ဖယ်ရှားရမည်။ လယ်လုပ်သူ လယ်ပိုင်ရေး၊ အရင်းအနှီးနှင့် လက်လှမ်းမီရေး၊ အမြတ်ကြီးစားမှုမှ ကာကွယ်ရေး၊ ဈေးကွက်တည်ငြိမ်မှု အာမခံရေးတို့ကို အစိုးရမှ တာဝန်ယူရမည်။
ဒီမိုကရေတစ် နိုင်ငံရေးစနစ်နှင့် တံခါးဖွင့် ဈေးကွက် စီးပွားရေးစနစ်တွင် ပုဂ္ဂလိက အခန်းကဏ္ဍ ကြီးထွားမှ တိုင်းပြည် ချမ်းသာမည်။ ပွင့်လင်းမြင်သာမှု ရှိသော နိုင်ငံများတွင် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းကြောင့် ကြိုးနီစနစ် လျှော့သွားသည်၊ ခြစားမှု နည်းသွားသည်၊ စားသုံးသူများ ရွေးချယ်စရာ ပိုများလာသည်၊ ပြိုင်ဆိုင်မှု ပိုများလာသဖြင့် ကုန်ပစ္စည်း အရည်အသွေး ပိုကောင်းလာသည်၊ ဝန်ဆောင်မှု ပိုကောင်းလာသည်၊ ဈေးနှုန်းများလည်း ကျလာသည်။ ယင်းသီအိုရီမှာ မြန်မာနိုင်ငံတွင်မှ အလုပ်မဖြစ် ဆိုပါက ကိုယ်သာညံ့နေ၍ ဖြစ်သည်။
အစိုးရ၏ ပုဂ္ဂလိကကဏ္ဍနှင့်ပတ်သက်သည့် မူဝါဒ ညံ့ဖျင်းမှုကြောင့် ၂၀၁၅ ခုတွင် မြန်မာပါဝင်ရတော့မည့် အာဆီယံစီးပွားရေးအသိုက်အဝန်း Asean Economic Community (AEC) အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ Small and Medium Enterprises (SMEs) မည်သို့မျှ အဆင်သင့် မဖြစ်သေးပေ။ ယခုမှ စတင်လုပ်ဆောင်လျှင်သော်မျှ အချိန်အတော်လင့်နေပြီဖြစ်သည်။