လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အဝန်း ASEAN Economic Community (AEC) သို့ပါဝင်ရတော့မည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကာလမှသည် အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအလယ် သမ္မတဦးသိန်းစိန်၏ မြန်မာ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကာလ နောက်ဆုံးထိ ဖြတ်သန်းလာရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယှဉ်ပြိုင် စိန်ခေါ်မှုများကို ရင်ဆိုင်လာရတော့မည့် စူပါမားကတ် လုပ်ငန်းရှင်တဦးဖြစ်သူ ဒေါ်ဝင်းဝင်းတင့်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ သတင်းထောက် ကျော်ဆုမွန်က တွေ့ဆုံမေးမြန်းထားသည်။
ဧရာဝတီ။ ။ City Mart စဖွင့်တာက ဆိုင်ခွဲက ဘယ်နှစ်ခုနှစ်ကတည်းက စဖွင့်တာလဲ။
ဒေါ်ဝင်းဝင်းတင့် ။ ။ ၁၉၉၆ ခုနှစ်က စခဲ့တာပေါ့။ ကျမတို့ Super Market အနေနဲ့ ၁၉၉၆ မှာစခဲ့တာပေါ့။ အောင်ဆန်းကွင်းမှာ စပါတယ်။ အောင်ဆန်းကွင်းမှာ ဆိုင်ခွဲပါ၊ အခုလည်း အဲဒီဆိုင် ခွဲက ရှိပါသေးတယ်။
ဧရာဝတီ။ ။ လက်ရှိ အားလုံးစုစုပေါင်း တနိုင်ငံလုံးမှာ ဘယ်လောက်ရှိပါသလဲ။
ဒေါ်ဝင်းဝင်းတင့် ။ ။ ကျမတို့ စူပါမားကတ်အနေနဲ့ကတော့ ၁၅ ဆိုင်ပေါ့၊ တခြားပုံစံ အနေနဲ့ဆိုရင် Orange ဆိုရင် Orange စူပါမားကတ်ဆိုပြီး ၅ ဆိုင် ရှိပါတယ်။ နောက်တော့ Season မုန့်ဖုတ်ဆိုင် ၁၉ ဆိုင်ရှိတယ်။ Health & Beauty ဆိုပြီး ဆိုင် ၂၀ ရှိတယ်။ Baby Club ဆိုပြီး ၃ ဆိုင်ရှိတယ်။ စာအုပ် ဆိုင်တွေရှိတယ်၊ ပေါ်ပြူလာဆိုရင် ၃ ဆိုင် ရှိတယ်။ တနည်းအားဖြင့် ဒါတွေအကုန်လုံးကတော့ ခေတ်မီမီနဲ့ စနစ်တကျစီမံထားတဲ့ လက်လီဆိုင်တွေ Organized Retail၊ Modern Retail ပေါ့။ အဲ့လိုမျိုး Define သတ်သတ်မှတ်မှတ် လုပ်ထားတာပေါ့။
အချက်အလက်ကတော့ ထုံးစံအတိုင်း အရမ်းခက်တယ်ပေါ့။ ဈေးကွက်သုတေသနကလည်း လုပ်ဖို့ ခက်တယ် လေ။ ကျမတို့ ခန့်မှန်းချက် အရတော့ မြန်မာနိုင်ငံမှ Organized Retail က ၁၀ ရာခိုင်နှုန်း လောက်ပဲ ရှိတယ်။ Organized Retail မှာ Format အမျိုးမျိုးရှိတာပေါ့။ Department စတိုးတွေ၊ မြန်မာပြည်သူတွေအတွက် အများဆုံး ရင်းနှီးတာကတော့ Department စတိုးတွေနဲ့ရင်းနှီးတာပေါ့။ ယုဇနတို့၊ Super One တို့၊ စိန်ဂေဟာ တို့ ဆိုတာကတော့ Department စတိုးပေါ့။ ကျမတို့ Format တွေကတော့ Super Market တို့ Hyper Market တို့ Baby Club တို့ပေါ့။
ဧရာဝတီ။ ။ City Mart လိုမျိုး ပထမဦးဆုံးတီထွင်ပြီးတော့ လုပ်တဲ့အချိန်မှာ ဈေးကွက်က အစ်မတို့ကို လက်ခံခဲ့လား။ ဘယ်လို အခက်အခဲမျိုးတွေ ကြုံတွေ့ခဲ့ရသလဲ။
ဒေါ်ဝင်းဝင်းတင့် ။ ။ အဲဒီတုန်းက စူပါမားကတ်ကို ဘယ်လိုမျိုး မြင်ကြလဲဆိုတော့ Shelf Service ပေါ့။ စင်တွေပေါ်မှာ ပစ္စည်းတွေ ကို ခင်းကျင်းပြထားတယ်။ ဈေးဝယ်သူက ကိုယ်ကြိုက်တဲ့ပစ္စည်းကို ထည့်ဝယ်ပေါ့၊ အဲဒီလိုမျိုး စူပါမားကတ်လို့ ဈေးဝယ်သူတွေက သိထားတာပေါ့။ စူပါမားကတ်ကို ကျမတို့ စခဲ့တာမဟုတ်ဘူး။ ကျမတို့ထက် စောပြီးတော့ သုံးလေးဦးလောက်ရှိပါတယ်။ Asia World ကစပြီးတော့ Asia Light၊ နောက်ပြီး စင်ကာပူကလာဖွင့်တဲ့ဆိုင် ဆိုပြီးရှိတယ်။ နောက်မြိုင်ဟေဝန်ရှိတယ်။
အဲ့ဒီဆိုင်တွေက အရင်ဖွင့်ပြီးနေပြီပေါ့။ ကျမတို့ ဖွင့်တဲ့အချိန်မှာ ကျမတို့က အစောပိုင်းမှာတော့ပါတယ်ပေါ့။ အဲဒီတုန်းက တိုင်းပြည်ကလည်း ဖွင့်ကာစပေါ့ ၁၉၉၆ ဆိုတော့ ဈေးကွက်စီးပွားရေးစနစ်ကလည်း စပြီး ကျင့်သုံး ခါစဆိုတော့ တိုင်းပြည်က ပြောင်းနေတယ်ပေါ့။ အခုအချိန်ကတော့ Second Wave ဒုတိယလှိုင်းပေါ့။ အဲဒီတုန်းက First Wave ပထမလှိုင်းဆိုတော့ ပြောင်းတော့ပြောင်းနေတယ်။ အရင် မဆလခေတ်ကကျတော့ ဈေးဝယ်ရင် ရွေးချယ်မှုက အရမ်းနည်းတယ်။ သွားတိုက်ဆေးဆိုရင် Brand က တမျိုးနှစ်မျိုး၊ ဆပ်ပြာဆိုရင် လည်း Brand က တမျိုးနှစ်မျိုးပဲ သုံးကျတာဆိုတော့ စူပါမားကတ်တွေ စဖွင့်တုန်းကဆိုရင် ရွေးချယ်မှုတွေ ပိုပြီးတော့ ပေးနိုင်တယ်။ ဒါပေမယ့် စစပိုင်းမှာတော့ စူပါမားကတ်နဲ့ အကျွမ်းတဝင်မရှိဘူးပေါ့။
နောက် မှန်ခန်းနဲ့ရောင်းရင် ဈေးကြီးတယ်လို့ မြင်တာပေါ့။ တကယ်လည်း ဈေးနှုန်းအားဖြင့် ယှဉ်နိုင်ဖို့ တော် တော်လေး ခက်ခက်ခဲခဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ဆိုင်အသေးလေးတွေကျတော့ ဈေးသက် သာတယ်ပေါ့။
ကျမတို့ကျတော့ ရင်းနှီးမြှုပ်နှံမှုတွေလည်း များတယ်၊ ကုန်ကျစရိတ်တွေလည်းများတဲ့အတွက်မို့ မယှဉ်နိုင် ဘူးပေါ့။ ဈေးများတယ်ဆိုပြီးတော့ လက်ခံမှုနည်းတယ်ပေါ့။ အဲဒီတုန်းက လူတွေရဲ့နေထိုင်မှု Life Style ကလည်း အခုလိုမရှိဘူးဆိုတော့ လက်ခံတာနည်းတယ်ပေါ့။ ပထမ စဖွင့်ဖွင့်ချင်း သုံးလေး နှစ်လောက် အထိကတော့ အရှုံးနဲ့ သွားရတာပေါ့။
Junction 8 မှာ စဖွင့်ပြီး နောက်ပိုင်းမှာတော့ တော်တော်လေးကို ပြောင်းလာတာတွေ့ရတယ်။ အဲဒီမှာ ပုံမှန်ဈေးဝယ်သူတွေ များလာတယ်ပေါ့။ အဲဒီကနေစပြီးတော့ များလာတာ အခုကတော့ တော်တော်လေး ပြောင်းလဲသွားပြီ။ လူနေမှုစနစ် ပြောင်းလဲသွားပြီ။ လူဦးရေအများစုက သုံးစွဲနိုင်မှုအား Spending Power ကတော့ နည်းသေးတယ်။ ဝင်ငွေနည်းသေးတယ်ဆိုတော့ အရမ်းအားရလောက်အောင် ပြောင်းလဲမှုတွေတော့ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် အရင်အနေအထားနဲ့စာရင်တော့ မြို့ပေါ်မှာရှိတဲ့စားသုံးသူတွေရဲ့ အနေအထား အများကြီး ပြောင်းလဲသွားတယ်။
ဧရာဝတီ။ ။ City Mart စတုန်းက အရင်းအနှီး ဘယ်လောက်နဲ့ စခဲ့တယ်လို့ ပြောလို့ရသလဲ။
ဒေါ်ဝင်းဝင်းတင့် ။ ။ ငွေရဲ့တန်ဖိုးတွေကတော့ အများကြီးကွာသွား ပြီပေါ့။ လွန်ခဲ့တဲ့ ၁၇ နှစ်နဲ့ အခုနှစ်မှာငွေရဲ့ တန်ဖိုးက အများကြီးကွာသွားတယ်။ မြန်မာငွေတန်ဖိုးက အများကြီးကွာသွားသလို အမေရိကန်ဒေါ်လာတန် ဖိုးကတော့တန်ဖိုးရှိလာခြင်းကလည်း အများကြီးကွာသွားတာပေါ့။ အမတို့ စတည်တုန်းကလည်း ကုမ္ပဏီက မိသားစုပိုင်ဖြစ်တယ်ဆိုတော့ အဲဒီတုန်းက မြန်မာငွေနဲ့ဆိုရင် သိန်း ၇၀ဝ လောက်ရှိလိမ့် မယ်ထင်တယ်။
ဒီ ၁၇ နှစ်အတွင်း မြန်မာပြည်ရဲ့ Small and Medium Enterprises (SMEs) လောက ကျတော့ ကြီးထွား လာတဲ့နှုန်းနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ အစ်မတို့ ၁၉၉၆ တုန်းကနဲ့ အခုချိန်နဲ့ဆိုရင် အနေအထား ဘယ်လောက် ကွာသွားပြီလဲ၊ ပြောပြပေးပါဦး။
ကျမတို့စခဲ့တုန်းက အဲ့ဒီတုန်းကတော့ တံခါးဖွင့်စီးပွားရေးစခဲ့တာဆိုတော့ လူတိုင်းက ကုမ္ပဏီဖွင့်တယ်။ လူတိုင်းက စီးပွားရေးလုပ်ချင်တယ်ဆိုပေမယ့် စီးပွားရေး အခွင့်အလမ်းတွေကရော ဘာမှာမှ မရှိတာကိုး။ စီးပွားရေးအခွင့်အလမ်းတွေကလည်း နည်းနည်းလေး။ ဒီအကြောင်းကို နည်းနည်းသိတာနဲ့ အလုပ်လုပ်ရ တယ်ဆိုတော့ လုပ်စရာအများကြီးရှိတာပေါ့။ နောက်ကျမတို့ စတဲ့အချိန်မှာဆိုရင် တော်တော်လေး နောက်ကျ တယ်လို့ ပြောလို့ရတယ်။ အားလုံးကစပြီး အလုပ်လုပ်ကျတာ ၁၉၉၀ ရွေး ကောက်ပွဲအပြီး ၁၉၉၂ မှာစပြီး အလုပ်လုပ်ကျတာပေါ့။
ကျမတို့က ၁၉၉၆ မှဆိုတော့ စပြီးတော့ ခက်ခဲစပြုလာတဲ့အချိန်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၂ မှာ တံခါးဖွင့် စီးပွားရေးအနေနဲ့ တော်တော်များများကို ဖွင့်လိုက်တယ်ပေါ့။ သွင်းကုန်၊ ထုတ်ကုန်ကိုလည်း အများကြီး ဖွင့်ပေး လိုက်တယ်။ ဒါပေမယ့် ၁၉၉၆ မှာဆိုရင် စခက်လာတဲ့အချိန်ပေါ့။ ၁၉၉၇ မှာဆိုရင် သွင်းကုန်၊ ထုတ်ကုန်ဥပဒေ တွေကို ပြောင်းလဲပြီး တော်တော်ပြန်ကျပ်သွားတဲ့ အချိန်ပေါ့။ ၂၀ဝ၃-၂၀ဝ၄ ခုနှစ်ကလည်း အရမ်းကို ခက်ခဲတဲ့ အချိန်နဲ့ ကြုံခဲ့တယ်။
ကျမတို့နဲ့ စတာချင်းတူတဲ့ သူတွေကတော့ အခွင့်အရေးတွေလည်းရကြတယ်။ SMEs အနေနဲ့ Gold ဖြစ်သွားတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိတယ်ပေါ့။ အခု ဈေးကွက်ထဲမှာရှိနေတဲ့ ကျမတို့ခေတ်ပြိုင်တွေပေါ့။ ကွန်ပျူတာ ဆော့ဖ်ဝဲလ် ကုမ္ပဏီတွေဆိုလည်း တချိန်တည်း စခဲ့တယ်ပေါ့။ သူတို့က ကြီးထွားလာတယ်။ ကျမတို့ကျတော့ ၂၀ဝ၃/ ၂၀ဝ၄ ကတော့ အရမ်းခက်ခဲတယ်ပေါ့။ အခု ရွေးကောက်ပွဲပြီးသွားလို့ အစိုးရသစ်တက်တဲ့အချိန်မှာ ပေါ်လစီအသစ်ဖြစ်သွားတယ်၊ ပေါ်လစီအသစ် ဖြစ်သွားတဲ့အခါကျတော့ ပေါ်လစီအသစ်ကြောင့် စီးပွားရေး အခွင့်အလမ်းတွေ အများကြီးဝင်လာတော့မယ်ဆိုတဲ့ဟာကို မြင်လာပြီးတော့ စပြီးအလုပ် စလုပ်တော့မယ်ဆိုပြီး ပြန်ဖြစ်လာရတယ်။ အခု ပြန်ပြီးတော့ စလုပ်တဲ့အချိန်မှာကျတော့ ဘာမြင်ရလဲဆိုတော့ စရိတ်တွေ ပိုကြီးလာ တယ်၊ ငွေအရင်း အနှီးလိုအပ်မှုက အရမ်းများလာတယ်ပေါ့။ ဝမ်းနည်းစရာကောင်းတာကတော့ စလုပ်မယ့် သူတွေဟာ သေးသေးလေးတွေက စမလုပ်နိုင်ဘူး။ ငွေလုံးကြီးကြီး အရင်းအနှီးကြီးကြီး လုပ်နိုင်တဲ့သူတွေကပဲ လုပ်နိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ ကျမတို့ တွေ့ရတယ်။ အခုလောလောဆယ်ရှိနေတဲ့ စီးပွားရေးပတ်ဝန်း ကျင် က အသေးစားနဲ့အလတ်စားလုပ် ငန်းတွေကို ဖွံ့ဖြိုးလာဖို့ အများကြီးလုပ်ပေးနိုင်တယ်လို့မမြင်ရဘူး။
ဧရာဝတီ။ ။ ၂၀ဝ၀ နောက်ပိုင်းမှာတော့ အနောက်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေက အများကြီး အကျိုးသက်ရောက် တယ်။ အစ်မတို့ လုပ်ငန်းအပေါ်မှာရော ဘာတွေထိခိုက်မှုဖြစ်ခဲ့ပါသလဲ။
ဒေါ်ဝင်းဝင်းတင့် ။ ။ စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်သွားတဲ့အခါမှာကျတော့ ကျမတို့ လက်လီဆိုင်လုပ်ငန်းတွေအတွက် ထောက်ပံ့ ကူညီမယ့်သူမျိုး မရှိဘူးပေါ့။ ကုမ္ပဏီကြီးကြီးတွေ မရှိဘူးပေါ့။ ကိုယ့်ဟာကိုယ့်ရှိတဲ့ ကုမ္ပဏီတွေဆီက ဝယ်ရ တယ်။
အခု ဒီပစ္စည်း ရရင်ရမယ်၊ နောက်တနေ့ကျရင် မရရင်မရဘူးပေါ့။ အဲ့ဒီလိုအခြေအနေမျိုးနဲ့ ကျမ တို့လုပ်ငန်း အသက်ရှင် ရပ်တည်နိုင်ရေး လုပ်ရတယ်ပေါ့။ နောက်ပြီး အဲဒီကာလ တောက်လျှောက်မှာ နည်းပညာတိုးတက်မှု ဘာမှမရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ IT နဲ့ပတ်သက်တဲ့ နည်းပညာတွေ၊Retail Management နဲ့ပတ်သက်တဲ့ ဆော့ဖ်ဝဲလ် နည်းပညာတွေက အကုန်လုံး အနောက်နိုင်ငံကလာတဲ့ နည်းပညာတွေပေါ့။ အဲဒါတွေဘာမှကို မရခဲ့ဘူး။ ဆော့ဖ်ဝဲလ်နည်းပညာတွေ ဝယ်ချင်တာဝယ်လို့မရဘူး။ မရောင်းဘူး။ အဲ့လို အခက်အခဲတွေရှိတယ် ပေါ့။ စရိတ်တွေသိပ်ကြီးတယ်။
Sanction ဖြစ်တဲ့ အခါကျတော့ Normal Trade ကိုသွားလို့မရဘူး။ Direct Trade ကို သွားလို့မရဘူး။ မရတော့စင်ကာပူ၊ ယိုးဒယားတို့ကနေပြီးတော့ သွားဝယ်ရတယ်ပေါ့။
Transaction Cost အများကြီး ပေးရတယ်။ အဲ့လို စရိတ်တွေကြီးတယ်ပေါ့။ အဲ့လို Impact တွေ ကျမတို့ ရခဲ့တယ်ပေါ့။ ဘာပရိုမိုးရှင်း အကူအညီမှ မရှိဘဲနဲ့ ပြန်ဝင်လာတဲ့အခါကျတော့ ကုမ္ပဏီကြီးတွေက စားသုံးသူ တွေနဲ့ ပေါင်းပြီးတော့ ပရိုးမိုးရှင်း လုပ်မယ်ဆိုတဲ့ဟာတွေ ပြန်ရလာတယ်ပေါ့။ အရင်တုန်းကဆိုရင် ပရိုးမိုးရှင်း လုပ်ဖို့ဆိုတာကလည်း ဘယ်သူ့မှ Support မပေးဘူး။ ကိုယ့်ဟာကိုယ့် အကုန်လုပ်ရင်လုပ်၊ မလုပ်ရင်တော့ ကိုယ့်ရဲ့ရည်မှန်း ချက်အတွက်ကို ဘယ်သူရဲ့ Support ကိုမှ မရခဲ့တဲ့ အခြေအနေပေါ့။
City Mart က နာမည်ကြီးလာတာနဲ့အမျှ ၂၀ဝ၅ မှာဆိုလို့ရှိရင် ဒဂုံစင်တာမှာရှိတဲ့ City Mart ရယ်၊ Junction 8 မှာရှိတဲ့ City Mart တွေဆိုရင် ဗုံးပေါက်ကွဲလို့ လူအသေအပျောက်တွေရော၊ ပစ္စည်းဆုံးရှုံးမှုတွေရော ရှိခဲ့တယ်။ အဲဒီကာလမျိုးမှာ ဘယ်လိုမျိုး ဖြေရှင်းခဲ့ရသလဲ။ လူမဝင်ရဲတော့တဲ့ အချိန်ကနေပြန်ပြီးတော့ ခေါင်းထောင်လာအောင် ဘယ်လိုမျိုးလုပ်ခဲ့ရသလဲ။
အခက်အခဲတွေတော့ အမျိုးမျိုးကြုံခဲ့တယ်ပေါ့နော်။ ကျမတို့ ၂၀ဝ၅ မှာဗုံးပေါက်တယ်။ ၂၀ဝ၇ ရေကြီးတယ်။ ရေကြီးတယ်ဆိုတုန်းက ဒဂုံစင်တာမှာ မိုးအရမ်းရွာပြီးတော့ အောက်ထပ်ပစ္စည်းထားတဲ့နေရာအပိုင်းမှာ ရေကြီးတယ်။ နောက်ပြီးတော့ ၂၀ဝ၈ နာဂစ်ဖြစ်တယ်။ အခက်အခဲတွေကတော့ တောက်လျှောက် ကြုံတွေ့ ခဲ့ရတယ်ပေါ့။ ဗုံးပေါက်တာကတော့ အကြီးဆုံးအခက်အခဲပေါ့။ ကျမတို့ အနေနဲ့ကတော့ ဖြစ်ဖြစ်ချင်းကတော့ အကုန်လုံး ထူပူကုန်တာပေါ့။ အကောင်းဆုံး လုပ်ဖို့ကတော့ ကျမတို့ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရတာတွေရှိ တယ်၊ ဈေးဝယ်သူတွေ ထိခိုက်ဒဏ်ရာ ရသူတွေရှိတယ်ဆိုတော့ အဲ့လိုဟာကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုမြန်မြန်လုပ်ပေးရမလဲ အဲ့ဒါကိုအာရုံရောက်တယ်။ နောက်ပြီးတော့ ဆုံးရှုံးသွားတဲ့ပစ္စည်းတွေရှိတယ်၊ ပျက်စီးသွားတဲ့ အဆောက်အဦးတွေရှိတယ်။ ပထမပိုင်းတော့ ပိတ်ပေါ့၊ နောက် ပြန်ပြင်ပြီးတော့ Operation လုပ်ရတယ်ပေါ့။
ကျမတို့ ပိတ်တာကတော့ ၃၊ ၄ ရက်ပဲပေါ့။ ပိတ်ပြီးတော့ ပြန်ပြင်ရတယ်။ ပြန်ပြင်ရတာနဲ့ဆိုရင်တော့ တောက် လျှောက် ၃၊ ၄ ပတ်လောက်တော့ ကြာသွားတယ်။ Junction ဆို ပိုကြာတယ်။ ၂ လ လောက်ပိတ်ဖြစ်တယ်။ Operation ပြန်စတော့ လည်း ဆိုင်တွေကို ဈေးဝယ်သူက ပြန်ယုံကြည်မှု ရှိလာအောင် အချိန်တခုပေးရ တာပေါ့။
အရင်တုန်းကတော့ ဘာမှ အဲ့လိုအကြမ်းဖက်မှုမျိုးလည်း မဖြစ်ဖူးဘူး။ သူခိုးဆိုတာသေးသေးမွှားမွှား ခိုးတာ မျိုးပဲ ကိုယ်ကကြုံဖူးတာ။ အခု နောက်ပိုင်းကျတော့ အဲ့ဒါတွေပါ အများကြီး သတိထားရတယ်။ လုံခြုံရေးကိစ္စ တွေပါ အများကြီး ပြန်ပြီးတော့ဖွဲ့စည်းရတယ်။ Organize ပြန်လုပ်ပေါ့။ ပြီးတော့ ဈေးဝယ်သူ ယုံကြည်ရ လောက်အောင် နဂိုပေးတဲ့ ဝန်ဆောင်မှုထက် ပိုကောင်းအောင် ကျမတို့ကမြှင့်တင်ရင်းနဲ့ အချိန်တခုပေးရင်းနဲ့ပဲ တဖြည်းဖြည်းနဲ့ ဈေးဝယ်သူကတော့ ပြန်လာတာပေါ့။
ဧရာဝတီ။ ။ အခုဆိုရင်ပေါ့ နောက်ဆုံးဖြစ်တဲ့ ကုန်သွယ်ရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ ခုနကလက်လီဆိုင်တွေထိ စီးပွား/ ကူးသန်း ဝန်ကြီးဌာနကမိုဘိုင်းအဖွဲ့တွေရဲ့ စစ်ဆေးဖမ်းဆီးတာတွေကြောင့် ယမကာဈေးကွက် ကမောက်ကမ ဖြစ်ခဲ့တာရှိတယ်။ ပေါ်လစီ ပြင်သင့်တယ်လို့ အမပြောခဲ့တာလည်းရှိပါတယ်။ လက်လီဆိုင်လုပ်ငန်းနဲ့ ပတ်သတ် ပြီးတော့ အစိုးရဘက်က ဘယ်လိုမျိုး အကောင်းဆုံး မူဝါဒတခုကိုချသင့်ပါသလဲ။
ဒေါ်ဝင်းဝင်းတင့် ။ ။ ဒီနိုင်ငံတော် အစိုးရသစ်လက်ထက် စီးပွားရေးကဏ္ဍကို ဦးစားပေးမယ်၊ စီးပွားရေးမူဝါဒတွေ Reform တွေ လုပ်နေတယ်ဆိုတော့ ကျမတို့လည်း အားရပါတယ်။
အားရတယ်ဆိုတာ ကိုယ့်အတွက်အခွင့်အရေးတွေ အများကြီး ပိုဖြစ်လာမယ်ပေါ့။ ပိုလွတ်လပ်ခွင့်တွေလည်း ရလာမယ်ပေါ့။ အဲ့လိုမျိုး အရင်စနစ်က အခုစနစ် ကူးပြောင်းတယ်ပေါ့။ ကူးပြောင်းတဲ့ အခါကျတော့ ခုနလိုမျိုး အခန့်မသင့်တာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့၊ Policy Change တွေကြောင့် တနေရာရာမျိုးမှာ သွားထိခိုက်တာမျိုး တွေ ဖြစ်နိုင်တယ်ဆိုတာ ကျမတို့ နားလည်တယ်။ လက်ခံတယ်။ ဒါပေမယ့် ကျမတို့ ဘယ်လိုဖြစ်စေချင်သလဲ ဆိုတော့ Policy Change တွေလုပ်တဲ့အခါမှာ ရှု့ထောင့် တခုတည်းကမဟုတ်ဘဲ အဘက်ဘက်ကနေ စဉ်းစား ပြီးတော့ ပညာရှင်တွေ အကုန်လုံးကို ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးမှုမျိုးတွေလုပ်ပြီးတော့ မူဝါဒချမှတ် လုပ်စေ ချင်တယ်ပေါ့။ ဒါမှမဟုတ်ရင် ဖြစ်နေတာက တခြား၊ လုပ်လိုက်တဲ့ ပေါ်လစီကတခြားဆိုရင် မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ပေါ့။ အဲ့ဒါကိုတော့ ကျမတို့ဒီအခြေ အနေဖြစ်သွားပြီးတဲ့အခါမှာ ပိုမြင် တယ်ပေါ့လေ။
ဧရာဝတီ။ ။ အမက ဒီ SMEs လောကမှာ အမျိုးသမီးစွန့်ဦး တီထွင်သူ လုပ်ငန်းရှင်တယောက်အနေနဲ့ ဖြတ်သန်းလာရတဲ့ ၁၇ နှစ်ကာလအတွင်းကြုံရတဲ့ အကြီးဆုံးအခက်အခဲကဘာလဲ။
ဒေါ်ဝင်းဝင်းတင့် ။ ။ ကျမ အနေနဲ့ကတော့ အမျိုးသမီးတယောက် အနေနဲ့ပေါ့ ပိုပြီးတော့ ထူးခြားပြီး အားနည်းချက်ရှိတာမျိုး မမြင်ဘူးပေါ့။ ဗမာပြည်မှာ အမျိုးသမီးတွေက ဘာပဲဖြစ်ဖြစ် အခွင့်အရေးကတော့ တခြားနိုင်ငံတွေထက် သာတယ်၊ ခွဲခြားဆက်ဆံမှုလည်း မရှိသလောက်ပဲ။
အခွင့်အရေးတွေလည်း တန်းတူညီမျှ ရှိတယ်ဆိုတာကို ကျမယုံတယ်ဆိုတော့ ထူးခြားပြီးတာ့ ကျမအတွက် အမျိုးသမီးဖြစ်လို့ဆိုပြီးတော့ အခက်အခဲ အများကြီးရှိတယ်လို့တော့ မမြင်ဘူးပေါ့။ ဒါပေမယ့် စီးပွားရေးသမား အနေနဲ့ကတော့ ကျမက တခါခါ ဘယ်လိုခံစားရသလဲဆိုတော့ အရမ်း Helpless အကူအညီမဲ့ ဖြစ်တဲ့ ခံစားမှုမျိုး တွေဖြစ်တယ်။ ဖြစ်တယ်ဆိုတာက ပေါ်လစီတွေ ရှင်းရှင်းလင်းလင်းမရှိတာ၊ ပေါ်လစီတွေ တည်ငြိမ်မှု မရှိတာ၊ နောက်တခုက ဌာနပေါင်းစုံပေါ့၊ ဝန်ကြီးဌာနတွေ အနေအထားကလည်း တဌာနနဲ့ တဌာန ပေါင်းစည်းပြီးတော့ လုပ်ငန်းရှင်တွေကို ဘယ်တော့မှ အကူအညီကိုပေးတယ်ဆိုတာ မရခဲ့ဘူး။ ရဖို့ခက်ခဲခဲ့တယ်ပေါ့။ ကိုယ့်ဟာ ကိုယ်လုပ်မှ လမ်းကို ဖောက်ထွက်လို့ရမယ့် အနေအထားပေါ့။ ခဏခဏ ခံစားရတယ်။ ဒါပေမယ့် အဲ့ဒါတွေ ကြောင့် အနှောင့်အယှက်တော့ မဖြစ်ပါဘူး။ ဒီလို စိန်ခေါ်ချက်တွေကလည်း ကိုယ့်အတွက် တခါတခါကျတော့ လည်း အခွင့်အလမ်းတွေ ဖြစ်လာတယ်လို့ မြင်လာမိပြန်တယ်။ ကိုယ့်ကဖောက်ထွက်လာနိုင်လေအခွင့်အရေး ပိုရနိုင်တာမျိုးတွေလည်း ဖြစ်လာတယ်လေ။
ဧရာဝတီ။ ။ ဆိုင်ခွဲအသစ် ထပ်ဖွင့်ဖို့ရောရှိလား။
ဒေါ်ဝင်းဝင်းတင့် ။ ။ ဆိုင်ခွဲအသစ်တွေကိုဖွင့်ဖို့လည်း ဒီ၂၀၁၄-၁၅ မှာ ပိုပြီးတော့ များများဖွင့်လို့ရအောင် Plan တွေတော့ ကျမတို့ ရေးဆွဲထားပါတယ်။ ၂၀၁၄ မှာ ဆိုလည်း ဆိုင်တော်တော်များများ ဖွင့်ဖြစ်မှာပါ။ ၂၀၁၅ ရောပေါ့။ မြေဈေးတွေ ငှားရမ်းခကလည်း ကြီးတယ်၊ ဝယ်ဖို့လည်း အရမ်းကြီးတယ်ဆိုတော့ အဲဒါကတော့ ကျမတို့အတွက် စိန်ခေါ်မှု တခုပေါ့။ ရှိနေတဲ့ဟာနဲ့ပဲ ဖွင့်နိုင်သလောက် ကျမတို့မြန်မြန် ဖွင့်ပါမယ်။ ၂၀၁၅ အာဆီယံမှာ အခွင့်အရေးလည်း ပိုကောင်းလာမယ်။ ASEAN Free Trade လည်း ဖြစ်လာမယ့် အခြေအနေကျတော့ တခြားသူတွေ မလာခင် ကိုယ်က မြန်မြန်နေရာဦးထားဖို့လည်း လိုတယ်ဆိုတော့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ကျမတို့ဆိုင်တွေ ရှိပါမယ်။ တခြားနယ်မြို့တွေမှာလည်း ဖွင့်ဖို့လုပ်နေပါတယ်။
မုံရွာဆိုရင် ဒီနှစ်ကုန်လောက် ဖွင့်ဖို့လုပ်နေပါတယ်။ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်မြို့ကြီးတွေမှာလည်း ဖွင့်ဖို့လုပ်နေပါတယ်။