မြန်မာပြည်ကို တံခါးဖွင့်ပြီး နောက်တွင် Reform ဟု ခေါ်သော ပြုပြင် ပြောင်းလဲရေးကို (အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီမှ အာဏာ လွှဲယူခဲ့သော) သမ္မတ ဦးသိန်းစိန် အစိုးရက ဦးဆောင် ပြုလုပ်ခဲ့ သောကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများက ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင် လာကြသည်။ အာဆီယံ ဥက္ကဋ္ဌ ရာထူး ပေးအပ်ခွင့် ပြုသည် အထိ ချီးမြှောက်ခဲ့ ကြသည်။
သို့သော် ပြုပြင် ပြောင်းလဲရေးသည် ယခုအခါ အရှိန်တန့် သွားပြီး လုပ်ငန်းစဉ် များသည် နေပြည်တော်၏ လမ်းညွှန်မှု အောက်သို့သာ ထည့်ပြီး တလက်ကိုင် ပြန်လုပ်နေပြီဟု တိုင်းရင်းသား ပြည်သူတွေ၊ စီးပွားရေး သမားတွေနဲ့ နိုင်ငံရေး အသိုင်း အဝိုင်းက ထင်မြင်ယူဆ လာနေကြသည်။ ယင်းသို့ နေပြည်တော် အစိုးရ၏ လုပ်ကိုင် ဆောင်ရွက်မှု များတွင် ရှေ့နောက်မညီ ဖြစ်မှုများကို တွေ့နေရသောကြောင့် လူဝေဖန်စရာ ဖြစ်လာသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပုဂံမြို့တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နေပြည်တော်က အာဆီယံ၏ “ပြည်တွင်းရေး ဝင်ရောက် မစွပ်ဖက်ရေး” မူဝါဒကို ရွှမ်းရွှမ်းဝေ ကာကွယ်ပြောဆိုခဲ့သော်လည်း အာဏာအလွဲသုံးစားမှုဖြင့် ထိုင်းနိုင်ငံမှ ရှောင်ပြေးနေရသော မစ္စတာ သက်ဆင်ရှင်နဝပ်ကို မြန်မာနိုင်ငံတွင် လက်ခံပြီး ၎င်း၏ နောက်လိုက် ထိုင်းနိုင်ငံရေးသမားများနှင့် တွေ့ဆုံခွင့်ပေးနေခြင်းမှာ အပြောတခြား အလုပ်တခြား ဖြစ်နေသည်။
ယင်းသို့ တလွဲများဖြစ်နေရခြင်းမှာ တံခါးပိတ်ပြီး ကိုယ်ကျိုးစီးပွားတခုတည်းသာ ကြည့်တတ်ခဲ့ကြသော မြန်မာ အာဏာပိုင်များ လုပ်ရည်ကိုင်ရည်များကြောင့် ဖြစ်သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ အုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် တိုင်းပြည် ယခု ရင်ဆိုင်နေရသော ခက်ခဲရှုပ်ထွေးသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံတကာအရေးများကို ကျွမ်းကျင်စွာ ဦးဆောင် ပြောင်းလဲလုပ်ဆောင်နိုင်မည့် အရည်အသွေးနှင့် အရည်အချင်း အနည်းငယ်မျှသာ ရှိသည်ဟု ယုံကြည်ပါသည်။
တကယ်ပြုပြင် ပြောင်းလဲလိုသော ခေါင်းဆောင်များတွင် နိုင်ငံရေးသန္နိဋ္ဌာန် Political Will နှင့် ရေရှည်အမြင် Vision လိုပါသည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သော နေပြည်တော် အစိုးရတွင် ထိုနှစ်ရပ် လစ်ဟာနေသည်ဟု သံသယဝင်သူများ ပိုများလာပြီ ဖြစ်သည်။ ဦးသိန်းစိန်ကို မြန်မာပြည်၏ ဂေါ်ဗာချော့ဟု လက်ခုတ်လက်ဝါးတီးပြီး ကြိုဆိုခဲ့သူများ ယခုအခါ ခေါင်းခါလာနေသည်မှာ အမှန်ပင်ဖြစ်သည်။
ဤနေရာတွင် တရုတ်ပြုပြင်ပြောင်းလဲရေး အစတွင် ကွယ်လွန်လေပြီးသော တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ စကားကို သတိရစရာဖြစ်သည်။ အနောက်ကမ္ဘာ၏ ယဉ်ကျေးမှုများ ဝင်ရောက်လာမှုကို စိုးရိမ်သူများကို တံခါးဖွင့်ခြင်းကြောင့် အပြင်မှ ယင်ကောင်များ၊ ညှော်နံ့များဝင်လာနိုင်သော်လည်း လေပြည်လေညှင်းလည်း ဝင်လာမည်ဖြစ်ပြီး အပြင်ကမ္ဘာကို တွေ့မြင်နိုင်သည်ဟု တုန့်ပြန်ချေပပြီး ပြုပြင်ပြောင်းလဲရေးကို ဇောက်ချလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုအခါ ရှင်းရှင်းလင်းလင်း မြင်တွေ့လာရသည်မှာ အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများမှ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ခဲ့သော အချိန်ကာလများမှ ကောင်းသော အတုယူစရာများကို မယူပဲ အတုယူစရာ မလိုသော ဆင်ခြေဆင်လက်များကို အားကျပြီး မိမိကိုယ်ကို ကာကွယ်ရန် ပြောဆိုလုပ်ဆောင်နေခြင်းများပင်။
ဆင်းရဲမွဲတေမှု နွံထဲနစ်နေသော သန်း ၆၀ သော ပြည်သူလူထုကို မိန့်ခွန်းကောင်းကောင်း စကားလုံးလှလှပြော စည်းရုံး၍ မရတော့ပါ။ သမ္မတ၏ ပြောရေးဆိုနိုင်ခွင့် ရှိသူများကလည်း အခြားနိုင်ငံများမှ မကောင်းသည့် အကျင့်များကို ထောက်ပြပြီး မိမိအပြစ်ကို လုပ်ရပ်ကို ကာကွယ်နေမည့်အစား ကောင်းသည့်လုပ်ရပ်များကို အတုယူသင့်သည်ဟု ရိုးရိုးသားသား မြင်မိပါသည်။
ချုပ်လျှင် တံခါးကို ဖွင့်လိုက် ပိတ်လိုက် မလုပ်ပါနှင့်။ တံခါးပိတ်ဝါဒကြောင့် တိုင်းပြည် မည်မျှ အောက်တန်းနောက်တန်း ကျခဲ့သည်ကို မြန်မာနိုင်ငံသားများ နှစ် ၅၀ ခါးသည်းစွာ ခံစားခဲ့ရပြီးပြီဟုသာ ဆိုချင်သည်။