ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရတနာပုံ ဘောလုံးအသင်းနှင့် ဇွဲကပင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဇွဲကပင် အသင်းက ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ရတနာပုံ အသင်းက ပယ်နတီ ပြစ်ဒဏ်ဘောများမှ တဆင့် ချေပဂိုးများနှင့် အနိုင်ဂိုးများ သွင်းယူပြီး ပွဲစဉ်အပြီး ၂ ဂိုး ၁ ဂိုးဖြင့် ရတနာပုံ အသင်းက အနိုင်ရရှိခဲ့သည်။
ပွဲပြီးနောက် ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်း ကွင်းပြင်သို့ ပြန်ထွက်လာစဉ် ဇွဲကပင် ဘောလုံးအသင်း ပိုင်ရှင် ဦးလှဌေး ရောက်ရှိလာပြီး ပွဲစဉ် ရလဒ် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒိုင်လူကြီး ဦးလှမင်းကို ပါးရိုက်ခဲ့သဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ယင်းပြဿနာကို ကိုင်တွယ် ဖြေရှင်းနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အဓိက တာဝန်ရှိသည့် ဇွဲကပင် ဘောလုံးအသင်း ပိုင်ရှင် ဦးလှဌေးကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ အန်ကယ်က ဇွဲကပင်နဲ့ ရတနာပုံ အသင်း ပွဲစဉ် အပြီးမှာ ဒေါသထွက်ပြီး ဒိုင်လူကြီးကို ကိုယ်ထိ လက်ရောက် လုပ်လိုက် မိတယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်သွားတယ် ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ အဲဒီ ကိစ္စက ရှင်းမနေချင်ဘူး။ ရှင်းနေရင် ပိုရှုပ် နေဦးမယ် ။ ဂျာနယ်တွေကလည်း ရေးနေကြတာပဲ။ သူတို့ ရေးချင်တာ ရေးပစေတော့ဗျာ။ ဦးကလည်း ရိုက်လိုက် မိပြီပဲကိုး။ မတတ်နိုင်ဘူးလေ။ ဒါက မတော်တဆလို့ပဲ ပြောရမှာပဲ။ ဘယ်လို ဖြစ်သွားလဲ ဆိုတော့ စိတ်က ဘယ်လို ပြောရမလဲ ။ သူတို့က အနိုင်ကျင့်တာ များနေပြီ။ အသင်းလေး၊ အသင်းငယ် ဆိုပြီးတော့ ဒီလို ဆက်ဆံတာ။ အသင်းလေးလဲ ပိုက်ဆံ အကုန်ခံပြီးတော့ လုပ်ရတာပဲကွာ။ ကစားအားလည်း အဲဒီနေ့က အခွေတွေ တောင်းကြည့်ရင် သိနိုင်တယ်။ ဒီကောင်တွေ ကျနော်တို့ကို လုံး၀ မယှဉ်နိုင်ဘူး။ အခုက သက်သက်မဲ့ ယုတ်မာပြီး ရတနာပုံကို မနိုင် နိုင်အောင် လုပ်ပေးမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ပေးလိုက်တာ။ ပယ်နယ်တီတွေ လှိမ့်ပေး လိုက်တယ်။ ဦးတို့ရမယ့် အလုံးကျတော့ ဘာလို့ မပေးတာလဲ။
မတရားတာတွေ များလို့ စိတ်ထဲမှာ တော်တော်လေးလည်း ခံစားရတယ်။ ၄ နှစ် လုံးလုံးရှိပြီကွာ။ တို့အသင်းငယ်တွေကို နှိပ်ကွပ်နေတာ။
မေး။ ။ အန်ကယ် အခုလို စိတ်မထိန်းနိုင်ပဲ ပေါက်ကွဲ သွားတာ နောက်ခံ အကြောင်းတွေ ရှိတယ်လို့လည်း သိရတယ်။ လူကြီး တယောက် အနေနဲ့ ဘယ်လိုကြောင့် ဒီအထိ ဖြစ်သွား ရတာလဲ။
ဖြေ။ ။ စဉ်းစားကြည့်ပါ။ ဦးတို့လည်း သည်းခံပြီး လုပ်လာတာ ၄ နှစ်လောက် ရှိပြီ။ ဘာမှလည်း မထူးဘူး။ လူတွေကသာ သိပ်မသိတာ။ ပိုက်ဆံ အရမ်းကုန်တာ။ ပြီးတော့ ဦးတို့မှာ ဘာမှ အလကား ရထားတာ မရှိဘူး။ ပိုက်ဆံတွေ ကုန်ပြီးတော့ ဘောလုံး လောကကို တိုးတက်အောင် အကူအညီ ပေးထားတာ။ သက်သက်ကြီး အသင်းငယ် ဆိုရင် နှိပ်ကွပ်မယ် ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တာတော့ မကောင်းဘူးကွာ။ ဒီတခေါက်တော့ မရတော့ဘူး။
မေး။ ။ အခု ဒေါသ အလျောက် လုပ်လိုက်ပြီ ဆိုတော့ အန်ကယ့် အနေနဲ့ ပြန်တောင်းပန်ဖို့ သိုမဟုတ် ပြန်ပြီးတော့ နည်းလမ်း တခုခုနဲ့ ဖြေရှင်း ပေးမှာလား။
ဖြေ။ ။ မောင်လှမင်း ဆိုတဲ့ ကလေးကလည်း ဦးတို့နဲ့ အရင် ကတည်းက ညီလို နေတဲ့ကောင်။ ဦးကပဲ သူ့ကို အမြဲတမ်း ထောက်ခံလာတာ။ ဖြစ်သမျှ ပွဲတိုင်းမှာ ဒီကောင်က ပြဿနာ အမြဲတမ်း ရှာတယ်။ နေပြည်တော်မှာ
ခုံတွေ ရိုက်ချိုးတုန်းကလည်း ဒီကောင်က ဆုံးဖြတ်ချက် တလွဲတချော်တွေ လျှောက်လုပ်တာကိုး။ ဦးဇော်ဇော်တို့ ဘာတို့ဆိုရင် အမြဲတမ်း ဝိုင်းပြောတယ်။ ဦးကလည်း ဒီကလေးက မှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးကပဲ Cover
ပေးပြီး လုပ်ပေးထားတာ။ အဖွဲ့ချုပ်မှာလည်း သူ့ဘက်က အမြဲတမ်း ပြောဆို ပေးတယ်။ အခု ကိစ္စက ဘာမှ မဆိုင်ဘူး။ အဓိပ္ပါယ်မဲ့ကြီး လုပ်ပစ်တာ။ ဦး မြင်တာကတော့ ဒီကောင်တွေဟာ ငွေကြေး တစုံတရာ ယူကို ယူထားတာ ဖြစ်မယ်။ ဦးတို့ ဆိုရင် ပိုက်ဆံက မနှစ်က ဆိုရင် ဘာမှ မဟုတ်ဘဲနဲ့ သိန်းပေါင်း တသောင်း တထောင်လောက် ကုန်တယ်။
မေး။ ။ အဲဒီ ပိုက်ဆံတွေက လုံးဝကို ရှုံးတာလား။ ဘာအကျိုးအမြတ်မှ မရှိဘူးလား။
ဖြေ။ ။ ဘာအကျိုးအမြတ် ရှိရမှာလဲ။ ကွင်းဝင်ကြေးလေး ခြောက်ပြားတပဲ ရတာ။ ၁၀ သိန်းလောက် ရတာ။ အဲဒီ ပိုက်ဆံ ဘာလုပ်လို့ ရမှာလဲ။ ဦးတို့က ဘောလုံး လောက တိုးတက်ဖို့ လုပ်ပေးတာပဲ။ နည်းနည်း နားလည်မှပေါ့။ တကယ်တမ်း လက်ရွေးစင် ထွက်တာက သူတို့ အယူအဆ မှားနေတာ။ အငယ်တွေကို မွေးရမှာလေ။ သူတို့ဆီမှာ လက်ရွေးစင်တွေကို ဈေးကြီး ပေးဝယ်ထားတဲ့ အသင်းကြီးတွေက မနိုင်နိုင်ဘူး ထင်ပြီးတော့ နိုင်အောင် သက်သက် ဖန်တီးပေးတာ မျိုးတော့ မလုပ်နဲ့လေ။ ကစားသမားတွေက စိတ်ဓါတ်တွေ ပျက်ပြားကုန်ရော။ ကြာရင် ကလေးတွေက သွားပြိုင်ပြီး ကန်လည်း ရှုံးမှာပါပဲကွာ ဆိုတဲ့ အဲလိုမျိုးစိတ်က အငယ်တွေရဲ့ ခေါင်းထဲမှာ အမြဲတမ်း ဝင်နေပြီ။
မေး။ ။ အသင်းငယ်တွေက အမြဲတမ်း အနှိမ်ခံ ရတယ် ဆိုတဲ့ ခံစားချက်မျိုး အန်ကယ်မှာ ဖြစ်နေတာ ကြာပြီလား။
ဖြေ။ ။ ၄ နှစ်လောက် ရှိပြီပေါ့။ ဒီအသင်း စထောင် ကတည်းကပဲ။ သူတို့က တရားမှ မတရားတာ။ မှန်မှန်ကန်ကန်မှ မလုပ်တာ။ ဦး ပြောပြမယ်။ နိုင်ငံခြားဒိုင်နဲ့ ဒါမှမဟုတ် မှန်မှန်ကန်ကန် ဒိုင်နဲ့သာ ပြိုင်လို့ကတော့ ဘယ်အသင်းမှ မကြောက်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်။ သူ့စည်းမျဉ်း ဥပဒေ အရသာ ကစား။ ဒိုင်ကသာ အဲလို ကောက်ကျစ် ပြီးတော့ လုပ်မပေးနဲ့။ အခု ပုံစံက ပွင့်ပွင့်လင်းလင်း ပြောရရင် ဘောလုံး လောကကို ဖျက်ဆီး ပစ်နေတာနဲ့ အတူတူပဲ။ အဲဒီမှာ တွေ့လိမ်မယ်။ ဇော်လင်းထွန်းက ဦးဆီက နံပါတ် ၈ ညီညီလေး ဆိုတဲ့ ကလေးကို
ပွဲပြီးခါနီး ၃ မိနစ်လောက် အလိုမှာ ဆွဲချတာပဲ။ ဟိုကောင်လေးကလည်း မလဲဘူး။ အတင်း ကုန်းရုန်းပြီး ပြန်ထတယ်။ နောက်တခေါက် ပြန်ဆွဲ ချတယ်။ လဲသွားတယ်။ လဲသွားတော့ ပယ်နတီ မပေးဘူး။ အဲလို မပေးပါ များတော့ ဘာဖြစ်လာလဲ ဆိုတော့ ဇော်လင်းထွန်းလို အဆင့်က လက်ရွေးစင် အဆင့်ပဲလေ။ သူတို့က နိုင်ငံခြားပွဲတွေ ကစားလည်း ကစားရော ပြဿနာတက်ရော။ အကျင့်ပါပြီး ပြည်တွင်းမှာ ကစားသလို သွားလုပ်တော့ နိုင်ငံခြားဒိုင်က အနီကတ် ပြလိုက်ရော။ ထုတ်ပစ်လိုက်ရော။ အလေ့အကျင့် ပါသွားတာပေါ့။ ဒီမှာ မပေးသင့် မပေးထိုက်တာတွေ လျှောက်ပေးတော့ နည်းစနစ် မကျတော့ဘူးပေါ့။
မေး။ ။ အန်ကယ် အခု ပြောခဲ့တဲ့ ကိစ္စတွေကို Official ပေါ့။ တရားဝင် ရှင်းလင်းတာမျိုး မလုပ်ဘူးလား။ စိတ်လိုက်မာန်ပါ မလုပ်ဘဲနဲ့ နည်းလမ်းတကျ တင်ပြတာမျိုး၊ ဖြေရှင်းတာမျိုး မလုပ်တော့ဘူးလား။
ဖြေ။ ။ ဒီကိစ္စတွေကတော့ ဥက္ကဋ္ဌ ဦးဇော်ဇော်က တာဝန် အရှိဆုံးပဲလေ။ သူကလဲ တယ်လီဖုန်းနဲ့ ဦးကို လှမ်းပြောတာမျိုး ရှိပါတယ်။ ဦး အသင်းက CEO ကတော့ လိုက်ဖြေရှင်းတာမျိုး ရှိတာပေါ့။ ကျန်တာကတော့ မရှိပါဘူး။ ဒါကလည်း ရှင်းရှင်း ပြောရရင်တော့ အခြေအနေ တခုကြောင့် ဖြစ်သွားတာ ဆိုတော့လေ။
စိတ်ထဲမှာ ခံပြင်း ပြီးတော့ မတရားတာကလည်း များလာတော့ လုပ်လိုက်မိတဲ့ သဘောပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦး လုပ်လိုက်တဲ့ အတွက် မသိတဲ့ နားမလည်တဲ့ သူကတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီး ပြောကြလိမ့်မယ်။ ဘောလုံးလောကမှာ ခံစား နေကြတဲ့သူတွေ အားလုံးကတော့ ဦးဘက်က Recommend
ပေးတဲ့ သူတွေချည်းပဲ။ လုပ်လိုက်တာက ကောင်းတဲ့ အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ ဖြစ်နေတဲ့ ဒေါသက ထိန်းဖို့ ခက်တယ်လေ။ တခြား ဘာအကြောင်းမှ မရှိပါဘူး။
မေး။ ။ အခုလို ဖုန်းလက်ခံ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ အမှန်တော့ သူတို့ကို စော်ကားချင်တဲ့ စိတ်တော့ မရှိပါဘူး။ ဒီလို အခြေအနေမျိုးကြီးက အမြဲတမ်း ဒါမျိုး ဖြစ်နေတယ် ဆိုတော့လေ။ ဘာပဲဖြစ်ဖြစ် ပြင်ဆင်လို့ ရအောင်လို့ပါ။ ဒါပါပဲ။