လူငယ် ပန်းချီဆရာမ ရွှေစင်အေးရဲ့ ပျော်ရွှင်မှု ပန်းပွင့်များ လို့ အမည်ပေးထားတဲ့ ပန်းချီကားတွေက ဖန်တီးတင်ပြပုံ တစုံတရာ ထူးခြားတဲ့ ကားတွေလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ကားတွေက Abstract Expression ဆန်ဆန် ဖန်တီးမှုထဲမှာ ပန်းသဏ္ဌာန်ပါတဲ့ ပန်းချီကားတွေ ပါဝင်နေပြီး တချို့ပန်းချီကားတွေက Abstract Expression ရေးဆွဲထားတဲ့ထဲမှာ ပန်းလေးတွေကို သရုပ်မှန်နည်း အတိုင်း ထည့်သွင်း ရေးဆွဲတာမျိုးလည်း ပါဝင်နေတာကြောင့် ပါ။ ပန်းချီဆရာမ ရွှေစင်အေးရဲ့ ဖခင်ကလည်း ရေဆေးပန်းချီလောကမှာ ထင်ရှားတဲ့ ပန်းချီ ဆရာကြီး ဦးတင်အောင်ထိုက် ပါ။ ရွှေစင်အေးဟာ လက်ရှိမှာ တောင်ကိုရီးယား နိုင်ငံ Sookmyung အမျိုးသမီး တက္ကသိုလ်မှာ ပန်းချီနဲ့ ပတ်သက်ပြီး Ph.D တက်ရောက်နေသူ ဖြစ်ပါတယ်။
Sookmyung အမျိုးသမီးတက္ကသိုလ် ဆိုတာက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Yongsan-gu မှာ တည်ရှိပါတယ်။ ဒီ တက္ကသိုလ်ကို ၁၉၀၆ ခုနှစ်၊ မေ ၂၂ ရက်နေ့က Myeongshin အမျိုးသမီး ကျောင်း အဖြစ် စတင် ထူထောင်ခဲ့တာပါ။ ၁၉၀၉ ခုနှစ်မှာတော့ အမျိုးသမီး ကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်လိုက်ပြီး၊ ၁၉၄၈ ခုနှစ် မေ ၂၂ မှာတော့ သီးခြားအမျိုးသမီး တက္ကသိုလ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတက္ကသိုလ်ဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး တက္ကသိုလ် တခုဖြစ်ပြီး၊ ရှည်လျားတဲ့ သမိုင်းကြောင်း တလျှောက် အမျိုးသမီး ခေါင်းဆောင်များ မွေးထုတ် ပေးနိုင်ခဲ့တဲ့ အစဉ်အလာ ကြီးမားတဲ့ တက္ကသိုလ်တခုလို့ သိရပါတယ်။ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က Modesty, Wisdom and Justice (ရိုးသားယဉ်ကျေးခြင်း၊ ဉာဏ်ပညာ နှင့် တရားမျှတမှု) ဖြစ်ပါတယ်။
လူငယ် ပန်းချီဆရာမ ရွှေစင်အေးရဲ့ ဖန်တီးမှုနဲ့ ပတ်သက်ပြီး မေးခွန်းတချို့ မေးမြန်ဖြစ်ခဲ့ပါတယ်။
ပထမဆုံး လက်ရှိ တက်ရောက်နေတဲ့ ကျောင်းနဲ့ သင်တန်းအမည်ကို အရင်ဆုံးပြောပြပေးပါလား။
ကျမ အခု တက်ရောက်နေတာက တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့မှာ ရှိတဲ့ Sookmyung Women University မှာ ပန်းချီ Ph.D တက်ရောက်နေတာပါ။ ၂၀၁၀ ခုနှစ်မှာ မာစတာတန်းကို ပညာသင်ဆု ခေါ်တာနဲ့ အင်တာနက်ကနေပြီးတော့ လျှောက်တာကနေ ရသွားတာပါ။ ၂၀၁၀ ကနေ ၂၀၁၃ အထိ မာစတာ သင်တန်းတက်ခဲ့ တာပါ။ အခု မာစတာ ပြီးလို့ Ph.D ရလို့ ဆက်တက်နေတာက ၆ လ ရှိသွားပါပြီ။ မေဂျာက Painting ပါ။
မြန်မာပြည်မှာတုန်းကရော ဘယ်ကျောင်းတွေမှာ တက်ရောက်ခဲ့သေးလဲ။ ပန်းချီနဲ့ ပတ်သက်ပြီးတော့ပေါ့။
မြန်မာပြည်မှာတုန်းကတော့ ၁၉၉၈ ကနေ ၂၀၀၂ ခုနှစ် အထိ အမျိုးသား ယဉ်ကျေးမှုတက္ကသိုလ် (National University of Culture) မှာ တက်ရောက်ခဲ့ပြီး Fine Art နဲ့ B. A ဘွဲ့ရရှိခဲ့ပါတယ်။ ကျမအနေနဲ့ ငယ်ငယ်ကတည်းက ပန်းချီနဲ့ လက်ပွန်းတတီး ရင်းနှီးခဲ့တယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဖေဖေက outdoor တွေရေးတဲ့ အခါ တွေမှာ ကျမလည်း လိုက်ပါသွားတာမျိုး၊ ရေးနေတာကို ကြည့်ရှုလေ့လာခွင့် ရတာမျိုးပါ။ ပန်းချီဖန်တီး ရေးဆွဲမှုနဲ့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျမ ၁၀ တန်း အထိ ဖေဖေက သိပ်ပြီး သင်မပေးဘူး။ ကျောင်းစာမှာ နောက်ကျသွားမှာ စိုးရိမ်လို့တဲ့။ ဒါနဲ့ ကျမ ၁၀ တန်းအောင်ပြီး ယဉ်ကျေးမှုတက္ကသိုလ် ဆက်တက်တဲ့ အခါကျမှ အဖေက သင်ပေးတာပါ။
အခုလို ကိုရီးယားမှာ သွားရောက်ပြီး ပန်းချီနဲ့ ပတ်သက်ပြီး တက်ရောက် သင်ယူနေတယ် ဆိုတော့ အတွေ့အကြုံအရ မြန်မာ Artist တွေနဲ့ ကိုရီးယား (ဒါမှမဟုတ်) တခြားနိုင်ငံက Artist တွေကြား ဘာတွေ ကွာခြားတယ်လို့ ထင်ပါသလဲ။
ကိုရီးယားမှာကျတော့ စည်းစနစ်ပိုကျနတယ် လို့ ထင်တယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက ပန်းချီ ဘာသာရပ်ကို ကျောင်းသင်ရိုးထဲမှာ ထည့်သွင်းပြဋ္ဌာန်းပေး ထားတာ တွေ့ရတယ်။ ငယ်ငယ်ကတည်းက ပန်းချီကို စိတ်ဝင်စားတဲ့ ကလေးတွေ အနေနဲ့ မူလတန်း အလယ်တန်း အထက်တန်းတွေမှာ ပန်းချီ အထူးပြုသင်ကြားပေးတာ လည်း ရှိတယ်။ အဲဒီမှာ ပန်းချီရေးဆွဲမှု အခြေခိုင်လာပြီး နောက် တက္ကသိုလ် ဆက်တက်တဲ့ အခါမှာ ကိုယ်ဖန်တီးချင် တာကို ဆက်လက် ရှာဖွေဖန်တီး နိုင်ကြတာ တွေ့ရတယ်။ မြန်မာပြည်မှာကျတော့ ယဉ်ကျေးမှုတက္ကသိုလ်ကို စတက်မှ ပန်းချီ အခြေခံ ဖြစ်တဲ့ မျဉ်းဖြောင့် မျဉ်းကောက်တို့ စပြီးလေ့ကျင့် ရေးဆွဲနေရတော့ သူတို့လောက် အခြေခံခိုင်မလာ ဘူးလို့ ထင်ပါတယ်။ ပြီးတော့ သူတို့ဆီမှာ နိုင်ငံတော်ကလည်း အရမ်းအထောက်အပံ့တွေ ပေးတယ်၊ ပြပွဲတွေ လုပ်ပေးတယ်၊ တခြားက အနုပညာရှင်တွေ လာပြီး ပြသဖို့လည်း လုပ်ပေးတယ် ဆိုတာ တွေ့ရတယ်။ ကျမတို့ ဆီမှာတော့ အဲဒီလို လုပ်ပေးတာမျိုးက မရှိသလောက် ရှားတယ် ရှင့်။
ဒါနဲ့ တကိုယ်တော်ပြပွဲတွေ အကြောင်း ပြောပါဦး။ ကိုရီးယားမှာလည်း တကိုယ်တော် ပန်းချီပြပွဲတွေ လုပ်ခဲ့တာလည်း တွေ့ရတယ်လေ။
Sookmyung Women University မှာ မာစတာတန်း ပြီးတဲ့ ကျောင်းသား ကျောင်းသူတိုင်း တကိုယ်တော် ပြပွဲ မဖြစ်မနေ လုပ်ရပါတယ်။ အဲဒီအချိန်မှာ ကျမမှာက ပန်းချီကား အတော်များများ ရေးဆွဲ ဖန်တီးထားတာတွေ လည်း ရှိနေတယ်၊ နောက် ဆွဲတဲ့ Subject ကလည်း ၂ မျိုး ၂ စားဖြစ်နေတယ်။ တမျိုးက ပန်းတွေ ရေးဆွဲထားတယ်၊ နောက်တခုက Healing ဆိုပြီး အရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပန်းချီကားတွေပါ။ ဒါနဲ့ Seoho ပြခန်းနဲ့ Chungpa ပြန်းခန်တွေမှာ တပြိုင်တည်း ဆိုသလို ကျင်းပနိုင်ခဲ့တာပါ။ Inner Happiness Flowers အမည်နဲ့ ၂ ပွဲ၊ Healing အမည်နဲ့ ၁ ပွဲပါ။ အခု ပြပွဲဖြစ်တဲ့ Happiness Flowers ကတော့ ရန်ကုန်က Gallery 65 မှာ ပြသနိုင်တာပါ။ ဒါကြောင့် ဒီပြပွဲက ကျမရဲ့ တကိုယ်တော် ပြပွဲ ၄ ခု မြောက်ပါ။
ဒီပြပွဲ အတွက် ဘယ်လောက်ကြာ ပြင်ဆင်ခဲ့ရလဲ။
ကျမ ဒီပြပွဲအတွက် ပြင်ဆင်တာရယ်လို့ အထူးတလည်ကြီး ပြင်ဆင်မှု မရှိခဲ့ပါဘူး။ ကိုရီးယားမှာ ရေးဆွဲခဲ့တဲ့ ပန်းချီကား အများစု ပြန်လည် ပြသပါတယ်။ ပစ္စည်းတွေ ဒီကို သယ်ဖို့က အတော် အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ သယ်ယူစရိတ် အပါအဝင် တခြား ကုန်ကျစရိတ် တော်တော်များပါတယ်။
Artwork တခု ဖန်တီးဖို့ ဘယ်လို ပြင်ဆင်ပါသလဲ။
ကျမ အနေနဲ့ ပန်းချီရေးဆွဲတဲ့ စတူဒီယိုခန်းထဲမှာ ဆိုရင် ဆွဲချင် ရေးချင်စိတ်က အမြဲလိုလို ရှိနေတတ်ပါ တယ်။ တခြားနေရာ အပြင်မှာတော့ ဆွဲချင်စိတ် ဖြစ်ချင်မှ ဖြစ်တာပါ။ ကင်းဗတ် ဆေး စုတ်တံ အဆင်သင့် ဖြစ်နေချိန်၊ တယောက်တည်း ရှိနေချိန်မျိုးမှာ ကျမ ဘာကို ရေးဆွဲချင်တာလဲ ဆိုတာ စိတ်မှာ ဖြစ်လာတဲ့ အခါ ရေးဆွဲဖြစ်လေ့ ရှိပါတယ်။ ဘာဆွဲမလဲ ဆိုတာထက် အဲဒီအချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို စုစည်းတယ်၊ အဲဒီ ခံစားမှု အတိုင်း ရေးဆွဲ ဖြစ်ပါတယ်။ ပန်းချီဆွဲနေတဲ့ အချိန်မှာ တခါတလေ ပျော်ရွှင်နေရင် က ခုန် ပြီးလည်း ဆွဲတတ်တယ် ရှင့် (ရယ်လျက်)။ သီချင်းလည်း ကြိုက်တတ်တော့ မြူးကြွတဲ့ သီချင်းတွေ ဖွင့်ထားပြီးတော့လည်း ရေးဆွဲတတ်ပါတယ်။
တကယ်လို့ ဝမ်းနည်းစရာ စိတ်ခံစားမှုတွေ စိတ်မှာဖြစ်လာလို့ ရေးဆွဲရင်ရော ပန်းချီကားတွေက ဘယ်လို ဖြစ်လာမလဲဗျ။
ဝမ်းနည်းစရာ စိတ်ခံစားမှုနဲ့ ပန်းချီရေးဖြစ်ရင်လည်း အဲဒီ ဝမ်းနည်းတဲ့ စိတ်ခံစားမှုကို ဖော်ပြတဲ့ ပန်းချီကားတွေ ဖြစ်လာမှာပါရှင့်။ အဲဒီလို ကားတွေလည်း ဆွဲခဲ့ဖူးပါတယ်။ ဒီပြပွဲမှာတော့ ပျော်စရာပန်းချီကားတွေကို ရွေးချယ် ပြသတာပါ။
အနုပညာက လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင်နိုင်တယ်လို့ ယူဆပါသလား။
ဟုတ်ကဲ့ရှင့်။ အနုပညာက လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင်ပေးနိုင်တယ်လို့ ယူဆပါတယ် ရှင့်။ နိုင်ငံတနိုင်ငံမှာ အနုပညာက မရှိမဖြစ် လိုအပ်တယ်ရှင့်။ တိုးတက်မှုမှာလည်း အရေးကြီးတဲ့ ကဏ္ဍက ပါဝင်ပါတယ်။ ကျမ အနေနဲ့ အနုပညာ တိုးတက်မှ နိုင်ငံကြီးဟာ တိုးတက်မယ်လို့ ယုံကြည်ပါတယ် ရှင့်။
မြန်မာ Artist မှာ ဘာတွေ လိုအပ်ချက် ရှိနေမလဲ။ ကိုယ့်ရဲ့ အတွေ့အကြုံအရ ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ ဆိုတာ အကြံပြု စကား ပြောပေးပါလား။
တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ ပန်းချီကားတွေကို အင်တာနက်က ကြည့်နိုင်နေပါပြီ။ လေ့လာလို့ ရနေပြီ။ ဆွဲနေကျ ပုံစံတွေချည်း ဆွဲမနေဘဲ နိုင်ငံတကာမှာ ဘာတွေ လုပ်နေသလဲ၊ ဆိုတာ အင်တာနက်ကနေပြီး ကြည့်ရှုလေ့လာသင့်ပါတယ်။ ကိုယ့်ဖန်တီးမှုအတွက် အထဲမှာချည့်ပဲ စိတ်ကို မထားဘဲ အပြင်က တခြားနိုင်ငံတွေက လူတွေ ဘာတွေ ဘယ်လို လုပ်နေကြတယ် ဆိုတာ လေ့လာစေချင်ပါတယ်။ ပြပွဲတွေလည်း ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေ အထိ သွားရောက်ပြသဖို့ လုပ်စေချင်ပါတယ်။
ဆက်လက် လုပ်ကိုင်ဆောင်ရွက်မယ့် အစီအစဉ် တချို့…..?။
ကျမ ကျောင်းပြီးလို့ အိမ်ပြန်လာရင် မြန်မာပြည်မှာပဲ အနုပညာနဲ့ ပတ်သက်လို့ အားစိုက်လုပ်ကိုင်သွားမယ်။ အနုပညာ တိုးတက်ရေး အတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေပြီး အားပေးကူညီသွားမယ်လို့ စဉ်းစားထားပါတယ်။ ကျမတို့ဆီမှာက အနုပညာနဲ့ ပတ်သက်ပြီး အထောက်အကူ ရတဲ့ နေရာ နည်းပါးနေသေးတယ်။ အနုပညာနဲ့ ပတ်သက်တဲ့ စာကြည့်တိုက်လည်း ဖွင့်ပေးချင်ပါတယ်။ အဲဒီ အတွက်လည်း ကိုရီးယားမှာ စာအုပ်အတော်များများ ဝယ်ထားတယ်ရှင့်။
အခု ဖော်ပြခဲ့တာက လူငယ်ပန်းချီဆရာမ ရွှေစင်အေးရဲ့ အနုပညာဖန်တီးမှုနဲ့ ပတ်သက်ပြီး မေးခွန်းတချို့ မေးမြန်းခဲ့တာပါ။ ရွှေစင်အေးရဲ့ စိတ်ဓာတ်၊ အနုပညာနဲ့ လူ့အဖွဲ့အစည်းအပေါ် ထားရှိတဲ့ စိတ်ထားကိုလည်း ဖြေကြားချက်မှာ မြင်တွေ့နိုင်ပါတယ်။
အနာဂတ်ကို နိုးကြားတက်ကြွပြီး စိတ်အားထက်သန်တဲ့ လူငယ်တွေက ပိုင်ဆိုင်သလို၊ အနာဂတ် ကောင်းမွန်ပြည့်စုံ ဖို့ဆိုရင် ခံယူချက်ကောင်းတဲ့ လူငယ်တွေက သွန်းလောင်းထုဆစ်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ။