မကြာသေးမီက ဂျာမန်သမ္မတ အလည် အပတ် လာရောက်စဉ် အကြွေးများ လျှော်ပေးခဲ့သည်။ ထိုသို့ပင် အမေရိကန်သည် လည်းကောင်း၊ ဥရောပ သမဂ္ဂဝင် နိုင်ငံများသည် လည်းကောင်း မြန်မာ အပေါ် ကန့်သတ် ပိတ်ဆို့မှုများ လျှော့ချပြီး အကူအညီ အထောက် အပံ့များ ပြန်ပေးလာခဲ့သည်။ ဂျပန်၊ ဩစတြေးလျ တို့သည်လည်း ထိုနည်း လည်းကောင်း ဖြစ်သည်။ အစိုးရများက ထောက်ပံ့ ကူညီမှုများ ပေးလာ သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များမှာမူ လုံးကနဲ ရင်းကနဲ မဝင်လာသေးဘဲ ၂၀၁၅ ခုနှစ်ကို စောင့်နေကြသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၂၀၁၄ သို့ ဝင် ရောက်လာချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် မေးလာရသည့် မေးခွန်းမှာ “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မည်မျှစစ်မှန်ပြီး တည်ငြိမ်နိုင် မည်နည်း” ဟူသော မေးခွန်းဖြစ်သည်။ ပေးထားချက်အတိုင်း လက်ခံထားရသည့် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်လော၊ လူမပြောင်းဘဲ မူပြောင်းထားသည့် ဘောင်းဘီချွတ်အစိုးရ အတိုးအဆုတ် မည်မျှလုပ်ပေးနိုင်မည်နည်း၊ အတိုက်အခံများကရော မည်သို့ ကြံစည်ထားသနည်း စသဖြင့် နောက်ဆက်တွဲ မေးစရာတွေ များလှသည်။
ပြည်တွင်းရေးကို ပြန်ကြည့်လိုက်သောအခါ နှစ် ၆၀ ကြာခဲ့သည့် ပြည်တွင်းစစ်မှသည် လတ်တလော ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခအထိ အကျယ်အကျယ် မငြိမ်းဖွယ်များမှာ မြန်မာပြည်၏ ပြုပြင် ပြောင်းလဲရေးကာလကို လာရောက်ကိုင်လှုပ်နေကြဆဲ ဖြစ်သည်။ ပွင့်လင်းလာမှုနှင့်အတူ ပွင့်ထွက်လာသည့် လူမျိုးရေးပဋိပက္ခများ၊ အစွန်းရောက် အမျိုးသားရေး နိုးထလှုပ်ရှားမှု စသည့် ပြည်တွင်း မငြိမ်သက်မှုများသည် အာဆီယံ ဥက္ကဋ္ဌရာထူးကို ပူပူနွေးနွေး လက်ခံထားရမှု၊ နိုင်ငံတကာနှင့် တံခါးဖွင့် ဆက်ဆံလာရမှုတည်း ဟူသော ဒေသတွင်း ပေါင်းစည်းမှု၊ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်များနှင့် ထိပ်တိုက်တွေ့လာရပေပြီ။
လျင်မြန်ပြီး အံ့ဩဖွယ်ကောင်းသော မြန်မာ့ ပြုပြင်ပြောင်းလဲမှုသည် မည်သူမျှ မျှော်လင့်မထားသော စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေပါသည်။ ၂၀၁၅ တွင် မြန်မာပြည် ဘယ်သို့ဘယ်ပုံ ဖြစ်လာမည် နည်းဆိုသည်မှာ ပြည်တွင်းရော နိုင်ငံတကာကပါ အာရုံစူးစိုက်ချက် ဖြစ်သည်။ ကျန်နေသည့် ၂ နှစ်နီးပါး ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှသည် ယခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးများကို လက်ခံကျင်းပရေးအထိ လုပ်စရာတွေ များလှသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာ့ပြည်တွင်းရေးသည် အမယ်ဘုတ်၏ သူ့ချည်ခင် ကိစ္စများဖြင့်သာ ထွေးလုံးရစ်ပတ်လျက် သာရှိပြီး ဒေသတွင်းအဖွဲ့ကို ဦးစီးဦးဆောင်နိုင်ရေး အရည်အချင်း အားနည်းလျက်ပင်ရှိနေသည်။ ယခုနှစ် အာဆီယံဥက္ကဋ္ဌ မြန်မာသည် လူမပြောင်း မူပြောင်းသည့် ကာလအတိုင်းအတာတွင် ပေါ်လာသည့် ဇာတိရုပ်များ၊ ပြုပြင်ပြောင်းလဲရေးတွင် အပေါ်ယံ ဆီဝေ့ရုံ ကိစ္စများ၊ သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် အားပြိုင်မှုများ၊ မေးခွန်းထုတ် နေရဆဲဖြစ်သည့် စစ်တပ်၏ အခန်းကဏ္ဍ စသည်တို့မှာ လိပ်ခဲတည်းလည်းသာ ဖြစ်နေသည်။
ချုပ်လျှင် တမေးတည်း မေးနေကြသည့် “နောက်ပြန်လှည့်မှာလား”ဆိုသည့် မေးခွန်းကို ယခုအခြေအနေက အဖြေပေးလျက် ရှိပါပြီ။ “နောက်လည်း မလှည့်၊ ရှေ့လည်း မတိုးတော့ပါ” ဟူ၍ပင်။ အစိုးရ အဖွဲ့ဝင်တချို့၏ အမြင်ကျဉ်းမြောင်းမှုများ၊ မူပြောင်းပြီး လူပြောင်းရေးတွင် ပုဂ္ဂိုလ်ရေး အားနာမှုများ၊ အစိုးရထိပ်ပိုင်းက ပြောင်းလဲရေးစကား မာရသွန် သွားသလောက် အောက်ခြေက မပြောင်းလဲမှုများ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအပေါ် မူတည်ကာ အခွင့်ထူးခံ လူတန်းစားလွှာနေမှုများ၊ ဒီမိုကရေစီ ပတ်ဝန်းကျင်နှင့် မညီ ညွတ်သော ပြုမူပုံများကြောင့် မြန်မာပြည် အပြောင်းအလဲ ရှေ့မရောက်ခြင်းဖြစ်သည်။
ရှဥ့်ရောပျားပါ မလျှောက်သာသည့် အနေအထား ရောက်နေသည့် အနေအထားတွင် ပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်သော အနာဂတ်ဦးတည်ချက် လိုနေပေပြီ။