ပြီးခဲ့သည့် အပတ် မြန်မာ လုပ်ငန်းရှင် များနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံပွဲတွင် ပြုပြင် ပြောင်းလဲရေး ၃ နှစ်တာ ကာလ အတွင်း စီးပွားရေး စွမ်းဆောင် ချက်များနှင့် တွေ့ကြုံနေရသော အခက်အခဲ များကို ကျော်လွှားရေး ဆွေးနွေးခဲ့မှု များသည် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက် အဝန်းတွင် ယှဉ်ပြိုင် ရတော့မည့် မြန်မာ စီးပွားရေး လုပ်ငန်းများ အဆင်သင့်ပြင်ရေး၊ အလုပ်အကိုင် ဖန်တီးရေးနှင့် စားသုံးသူများ သက်သာ ချောင်ချိရေးတို့ အတွက် များစွာ အထောက် အပံ့ မဖြစ်ဘဲ စိတ်လှုပ်ရှား စရာလည်း မကောင်းပေ။
သမ္မတဦးသိန်းစိန်၏ သက်တမ်းအတွင်း ယခင်က မတည်ငြိမ်ခဲ့သည့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တည်ငြိမ်လာစေရန် ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြုပြဌာန်းခဲ့ခြင်း၊ ဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှ ခွဲထုတ်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည်ကို အသိအမှတ်ပြုရမည်။ သို့သော် သယံဇာတ ထုတ်ယူသုံးစွဲမှုအပေါ်သာ မှီခိုအားထားနေရသော စီးပွားရေးစနစ်မှ အလုပ်အကိုင်များကို ဖန်တီးပေးနိုင်မည့် ကုန်ထုတ်လုပ်ငန်းများနှင့် လယ်ယာထွက်ကုန်များ အဆင့်မီ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံလည်ပတ်သော စီးပွားရေးစနစ်ဆီ ဦးတည်ရေး နှောင့်နှေးကြန့်ကြာနေသေးသည်။
ဦးသိန်းစိန်အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်ကုန်လာနေပြီး ရှေ့ဆက်မတက်နိုင် ဖြစ်နေသည်။ ၃ နှစ်ကြာလာသော်လည်း အမျိုးသားစီးပွားရေးမူဝါဒ မည်သို့ ဦးတည်ချက်ရှိပြီး မည်သည့်အချိန်တွင် မည်သည့်စီမံကိန်းများကို မည်မျှသုံးစွဲပြီး အကောင်အထည်ဖော်မည်ကို မည်သူမျှရှင်းလင်းစွာ မသိရပေ။ မြန်မာ့စီးပွားရေးကို အုပ်ဆီးထားပြီး ယခင်စစ်အစိုးရလက်ထက် အကျိုးအမြတ်များစွာ ရနေခဲ့သော ခရိုနီသူဌေးများနှင့် စီးပွားရေးလုပ်ငန်းအုပ်စုကြီးများ ပိုင်ဆိုင်လုပ်ကိုင်နေသော ကုန်သွယ်ရေးလုပ်ငန်းများအပေါ် ထိန်းကွပ်သည့် သင့်လျှော်သော အခွန်စနစ်လည်း မရှိ၊ နီးစပ်ရာ မျက်နှာသာပေးပြီး လုပ်ငန်းလိုင်စင်ချထားသောစနစ်ကိုလည်း ပြောင်းလဲရန် အားထုတ်ခြင်းလည်း မရှိသေးပေ။ ထို့ကြောင့် ရရှိလာနိုင်သော အလားအလာကောင်းများ အားလုံးကို လက်ဝယ်ပိုင်နိုင်ရေး အခွင့်မသာဖြစ်နေရသည်။
ဥပမာပြရလျင် မကြာသေးမီက အမေရိကန် ထုတ်ကုန်/သွင်းကုန်ဘဏ် (Export and Import Bank of United States) က ကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်လိုက်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် အမေရိကန်လုပ်ငန်းများကို ဘဏ္ဍာရေးအာမခံမည့် အစီအစဉ်သည် မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ပိုမို အားကောင်းစေလာမည်ဖြစ်သော်လည်း လုပ်ငန်းတိုးချဲ့လိုသောကြောင့် အတိုးနှုန်းချိုသာစွာ ရနိုင်မည့် ငွေချေးဘဏ်များကို မျှော်လင့်နေသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် အလှမ်းဝေးနေဆဲဖြစ်သည်။
အကြောင်းမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် နိုင်ငံရပ်ခြားဘဏ်များကို လုပ်ငန်းခွဲဖွင့်လှစ်နိုင်ခြင်း သို့မဟုတ် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်စေခြင်းများ ခွင့်မပြုနိုင်သေး၍ ဖြစ်သည်။ ဗဟိုဘဏ်က ၎င်း၏ မူဝါဒများကို ဖြေလျှော့ပေးပြီး ယခုနှစ်အတွင်း နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ပေးမည်ဟု ယူဆရသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင် ပတ်သက်သည်ဟု စာရင်းသွင်းခံရသည့် မည်သည့်လုပ်ငန်းရှင်နှင့်မျှ တွဲမလုပ်လိုကြောင်း ယမန်နှစ် ဇူလိုင်လအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ရောဘတ် ဟောမတ်စ်နှင့် နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဖရန်စစ်ကိုစန်ချက်ဇ် တို့နှစ်ဦး ဦးဆောင်လာသော အမေရိကန် ကုမ္ပဏီ ၃၈ ခု၏ ကိုယ်စားလှယ်များ ပါဝင်သည့် စီးပွားရေးအဖွဲ့ လာရောက်ခဲ့စဉ် ပြောဆိုထုတ်ပြန်ခဲ့ဖူးသောကြောင့် အများမျှော်လင့်သလို အတိုးနှုန်း ချိုသာသော နိုင်ငံရပ်ခြား သို့မဟုတ် ပြည်တွင်းနှင့် ပူးပေါင်းထားသော ဘဏ်များမှ ငွေချေးငှားရယူနိုင်မည့် အနေအထားမှာ မျှော်လေတိုင်းဝေးနေဆဲသာ။
မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒ လုပ်ထုံးလုပ်နည်း ပြောင်းလဲခြင်း၊ အနောက်ကမ္ဘာ၏ ဒဏ်ခတ် ပိတ်ဆို့မှုများ လျှော့ချ ပယ်ဖျက်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာခြင်းတို့သည် တခုနှင့် တခုချိတ်ဆက်နေသည်။ ခြစားမှုနှင့် မျက်နှာကြီးရာ ဟင်းဖတ်ပါသည့်စနစ်ကို တိုက်ဖျက်ရမည်။ ထိုသို့ အပြောင်းအလဲ ပိုအခြေခိုင်မှ ဒဏ်ခတ်မှု ပိုကင်းစင်လေ ဖြစ်မည်။ ပိတ်ဆို့မှု မရှိမှ ဖွံ့ဖြိုးမှု အခွင့်အလမ်း ပိုရလေ ဖြစ်မည်။