စားသုံးသူကာကွယ်ရေးအသင်းကို လွန်ခဲ့သော ၂ နှစ်က စတင်တည်ထောင်ခဲ့သည်။ ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးကုန်ပစ္စည်းများနှင့် အဆင့်မမီသော ဆေးဝါးများ ဈေးကွက်အတွင်း ဝင်ရောက်နေမှုကို ကာကွယ်ရန် ရည်မှန်းချက်ထားသည်။ ဆရာဝန်များ၊ ရှေ့နေများ၊ ဓာတုဗေဒပညာရှင်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ရန်ကုန်အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့က ပြည်ပမှ သွင်းလာသော ငံပြာရည်များ၊ ကော်ဖီမစ်အထုတ်များ၊ စားသုံးဆီများမှာ ဘေးအန္တရာယ်ရှိကြောင်း ယမန်နှစ်က ကြေညာခဲ့သည်။ အသင်းကို စတင်တည်ထောင်သူ ဦးဗအုပ်ခိုင်က ဧရာဝတီ စီးပွားရေးသတင်းထောက် ကျော်ဆုမွန်ကို ၎င်းတို့ ရင်ဆိုင်နေကြရသည့် ပြဿနာများကို ရှင်းလင်းပြောပြခဲ့သည်။
ဧရာဝတီ ။ ။ ဘာကြောင့် ဒီအဖွဲ့အစည်းကို မြန်မာတွေ လိုအပ်တာလဲ။
ဦးဗအုပ်ခိုင်။ ။ မြန်မာပြည် အခြေအနေက တော်တော်လေး food safety နဲ့ ပတ်သက်လို့ပေါ့ အစားအသောက် ဘေးကင်းလုံခြုံမှု မရှိဆုံးနိုင်ငံပေါ့။ ကင်ဆာဖြစ်နှုန်းကလည်း မြင့်တက်နေတာ။ နောက် ဆေးအတု၊ အစားအသောက်အတု ဘာညာ၊ Brand အတု၊ ဒီလို အများဆုံးထုတ်တဲ့ တရုတ်နိုင်ငံနဲ့ ဆရာတို့က အိမ်နီးချင်းဖြစ်နေတဲ့အတွက်ကြောင့် ဒီအသင်းက မရှိမဖြစ်ပဲလေ။ တခြားနိုင်ငံမှာဆို အမေရိကန်တို့ ဥရောပတို့ အာဆီယံနိုင်ငံတွေ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုအသင်းတွေရှိတယ်။ ဆရာတို့နိုင်ငံမှာ မရှိသေးဘူး။
ဒီအသင်းအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန FDA နဲ့ ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မှုမျိုးရှိသလဲ။
အခုအချိန်ထိတော့ ပူးပေါင်းဆောင်ရွက်မှုကတော့ တော်တော်လေးမရှိသလောက် နည်းတယ်။ မရှိသလောက် နည်းတယ်ဆိုတာ ဟိုတလောက စားသုံးသူများကွန်ရက်ဆိုပြီးတော့ ၈၈ က စိုးထွန်းတို့က စားသုံးသူလုပ်နေတဲ့အဖွဲ့ကလေးတွေ ပေါင်းစုလုပ်ကြမယ်ဆိုပြီးတော့ ချိတ်ဆက်ဖို့ ကြိုးစားကြတယ်။ အခုလောလောဆယ် အဲ့လိုမျိုးလုပ်ကြတော့ စီးပွား/ကူးသန်းဖိတ်တယ်၊ ဆရာတို့အဖွဲ့တွေ ဖိတ်တယ်၊ FDA ဖိတ်တယ်။ FDA က မတက်ဘူး။ နောက်ပြီး တခါတုန်းက ငပိရည်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ အဲ့ဒါတွေကို စစ်ဆေးတယ်၊ FDA ကိုတင်တယ်၊ Sample သုံးခု ပေါ့။ ဒါပေမယ့် ဆရာတို့ ရှေ့ဆက်လုပ်ဖို့ရနိုင်တဲ့ တိကျသေချာတဲ့ အဖြေမျိုး ထွက်မလာခဲ့ဘူးပေါ့။ အဲ့လိုမျိုးဆိုတော့ ဆရာတို့အနေနဲ့ နောက်ပိုင်း ကိုယ့်ဘာသာ ဓာတ်ခွဲခန်းတခုလုပ်ဖို့ ကြိုးစားရတော့တာပေါ့။
FDA နဲ့ ပတ်သက်ပြီးတော့ ဆရာတို့တွေနဲ့ နည်းနည်းလေးတော့ ငြိစွန်းတာမျိုးတော့ ရှိဖူးတယ်။ အခု မှတ်ပုံတင်ကျလာပြီးနောက်ပိုင်း မှတ်ပုံတင်ပေးခါနီးမှာ သူတို့က ပြည်ထဲရေးကို ပြန်ကန့်ကွက်တာမျိုး ရှိတာပေါ့။ ဘယ်လို့လဲဆိုတော့ ဆရာတို့က ပညာပေးတာတွေ၊ ဟောပြောပွဲလုပ်တာတွေ၊ စစ်ဆေးတာတွေ၊ ကျောင်းဈေးတွေ စစ်တာကိုတော့ သူတို့က မကန့်ကွက်ဘူးပေါ့။ ဆရာတို့ ပြည်သူက သတင်းပေးလို့ပဲဖြစ်စေ၊ ဆရာတို့ ဈေးကွက်ထဲမှာ စစ်ဆေးတွေ့ရှိလို့ပဲဖြစ်စေ မီဒီယာနေတဆင့် စားသုံးသူကို ကြော်ငြာမယ် သတိပေးမယ်ဆိုရင်တော့ သူတို့ FDA နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ဆရာတို့ဆီကနေ တောင်းတော့ ဆရာတို့က ပေးလိုက်ပါတယ်။ ဆရာတို့က ပူးပေါင်းဆောင်ရွက်လို့ရရင် ပူးပေါင်းချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်လို့ ရတာတွေကိုလည်း ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ပူးပေါင်းဆောင်ရွက်လို့ မရတာတွေကိုတော့ ကိုယ့်ဘာသာ သီးခြားဆောင်ရွက်သွား မှာပါ။
လက်ရှိ ထိုင်းကဝင်လာတဲ့ ငံပြာရည်တံဆိပ်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးတွေ့ရှိရသလဲရှင့်။ အဲ့ဒီအကြောင်းလေးလည်း ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ပြောပြပေးပါဦး။
ဒီငံပြာရည်ကတော့ ယိုးဒယားကနေလုပ်တဲ့ ငံပြည်ရည်ပေါ့။ မြဝတီကုန်သည်တွေကနေပြီးတော့ ဒီမင်္ဂလာဈေးကို သွင်းတာပေါ့။ မင်္ဂလာဈေးကနေမှ ပြန်ပြီးတော့ဖြန့်တော့ ဝယ်လာတဲ့ လက်လီဖြန့်တဲ့ ကုမ္ပဏီတခုက မင်္ဂလာဈေးကနေ ယူလာပြီးတော့ သူတို့က အဲ့ဒီမှာ ဒါကိုတွေ့လို့ အကြောင်းကြားတာပေါ့။ စုံစမ်းလိုက်တဲ့အခါကျတော့၊ ကြေလည်းကြေညာလိုက်တဲ့အခါကျတော့ အခုဈေးကွက်ထဲမှာ ပြန်ပြီးပျောက်သွားတာကို တွေ့ရတယ်။ သူတို့ပြောပုံအရဆိုရင်တော့ သူတို့ပါလာတဲ့ အတုတွေကို သူတို့ကုန်သည်တွေကို ပြန်ပြီးတော့ ပေးလိုက်တဲ့သဘောပေါ့။ ခင်ဗျားတို့ဟာ မယူတော့ဘူး ဆိုပြီး ပိုက်ဆံပြန်ပေးတယ်၊ အဲဒါတွေကို မြဝတီကို ပြန်သယ်သွားကြတယ်။ တချို့ကကျတော့လည်း မော်လမြိုင်တို့ ဘာတို့မှာ ဒီက သတင်းမပြန့်သေးခင်မှာ ရောင်းလိုက်တာမျိုးလည်း ရှိတယ်ပေါ့။ မသမာတဲ့ ကုန်သည်တွေပေါ့။ ဒါကတော့ ကြည့်ရတာ ယိုးဒယားကလာတာ သိပ်မဟုတ်ဘူးဗျ။ နယ်စပ်ကနေ အတုလုပ်ပြီး သွင်းတဲ့သဘော အကဲခတ်လို့ရတယ်ပေါ့။
အတုဆိုတာက ခဏထားလိုက်တော့ အစစ်ကိုယ်၌ကိုယ်ကလည်း ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ အစစ်ကိုယ်၌ ကိုယ်ကလည်း ထိုင်းနိုင်ငံမှာထုတ်လုပ်တဲ့ ငံပြာရည်ရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ကျန်းမာရေးနဲ့ မညီညွတ် ဘူးလို့ ထိုင်း ဆေးသုတေသနဌာနက ကြေငြာထားတယ်။ မြန်မာနိုင်ငံမှာလည်း အသုံးများတဲ့ တံဆိပ်လေးခုပါတယ်။ စားသုံးလို့မသင့်ဘူးဆိုတာ ဒီတံဆိပ်လည်း ပါပါတယ်။ နိုက်ထရိုဂျင်နဲ့ဆက်စပ်တဲ့ အက်စစ်ပါဝင်မှုနှုန်းမြင့်တယ်လို့ သူတို့ပြောတယ်။ ဘာဖြစ်နိုင်လဲဆိုတော့ လေဖြတ်လေငန်းရောဂါနဲ့၊ ကိုယ်တခြမ်းသေတာတို့ ဖြစ်နိုင်တယ် ပေါ့။ အာရုံကြောထိခိုက်တာတို့ အယ်ဇိုင်းမန်း လိုရောဂါမျိုး အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့။
အခုစစ်ဆေးခဲ့တဲ့ တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေမှာ မြန်မာပြည်မှာ အများဆုံးဖြစ်နေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်အများစုက ဘယ်လိုဓာတ်တွေပါဝင်ပြီးတော့ ဘယ်လိုမျိုး ကျန်းမာရေး ထိခိုက်မှုကို အများဆုံးပေးနိုင်သလဲ။
ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့။ တခုချင်းပြောရမယ်ဆိုရင်တော့ နေ့စဉ်စားသုံးနေတဲ့ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်ကအစ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတာတွေ၊ ပိုးသတ်ဆေး သုံးပြီးလို့ရှိရင် ပိုးသတ်ဆေးဓာတ်ပြိုကွဲချိန်ထိ မစောင့်ပဲနဲ့ ဥပမာ တချို့ ပိုးသတ်ဆေးအပြင်းစားတွေဆိုရင် သုံးပတ်နေမှ ဓာတ်ပြိုကွဲတယ်။ အဲလို မစောင့်ပဲနဲ့ နှစ်ရက်သုံးရက်ပဲ စောင့်ပြီး ဈေးကွက်ထဲသို့ ဖြန့်တာတွေ။ ဒီမှာ စားနေတာ တခါတလေ ပိုးသတ်ဆေးနံလို့ စားလို့တောင် မရဘူး။ အဲဒါတွေကတော့ နေ့စဉ် တကယ့်ကို အန္တရာယ်ကြီးမားတယ်။
ကော်ဖီမစ်က လူတိုင်း နေ့စဉ်မသောက်ဘူး။ ငပိရည်မှာလည်း လူတိုင်းနေ့စဉ် စားချင်မှစားမယ်။ အခု ဆီတို့ ဟင်းသီးဟင်းရွက်တို့ဆိုတာ လူတိုင်းနေ့စဉ်စားသုံးနေတာ။ ဆီနဲ့ပတ်သက်လို့လည်း ပြဿနာအများကြီးရှိတာပဲ။ ကလေးတွေအတွက်ကတော့ ပြည်ပက ထုတ်တာပိုများတယ်လို့ ပြောရမှာပေါ့။ ကျောင်းမုန့်ဈေးတန်းတွေကို လိုက်စစ်တဲ့အခါကျတော့ အကုန်လုံးက တရုတ်မုန့်တွေပဲ ဖုံးလွှမ်းနေတာ။ ရှေ့နှစ်ဆိုရင် အဲဒါတွေကို အပြတ်ဖြတ်ဖို့ စီမံချက်ဆွဲထားတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ အစားအသောက်နဲ့ ပတ်သက်ပြီး ပေးတဲ့ဒုက္ခလည်း တော်တော်ကြီးကို ကြီးတယ်လို့ ပြောကြတယ်။ ဒီအပေါ်မှာကျရော အမြင်ဘယ်လိုရှိပါသလဲရှင့်။
သူတို့လူမျိုးတွေက ဘယ်လိုလည်းဆိုတော့ ဘယ်လိုခေါ်မလဲ ပိုက်ဆံရမယ်ဆိုရင် ဘာမဆို လုပ်မယ့်လူမျိုး၊ သိပ် စီးပွားရေးဆန်တယ်။ ပထမတုန်းကတော့ ဒီကိုပဲ အငြိုးကြီးကြီးနဲ့ပို့နေသလားပေါ့။ သူတို့နိုင်ငံမှာလည်းလုပ်တာပဲ။ သူတို့အစိုးရကလည်းထိန်းတာပဲ။ သေဒဏ်တွေချ၊ တသက်တကျွန်းတွေ ချ၊ အဲ့ဒီကြားထဲကလည်း သူတို့လုပ်နေတာပဲ။ သူတို့နိုင်ငံမှာကိုက ဝိသမ လောဘသား စီးပွားရေး သမားများမယ်။ အဲလိုပြောတော့ နည်းနည်းတော့ လူမျိုးရေးဆန်သွားတာပေါ့။ ဒါပေမယ့် ဘယ်နိုင်ငံမှာမဆို ဝိသမလောဘသားတွေက ရှိတယ်ပေါ့။ ဆရာတို့ ဗမာလူမျိုးတွေထဲမှာလည်း ရှိတာပဲ။ ဗမာလူမျိုးတွေထဲမှာ ဝိသမလောဘနဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲဆိုပြီး ထုတ်တာတွေလည်းရှိတာပဲ။ သူတို့ဆီမှာတော့ သူတို့က စီးပွားရေးသမားများတဲ့နိုင်ငံဆိုတော့ ပိုဆိုးတာပေါ့။
နိုင်ငံခြားဧည့်သည်တွေလည်း အများကြီး ဝင်လာကြပြီ။ နောက်ပြီး လာမယ့် ၂၀၁၅ ဆိုလို့ရှိရင်လည်း အာဆီယံအသိုင်းအဝိုင်းတွေလည်းလာတော့မယ် ဆိုတော့ ဘယ်လိုမျိုး အခက်အခဲတွေ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမယ်ထင်သလဲရှင့်။
ရှက်မယ်ဆိုရင်တော့ ဒါက ရှက်စရာပေါ့။ ဒါက အစိုးရအနေနဲ့ ပြင်ဆင်ရမယ့် အချက်တွေပဲ။ ဟိုတလောကလည်း စင်ကာပူက ကျောင်းသားတွေ အစာအဆိပ်ဖြစ်ခဲ့ကြတာ၊ ဒါတွေကတော့ မဖြစ်သင့်တဲ့ကိစ္စ၊ ရှက်စရာကောင်းတဲ့ကိစ္စတွေပေါ့။ ဆရာတို့ အနေနဲ့ကတော့ အစိုးရအနေနဲ့ ဒီကိစ္စကို အလေးအနက်ထားဖို့ ဆရာတို့က တောင်းဆိုတာပေါ့။ ဥပမာ တရုတ်နိုင်ငံဆိုလို့ရှိရင် အစားအသောက်နဲ့ ပတ်သက်ရင် ပြင်းပြင်းထန်ထန် အရေးယူတာတွေရှိတယ်။ သေဒဏ်တွေ၊ တသက်တကျွန်းတွေ၊ ထောင်ဒဏ် ၁၀ နှစ်၊ အနှစ် ၂၀ ပေါ့။ ဒီမှာ ဆီတွေ လုံး၀ အန္တရာယ်ရှိတဲ့ ဆီတွေ ဝင်တာကြားတယ်။ တခါမှ သွင်းလာတဲ့လူကို အရေးယူတယ်၊ ထောင်ချတယ်၊ ဖမ်းဆီးတယ်လို့ ဘာမှမရှိဘူး။ ဥပဒေတွေမှာလည်း အားနည်းတယ်။ ဆရာတို့ကတော့ အဲဒါတွေကို ထောက်ပြတယ်။ လွှတ်တော်ကိုလည်း တင်တယ်။ ဒီဥပဒေတွေကိုတော့ ပြင်ပေးဖို့ ကိုယ်တိုင်လည်း ဥပဒေသမားဖြစ်တဲ့အတွက် ဥပဒေရှိစေချင်တယ်။ဒါပေမယ့် သူတို့ဘက်က ဘာမှ အက်ရှင်ယူတာမတွေ့ဘူး၊ ဒါကတော့ ဝမ်းနည်းစရာပေါ့။