ပေါ်ပေါက်လာနိုင်သည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များ ကို စိုရိမ်သော ပြည်သူများက ကန့်ကွက်ခဲ့ကြသည့်အတွက် မြစ်ဆုံရေကာတာ စီမံကိန်းကို သမ္မတဦးသိန်းစိန်က ရပ်နားထားလိုက်သည်။ သို့သော်လည်း တည်ဆောက် ရေးကို ပြန်လည်စတင်လိုသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ တွန်းအားပေးမှုများကြောင့် ယနေ့အထိ အငြင်းပွားဖွယ်ရာများ ဆက်လက်ရှိနေဆဲဖြစ်သည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မြန်မာနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းစုကြီး တခုဖြစ်သည့် Asia World ကုမ္ပဏီနှင့် တရုတ် အစိုးရပိုင် China Power Investment Corp (CPI) တို့ကို ကချင်ပြည်နယ် တွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရေကာတာတခု ဖက်စပ်တည်ဆောက်ခွင့် ပြုလိုက်ပြီးနောက် အဆိုပါ စီမံကိန်းကို မြန်မာပြည်သူတို့က ပြင်းထန်စွာဆန့်ကျင် ဝေဖန်ခဲ့ကြသည်။ တရုတ်နိုင်ငံက မြန်မာပြည်သူတို့ ၏ ဆန္ဒနှင့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို လေးစားပါမည်ဟု ပြောကြားခဲ့သော်လည်း ၂၀၁၅ ခုနှစ် အစိုးရသစ်တခု တက်လာပြီးနောက်ပိုင်းတွင် စီမံ ကိန်းကို ပြန်လည်စတင်ရန် မျှော်လင့်နေသည်။ ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က CPI မှ ပြည်သူ့ရေး ရာ ဒါရိုက်တာ Jiang Lizhe ကို ဆက်သွယ်မေးမြန်း ခဲ့ရာ မည်သည့်အတွက်ကြောင့် ပြန်လည် လုပ်ဆောင်လိုကြောင်းနှင့် သူတို့၏ ကုမ္ပဏီအပေါ် ဝေဖန်ပြောဆိုမှုများကို တုန့်ပြန်ဖြေရှင်းထားပါသည်။
မြစ်ဆုံ ရေကာတာစီမံကိန်းကို အစိုးရသစ် လက်ထက်မှာ ပြန်လည်စတင်နိုင်မယ်လို့ ထင်ပါသလား။
Jiang Lizhe ။ ။ ဒါက အစိုးရရဲ့ ဆုံးဖြတ်ချက်ပါ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ စီမံကိန်းကို ဆိုင်းငံ့ထားဖို့ သူတို့က ရွေးချယ်ခဲ့တာ တောင်မှ ကျနော်တို့က အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အမြဲတမ်း လေးစားခဲ့ပါတယ်။ ကျနော်တို့ ဒီစီမံကိန်း ကို လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ တိတိကျကျ အကောင်အထည် ဖော်ခဲ့ပါတယ်။ သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ပါတယ်။ နိုင်ငံတကာထုံးတမ်း အစဉ် အလာနဲ့သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီစာချုပ်လက် မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့အစည်းတွေမှာ ဒီအတိုင်းဖြစ် အောင် ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိစ္စကိုလည်း သင့်တော် တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကျနော်တို့ မျှော်လင့် ထားပါတယ်။
မြစ်ဆုံနားက ဒေသခံတွေနဲ့ လှုပ်ရှား သူတွေက စီမံကိန်းကို ရပ်ဆိုင်းပစ်ဖို့ ပြင်းပြင်းထန် ထန် တောင်းဆိုခဲ့ကြတယ်။ ဘာဖြစ်လို့ပါလဲ။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ခြင်း မလုပ်မီအထိ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ မရှိပါဘူး။ ကျနော်တို့နဲ့ ဒေသခံ ပြည်သူတွေကြားမှာလည်း အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ သူတို့ အဆင်ပြေစေဖို့ ရေနဲ့လျှပ်စစ်ဓာတ်အား အခမဲ့ ဖြန့် ဝေပေးခဲ့ပါတယ်။ ဆန် ၁၁၈၈ တန်လည်း လှူဒါန်းခဲ့ ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး တိုးတက်လာ အောင် ကူညီတဲ့အနေနဲ့ ပညာသင်ဆုပေးတာနဲ့ ဆေးရုံတွေကို လှူဒါန်းတာ အကြိမ် ၅၀ ကျော်ရှိခဲ့ပါ တယ်။ စီမံကိန်းကို ဆိုင်းငံ့လိုက်တာကမှ သူတို့ တကယ် ရင်ဆိုင်ရတဲ့ အခက်အခဲလို့ ဒေသခံအများ အပြားက ကျနော်တို့ကို ပြောပါတယ်။ ဒါကြောင့် သူတို့က စီမံကိန်းကို ဆက်လုပ်ချင်ကြပါတယ်။
ရေကာတာ စီမံကိန်းက ဧရာဝတီမြစ်ကို ဖျက် ဆီးပစ်လိမ့်မယ်လို့ စွပ်စွဲနေကြတာကို ဘယ်လိုတုန့် ပြန်ချင်ပါသလဲ။
ဧရာဝတီမြစ် အထက်ပိုင်း မြစ်ဆုံမှာရှိတဲ့ ရေ အားလျှပ်စစ် စီမံကိန်းရဲ့ မြစ်အောက်ပိုင်း ဒေသတွေ အပေါ် သက်ရောက်မှုတွေကို စနစ်တကျ လေ့လာခဲ့ ပါတယ်။ ရေစီးရေလာ ပြောင်းလဲမှု၊ ရေအရင်းအမြစ် များ အသုံးချမှု၊ မြစ်အောက်ပိုင်း ဒေသတွေက ရေ သွယ်မြောင်းတွေ၊ ရေကြောင်း သွားလာရေး၊ အနယ် ကျမှု၊ ရေလွှမ်းမိုးခြင်းကို ထိန်းချုပ်နိုင်မှု၊ ပင်လယ်ရေ ဝင်ရောက်မှု၊ လူမှုစီးပွား ဖွံ့ဖြိုးရေး အစရှိသဖြင့် လေ့လာခဲ့ပါတယ်။ စီမံကိန်း ပြီးဆုံးသွားတဲ့အခါ မိုး ရာသီနဲ့ နွေရာသီတွေမှာ ရေစီးဆင်းမှုအပြောင်းအလဲ အနည်းငယ်ပဲ ဖြစ်နိုင်ပါတယ်။ တနှစ်ပတ်လုံး စီး ဆင်းမှု ပမာနကို လျော့ကျသွားစေမှာ မဟုတ်ပါဘူး။ မြစ်အထက်ပိုင်း မြစ်ဆုံဒေသမှာ တည်ဆောက်လိုက် တဲ့ ရေအားလျှပ်စစ်စီမံကိန်းကြောင့် မြစ်အောက်ပိုင်း ဒေသမှာ ပင်လယ် ရေငံ ဝင်ရောက်မှု မဖြစ်နိုင်ပါဘူး။ ရေလွှမ်းမိုးခြင်းကို ထိန်းချုပ်နိုင်စွမ်း ပိုများလာတဲ့ အကောင်းဖက်က သက်ရောက်မှု ရှိလာပြီး မြစ် အောက် ပိုင်းဒေသရဲ့ ရေလမ်း သွားလာရေးကိုလည်း တိုးတက် ကောင်းမွန်လာစေနိုင်ပါတယ်။
တချို့ တက်ကြွလှုပ်ရှားသူတွေက CPI ရဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှု လေ့လာဆန်း စစ်မှု အစီရင်ခံစာကို ဝေဖန်ခဲ့ကြပါတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေက မပြည့်စုံဘူး၊ အားနည်းချက်တွေ ရှိနေတယ်လို့ ပြောကြပါတယ်။ ဘယ်လိုမှတ်ချက် ပေးချင်ပါသလဲ။
၂၀ဝ၈ နဲ့ ၂၀ဝ၉ ခုနှစ်အတွင်းမှာ တရုတ်နဲ့ မြန်မာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ၁၀ဝ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးပြီးတော့ နက် နက်ရှိုင်းရှိုင်း လေ့လာခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာမှုတွေနဲ့ စစ်တမ်းတွေကို ကျနော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှု ဆိုင်ရာမှာ ထူးချွန်ပြောင်မြောက်စွာ ပါဝင်ဆောင်ရွက်မှုနဲ့ အားထုတ်မှုကို လေးစားသင့်ပါတယ်။ ကျနော်တို့နဲ့ အတူ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိပြီး သိပ္ပံနည်းကျ အလေးအနက် လေ့လာလိုတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ အားလုံးကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဝေဖန်ချက်တွေမှာတော့ လက်တွေ့အခြေအနေမှန်ကို ကျယ်ကျယ် ပြန့် ပြန့် သိနားလည်ခြင်း မရှိပါဘူး။
လတ်တလော နှစ်တွေထဲမှာ ဝေဖန်သူတွေက တရုတ်ရင်းနှီးမြှုပ်နှံသူတွေက မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးကို တိုးတက်အောင် လုပ်ဖို့အတွက် ပရဟိတလုပ်ငန်းတွေ၊ လူမှုရေးကိစ္စတွေ၊ နိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတာတွေ လုပ်လာကြတယ်လို့ ပြောကြပါတယ်။ အဲဒါ မှန်ပါ သလား။
တကယ်လို့ ခင်ဗျားမှာ အလွန်ကြင်နာတတ်ပြီး တော့ တခြားသူတွေအတွက် အလွန်ကောင်းကျိုးပြုတဲ့ မိတ်ဆွေကောင်း တယောက်ရှိတယ်ဆိုပါတော့။ဒါပေ မယ့် သူ့အကြောင်းကို ဘယ်သူမှ ပြောမှာမဟုတ်ဘူး။ တနေ့မှာ မကောင်းတဲ့ သူတယောက်က ခင်ဗျား မိတ်ဆွေကို နိုင်ငံတကာသိအောင် အပြင်တင်ပြီး တခြား လူတွေက သူမကောင်းဘူးလို့ ယုံကြည်သွားအောင် လုပ်တယ်။ ဒါ ခင်ဗျား မိတ်ဆွေအတွက် မျှတနိုင်ပါမလား။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ တရုတ်ပြည်သူတွေက မြန်မာပြည်သူတွေကို အကူအညီတွေ အများကြီးပေးခဲ့တယ်။ စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ ကာလမှာ ကျနော်တို့က မြန်မာပြည်သူတွေကို ထောက်ပံ့ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ တခွန်းမှ ထုတ်ဖော်မပြောခဲ့ဘူး။ ဒါကြောင့် လူအများစုက အမှန်တရားကို မသိကြတော့ ကျနော်တို့ မကောင်းဘူးလို့ ယုံကြည်နေကြတယ်။ အခု ကျနော်တို့က ကျနော်တို့ ဘာတွေ လုပ်ပြီးခဲ့ပြီ၊ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျနော်တို့ဘာတွေ ပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုတာတွေကို ပြောပြနေတာ သက်သက်ပါပဲ။ ကျနော်တို့ ကမ္ဘာကို အသိပေးရမယ်။ ကျနော်တို့ အဲဒါကို အစောကြီးထဲက လုပ်ခဲ့သင့်ပါတယ်။
စိန်ခေါ်မှုတွေ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားထဲက ဘာဖြစ်လို့ CPI က ရေအားလျှပ်စစ် စီမံကိန်းကို ဆက်လုပ်ချင်ရတာလဲ။
တကယ်တော့ ဒေသခံပြည်သူတွေက စီမံကိန်းကို မဆန့်ကျင်ကြပါဘူး။ အမှန်တရားကို မသိကြလို့၊ ကောလာဟလ တချို့နဲ့ သတင်းမှားတွေကြောင့် စီမံကိန်းကို နားလည်မှု လွဲနေကြတာဖြစ်ပါတယ်။ စီမံကိန်း အစစ်အမှန်ကိုသိရင် အစိုးရနဲ့ ပြည်သူတွေက မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ကြမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းက မြန်မာစီမံကိန်းပါ။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးပါပြီးတော့ ပြည်သူတွေရဲ့ ဘဝအခြေအနေကိုလည်း မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ သမ္မတ ဦးသိန်းစိန်က တရားဝင်စာချုပ်ကို ချိုးဖောက်ပြီးတော့ စီမံကိန်းကို ရွှေ့ဆိုင်းလိုက်တယ်။ အစိုးရဖက်က ဒီကိစ္စနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အဖြေပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းက ရေအားလျှပ်စစ် စီမံကိန်းအတွက် လိုအပ်တဲ့ ငွေကြေး၊ နည်းပညာ၊ သုံးစွဲသူဈေးကွက်စတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအစိုးရဖက်ကနေ CPI ကို ဖိတ်ခေါ်ခဲ့လို့ စတင်ပေါ်ပေါက်လာရတာဖြစ်ပါ တယ်။
မြန်မာပြည်သူတွေရဲ့ ၂၅ ရာခိုင်နှုန်းပဲ လျှပ်စစ် ဓာတ်အား သုံးစွဲနိုင်ပါတယ်။ ဓာတ်အားလိုအပ်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဒီလိုကြီးကျယ်တဲ့ ရေအားလျှပ်စစ် စီမံကိန်းလိုအပ်ပါတယ်။ မြန်မာ အစိုးရ၊ ဒေသခံ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူ တွေအတွက် အကျိုးဖြစ်စေမယ့် စီမံကိန်းဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် သက်ဆိုင်သူအားလုံး အတူ တကွ လုပ်ဆောင်သင့်ပါတယ်။
CPI ဖက်ကနေ စီမံကိန်းအတွက် အကြီး အကျယ် ရင်းနှီးမြှုပ်နှံခဲ့ပြီလို့ သိရပါတယ်။ ဘယ် လောက် ရှိပါပြီလဲ။
ဧရာဝတီ အထက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်း တွေ အတွက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မြစ်ဆုံ စီမံကိန်း မရပ်ဆိုင်းမီ အချိန်အထိ ကျနော်တို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရင်းနှီး မြှုပ်နှံခဲ့ပြီးပါပြီ။
မြန်မာအစိုးရကို ဘယ်လောက်ပေးပြီးပါပြီလဲ။
ကျနော်တို့ရဲ့ သဘောတူညီချက်အရ ရင်းနှီး မြှုပ်နှံ သူကနည်းပညာနဲ့ ဘဏ္ဍာရေးကို ထောက်ပံ့ ပေးရပါတယ်။ ဓာတ်အားသုံးစွဲသူ ဈေးကွက်ရရှိဖို့ လည်း မြန်မာနိုင်ငံကို ကူညီရပါတယ်။ မြန်မာအစိုးရ ဘက်က သဘာဝအရင်းအမြစ်တွေကို ရှယ်ယာအနေ နဲ့ ထည့်ဝင်ရပါတယ်။ ဒီအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်းကို အခမဲ့ ရရှိမှာဖြစ်သလို ဖက်စပ် ကုမ္ပဏီ ရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းနဲ့ အခွန်ငွေ အမြောက်အများ ရရှိဦးမှာလည်း ဖြစ်ပါတယ်။တည် ဆောက်ချိန်နဲ့ လုပ်ငန်းလည်ပတ်ချိန်မှာ မြန်မာနိုင်ငံဖက်က ရရှိမယ့် အကျိုးအမြတ်က CPI ရရှိမှာထက် အများကြီးပိုပါတယ်။
မြစ်ဆုံစီမံကိန်းကို ရပ်နားလိုက်ခြင်းက မြန်မာ နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေအပေါ် မှာ သက်ရောက် မှုရှိနိုင်ပါသလား။
ယုံကြည်စိတ်ချမှု အပေါ်ကို သက်ရောက်ခဲ့ပါ တယ်။ ဒီစီမံကိန်းကို ကြာမြင့်စွာ စောင့်ကြည့်နေခဲ့တဲ့ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူ အမြောက်အများကမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်နားလိုက်တဲ့အတွက် အံ့အားသင့်သွားကြပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ စွန့်စားရမယ့် အတိုင်းအတာကို ပြန်လည် တွက်ဆရပါတော့တယ်။ ဖြစ်လာမယ်လို့ မျှော်လင့် မထားကြပေမယ့် စီမံကိန်းကို ရပ်နားလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ထိုးကျသွားတာကို လူတိုင်းသိကြပါတယ်။