မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် အမေရိကန်၊ ဥရောပနှင့် အနောက်နိုင်ငံကြီးများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မှုမှတဆင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံဖြစ်လာသည်။
တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရကို နိုင်ငံရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း အကူအညီ၊ အထောက်အပံ့များ ပေးခြင်းဖြင့် မြန်မာစစ်အာဏာရှင်များကို ဆယ်စုနှစ်၂ ခု သက်တမ်းကြာအောင် အုပ်စိုးနိုင်ရေး အကူအညီပေးခဲ့သည်။ မြန်မာစစ်အစိုးရသည် ၁၉၈၉ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံက ထုတ်လုပ်သော စစ်လက်နက်များကို ဝယ်ယူအားကိုးခဲ့ရသည်။ တရုတ်နိုင်ငံက အထီးကျန်ဆန်နေသော မြန်မာစစ်အစိုးရထံသို့ အကူအညီ၊ အထောက်အပံ့နှင့် စီးပွားရေး ကူးလူးဆက်ဆံမှုများ လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကံကြမ္မာသည် တရုတ်နိုင်ငံအပေါ် မှီခိုအားထားရသော အခြေအနေအထိ တွန်းပို့ခဲ့သည်။
တရုတ်နိုင်ငံ၏ မြန်မာစစ်အာဏာရှင်များထံသို့ အကူအညီပေးခြင်း၏ နောက်ကွယ်တွင် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်တခုအဖြစ် ပိုင်ဆိုင်လိုသော ပထဝီဝင် နိုင်ငံရေး မဟာဗျူဟာတခု ရှိနေသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် အသုံးပြုခြင်းဖြင့် စစ်ရေး၊ စီးပွားရေး နှင့် နိုင်ငံရေး အာဏာတိုးချဲ့လိုသည်။
ပထဝီဝင်နိုင်ငံရေး မဟာဗျူဟာအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ကျားကုတ်ကျားခဲဖြင့် လုံးဝ လက်လွတ်ခံမည်မဟုတ်ဘဲ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှု ရှိလာစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းအား ထုတ်မည်ဖြစ်သည်။ ၂၀၁၀-၂၀၁၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီ အရပ်သား အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲသွားချိန်တွင် တရုတ်နိုင်ငံ အငိုက်မိသွားခဲ့သည်။ မြန်မာစစ်အာဏာရှင်များ သည် တရုတ်ကြီးစိုးမှုမှ ရုန်းထွက်ရင်း ဒီမိုကရေစီ အပြောင်းအလဲများ စတင်ခဲ့သည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ်လစ်တနာက သုံးသပ်သည်။ မြန်မာ့အပြောင်း အလဲများကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ထားရှိသောမူဝါဒ ပေါ်လစီကို အပြောင်းအလဲ၊ အလျော့အတင်း ပြန်လည်ပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် လွှမ်းမိုးနိုင်ရေး နည်းမျိုးစုံဖြင့် ဆက်လက်ကြိုးပမ်း လျက်ရှိသည်။
မဟာဗျူဟာအရသာမက လောင်စာစွမ်းအင် လိုအပ်ချက်အရပါ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အပျက်ခံမဟုတ်ဘဲ လက်လွတ်ခံမည်လည်း မဟုတ်ပေ။ သဘာဝသယံဇာတ ပေါြွကယ်ဝသော မြန်မာနိုင်ငံ၏ မြစ်ချောင်းတောတောင် ရေမြေသဘာဝကိုလည်း တရုတ်က မျက်စိကျသည်။ မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေသော အစိုးရအနေဖြင့်လည်းကောင်း၊ နောင်တက်လာမည့် အစိုရများအနေဖြင့် တရုတ် နိုင်ငံအပေါ်ထားရှိမည့် မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် နိုင်ငံခြားရေးမူဝါဒသည် အလွန်အရေးကြီးပြီး အကဲဆတ်သည်ကို သတိထားရမည် ဖြစ်သည်။
တရုတ်နှင့် မြန်မာအကြား ဆက်ဆံရေးသည် ဘန်ဒေါင်းမူ ၅ ချက်ဖြစ်သည့် တနိုင်ငံ၏ နယ်မြေတည်တံ့ မှုနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို တနိုင်ငံက လေးစားခြင်း၊ တနိုင်ငံနှင့်တနိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တန်းတူရည်တူ ဆက်ဆံရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းသည့် ဆက်ဆံမှုထားရှိရန်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရန်နှင့် ပဋိပက္ခများ ကို ငြိမ်းချမ်းစွာဖြေရှင်းရန်အပေါ် အခြေခံထားသော်လည်း ယင်းမူဝါဒများကို လက်တွေ့ကျင့်သုံးရန် လိုအပ် သည်။
တရုတ်နှင့်မြန်မာဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟု တင်စားခေါ်ဆိုနေကြသော်လည်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် တန်းတူရည်တူ ဆက်ဆံရေး ဖြစ်ရန်လိုအပ်ပါသည်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် တရုတ်လက်ဝေခံ ဆက်ဆံရေးမဖြစ်ရန်နှင့် ဘန်ဒေါင်းမူ ၅ ချက်ကို အစစ်အမှန် လက်တွေ့ ကျင့်သုံးသည့် ဆက်ဆံရေး ဖြစ်ရန်လိုအပ်သည်ဟု The Irrawaddy က ယုံကြည်ပါသည်။