အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်များ ၁၁ ကြိမ်မြောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂ရက်နေ့ မှ ၆ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပနေစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းစာ ရှင်းလင်းပွဲ တရပ် မတ်လ ၅ ရက်နေ့ ကျင်းပခဲ့သည်။ သို့သော်လည်း မြဝတီ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် Sky Net ရုပ်သံလိုင်းတို့က ကြိုတင်ပေးပို့ ထားပြီးဖြစ်သော မေးခွန်းများနှင့် ကြိုတင် ဖြေကြားထား ပြီးသားဖြစ်သော အဖြေများကို တနာရီကြာ ဖတ်ပြကာ ပုဂ္ဂလိက သတင်းဌာန များကို မေးခွန်း မေးမြန်းခွင့် လုံး၀ ခွင့်မပြုဘဲ အချိန်မရှိဟု ဆိုကာ ရှောင်လွဲသွား ခဲ့ခြင်းမှာ အမြင် မကောင်းပေ။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ကြိမ်ဖန်များစွာ ကတိကဝတ်ပြုထားခဲ့သော ဒီမိုကရေစီ တည်ဆောက်ရေးတွင် တပ်မတော် မည်သို့မည်ပုံ ပါဝင်မည်ကို အများပြည်သူ သိရှိနားလည်လာစေရန် မီဒီယာများမှတဆင့် ရှင်းလင်းပြောဆိုသင့်သော်လည်း ပုဂ္ဂလိက သတင်းဌာနများကို မေးခွန်း မေးမြန်းခွင့် လုံး၀ ခွင့်မပြုဘဲ အချိန်မရှိဟုဆိုကာ ပွဲကို ရုတ်သိမ်းခဲ့ခြင်းသည် လက်ရှိ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် အရေးကြီးသည့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးလမ်းကြောင်း ပီပြင်စွာ မပေါ်ထွန်းသေး သည်ကိုလည်း ပြဆိုနေသည်။
အမှန်တကယ်လည်း နှစ် ၅၀ ကျော်ကြာ စစ်တပ်ကြီးစိုး အုပ်ချုပ်ရေးကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖရိုဖရဲ ပျက်ဆီးခဲ့ရကာ နွေးထွေးကောင်းမွန်သော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပြိုကျ ပျောက်ကွယ်ခဲ့ရပြီး သံသယနှင့် မကောင်းမြင်မှုများကသာ ဖုံးလွှမ်းလာခဲ့ရသည်။ ပုဂ္ဂလိက သတင်းစာနယ်ဇင်းကဏ္ဍကို ကြည့်လျှင်လည်း လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ခွင့် လုံးဝ ကွယ်ပျောက်ခဲ့ရပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စ၍ ပြန်လည် ခေါင်းထောင်နိုင်ရန် အားယူနေရသော အခြေအနေပင်ဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြောင့် ယိမ်းယိုင်ပြိုကျခဲ့ရသော ဒီမိုကရေစီစနစ်ကို မြန်မာ့တပ်မတော် ကိုယ်နှိုက်က ပြန်လည်တည်ဆောက်မည် ဆိုသည်ကို အရပ်ဘက်အဖွဲ့အစည်းများက ကြိုဆိုကြသော်လည်း ယခင် တလမ်းသွားစနစ်ကို တပ်မတော်အနေဖြင့် မည်သို့စွန့်လွှတ်မည်ကို ရှင်းလင်းစွာ သိရှိလိုနေကြသေးသည်။ ဒီမိုကရေစီစနစ်ကို အမျိုးသားရင်ကြားစေ့ရေးဖြင့် ပြန်လည် တည်ဆောက်ကြရာတွင် လွတ်လပ်ပွင့်လင်းပြီး အပြန်အလှန် လေးစားမှုနှင့် သည်းခံခွင့်လွှတ်မှုကသာ နားလည်မှု၊ ယုံကြည်မှုနှင့် သဟဇာတဖြစ်မှုတို့ကို သယ်ဆောင်ယူလာနိုင်မည်ဟု ဧရာဝတီက ယုံကြည်သည်။
ထို့ကြောင့် တပ်မတော်၏ လက်နက်စက်ရုံသတင်း ရေးသားဖော်ပြမှုကြောင့် ဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသော Unity အပတ်စဉ်သတင်းဂျာနယ်မှ အမှုဆောင်အရာရှိနှင့် သတင်းထောက်များကို လွှတ်ပေးပြီး စွဲဆိုထားသော အမှုများကို ပလပ်ပေးသင့်သည်။
ယမန်နှစ်အတွင်း သတင်းစာနယ်ဇင်း သမားများအပေါ် စွဲဆိုထားသော အမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ညှိနှိုင်းပလပ်ပေးခြင်း အားဖြင့် သမ္မတဦးသိန်းစိန် အစိုးရက သဘောထားကြီးကြောင်း ပြသခဲ့သကဲ့သို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အလားတူ လုပ်ဆောင်ပေးမည်ဆိုလျှင် ဖမ်းဆီးခံရသူများ၊ ၎င်းတို့မိသားစုဝင်များသာမက ပြည်တွင်းပြည်ပရှိ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့် လှုပ်ရှားသူများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
မြန်မာ့သတင်းစာနယ်ဇင်း လွတ်လပ်မှုနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ယခုမှ ၂ နှစ်မျှသာ ရှိသေးသောကြောင့် မရင့်သန်သေးပေ။ အမှားအယွင်းများနှင့် တွေ့ကြုံဖြတ်သန်းနေရဆဲဖြစ်သည်။ နှစ် ၅၀ ကျော်ကြာမှ အမှန်မြင်၍ အမှားပြင်မည့် တပ်မတော်လိုပင် မပြည့်စုံသေးဘဲ ယခုမှ စ အခြေချနေရသော သတင်းစာနယ်ဇင်းကို အမှားပြင်ခွင့်ပေးရမည်သာ။