ကိုဖုန်းမော်နဲ့ ၈ လေးလုံးကာလ ကျဆုံးသူများ အတွက် စဉ်းစားပေးကြပါ

ထက်အောင်ကျော်

This article has been converted from Zawgyi One to Unicode

မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း သို့မဟုတ် လက်ရှိနိုင်ငံရေး အပြောင်းလဲ တွေကို စတင်ပေးခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံ မွေးဖွားခြင်း ၂၆ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။

ရာစုနှစ် ၄ ပုံ ၁ ပုံ တောင်ကျော်လာပြီ ဖြစ်တဲ့အတွက် ဒါကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားသူတွေ ရှိနိုင်သလို ဒါကို မမေ့သင့် ဘူး၊ ဒါဟာ ဒီမိုကရေစီရေး အတွက် ပထမဆုံး အသက်ပေးသွားသူ ကျောင်းသားတွေရဲ့ သမိုင်း ဖြစ်တယ်လို့ ပြောနေသူ တွေလည်း အများကြီး ရှိနေပါတယ်။

ဒါပေမယ့် ခက်နေတာက ဒီနေ့ မြန်မာ့နိုင်ငံရေး လောကမှာ ဒီလိုပြောနေသူတွေပဲ များများလာနေပြီး လက်တွေ့လုပ်သူ နည်း နည်း လာနေသလား၊ တနည်းအားဖြင့် အစည်းဝေးတွေ လုပ်၊ ဆုံးဖြတ်ချက်တွေ ချတာပဲ များများလာ နေပြီး အဲဒီ ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို လက်တွေ့ အကောင်ထည်ဖော်မှုအပိုင်းမှာ တဖြည်းဖြည်း အားနည်းလာနေသလားလို့ စဉ်းစားစရာ ဖြစ်လာနေပါတယ်။

ဘာကြောင့်လဲဆိုရင် မနက်ဖြန်ကျရောက်မယ့် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကျဆုံးခြင်း နှစ်ပတ်လည်နေ့မှာ အရင်နှစ်တွေက အတိုင်း ဆွမ်းသွပ်အမျှဝေတာ၊ နိုင်ငံရေးဟောပြောပွဲ လုပ်တာထက်ပိုပြီး ဘာမှတိုးလုပ်ဖွယ် မမြင်ရသေးတာကြောင့်ပါ။

“လက်ရှိ နိုင်ငံရေး အခင်းအကျင်းက ဒီထက်ပိုပြီး မလုပ်သင့်သေးဘူး”လို့ ဆင်ခြေ ပေးကြမလား။ “ပစ်ခတ်မှု အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုရင် လက်ရှိ ရထားတဲ့ ပူးတွဲ နိုင်ငံရေး လုပ်ငန်းစဉ်တွေ နောက်ပြန်ဆုတ် သွားမှာပေါ့”လို့ စောဒက တက်ကြလေမလား။

ပစ်ခတ်မှု အတွက် တာဝန်ရှိသူတွေကို စုံစမ်း အရေးယူဖို့ မလုပ်နိုင်သေးရင်တောင်၊ နောက်ပြန်ဆုတ်သွားမှာ စိုးလို့ အစိုးရဘက် က ငြိုငြင်နိုင်တဲ့ စကားလုံးတွေကို မသုံးချင် သေးရင်တောင် ဆွမ်းသွပ်အမျှဝေတာ ထက်ပိုတဲ့၊ ၈ လေးလုံး အရေးတော်ပုံမှာ ပထမဆုံး ကျဆုံးသွားသူ တဦးကို ဂုဏ်ပြုတဲ့ အနေနဲ့ အမှတ်တရ အုတ်ဂူတခု လုပ်မယ်၊ ကျဆုံး သွားသူတွေရဲ့ စာရင်းတွေကို အသေချာ ကောက်ယူမယ် ဆိုရင်ကော အစိုးရဘက်က စိတ်ကောက်သွားမယ် ထင်ပါသလား။

ဒီလို လုပ်ဖို့ အတွက် အစိုးရဆီမှာ ခွင့်ပြုချက် တောင်းဖို့ လိုနေသေးလို့လား။ မြေနေရာနဲ့ အုတ်ဂူအတွက် ကုန်ကျမယ့် စရိတ်ကို လှူတန်းမယ့် သူ မရှိသေးလို့ လား။ ဒါမှမဟုတ် ဒီမိုကရေစီ အင်အားစုတွေ ဖြစ်တဲ့၊ အထူးသဖြင့် ၈၈ မျိုးဆက်တွေ ကိုယ်တိုင်က ဒါမျိုးတခုခု ရှေ့တိုးပြီး လုပ်လိုက်ရင် အစိုးရဘက်က ငြိုငြင်သွားမှာကို စိုးရိမ်လို့ သင့်တော်တဲ့ အချိန်ကာလတခု အထိ စောင့်နေ ရတာမျိုး လား။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ၈ လေးလုံး ငွေရတု အခမ်းအနားက ဆုံးဖြတ်ချက်တွေထဲမှာ ကိုဖုန်းမော် နဲ့ ကျဆုံးသွားသူ အာဇာနည်တွေ အတွက် ဘာတွေလုပ်ပေးဖို့ ပါသလဲ ဆိုတာကို လေ့လာ ကြည့်ရအောင်ပါ။

“သူတို့ အတွက် တတ်နိုင်သမျှ အင်အားစုတွေ စုပြီး အမျှအတမ်း ဝေပါ့မယ်၊ အဲဒီမှာ တကယ်လို့ လိုအပ်ချက်တွေ ရှိနေရင် ကျဆုံးခဲ့တဲ့ လူတွေရဲ့စာရင်းကို ဝိုင်းပြုစုပေးဖို့ မေတ္တာရပ်ခံ ပါတယ်၊ ဒီပွဲက အတိတ်မှာ ပြည်သူတွေ ဘယ်လို ဆုံးပါးခဲ့ရသလဲ၊ ဘယ်လို ပေးဆပ်ခဲ့ရသလဲ၊ ၈ လေးလုံးကို ဝိုးတဝါးဖြစ်နေတဲ့၊ အသေအချာ မသိသေးတဲ့ နောင်မျိုးဆက်တွေ အတွက်ပါ”လို့ ကိုမင်းကိုနိုင်က အဖွင့် မိန့်ခွန်းမှာ ထည့်ပြော သွားပါတယ်။

ဒါပေမယ့် ၃ ရက်တာ အစည်းဝေးပြီးလို့ ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်တွေထဲမှာတော့ နိုင်ငံရေး လုပ်ငန်းစဉ် ၃ ခုကိုပဲ တွေ့ရပြီး ကျဆုံးစာရင်း ဘယ်လို ကောက်ယူမယ်၊ ၈ လေးလုံး သမိုင်းကို ဘယ်လို မှတ်တမ်းတင် ထိန်းသိမ်းမယ် ဆိုတာမျိုး မတွေ့မိပါ။

အရေးကြီးတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက် ၃ ခု ကတော့ –

၁။ တန်းတူညီမျှမှု ရှိသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ရန်။

၂။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အထက် ဖော်ပြပါ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုနဲ့ မကိုက်ညီတဲ့ အတွက် ပြန်ပြင် တာ သို့မဟုတ် အသစ်ပြန်ရေးတာ လုပ်ဆောင်ရန်။

၃။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်လာအောင် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်သော၊ အမျိုးသား အင်အားစု အားလုံး ပါဝင်သော ညီလာခံတရပ်ကို ကျင်းပရန်”တို့ ဖြစ်ပါတယ်။

အဲဒါ လွန်ခဲ့တဲ့ ၇ လ၊ ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ၈ လေးလုံး ငွေရတုအခမ်းအနားက နိုင်ငံရေး ကြေ ညာချက်ပါ။

အစည်းဝေး ဆုံးဖြတ်ချက်ထဲမှာ မပါလို့ ကျဆုံးစာရင်း အခုအထိ မကောက်ဖြစ်သေးဘူး ဆိုရင် အဲဒီ နိုင်ငံရေး ဆုံးဖြတ်ချက် ၃ ခု ကိုကော အကောင်ထည် ဖော်ဖြစ်ပါရဲ့လား။

သတင်းတွေထဲမှာ တွေ့မိသလောက်ကတော့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ “ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု ကြေညာစာတမ်း အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး” ကို တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ရာ နိုင်ငံရေး အခြေပြု အဖွဲ့အစည်း ၁၂၀ ကျော်က ကိုယ်စားလှယ် ၁၈၀ ကျော် တက်ရောက်ခဲ့ကြကြောင်းသာ တွေ့ရပြီး ဘာတွေကို ဘယ်အချိန်မှာ ဘယ်လို ဆက် လုပ်မယ်ဆိုတဲ့ တိကျတဲ့ လုပ်ငန်းစဉ် ဆုံးဖြတ်ချက်ရယ်လို့ မတွေ့မိပါ။

ထားပါတော့။ ဒါက အင်အားစု အားလုံး ပါဝင်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ် ဆိုတော့ ၆ လ အတွင်း၊ ၁ နှစ် အတွင်း အပြီး ဆောင်ရွက်ဖို့ ခက်ကောင်း ခက်နေနိုင်ပါတယ်။ ဒါဖြင့် ၈ လေးလုံး အရေးတော်ပုံ အတွင်း ကျဆုံး သွားသူတွေရဲ့ စာရင်း ကောက် ယူမှုက အခု ဘယ်အခြေနေမှာ ရှိနေသလဲ။ ၈ လေးလုံး ငွေရတု အခမ်းအနားအပြီးမှာ ဒီလို ကောက်ယူမယ် လို့ အသံတွေ ကြား ခဲ့ရပေမယ့် အခုအချိန်ထိ တိကျတဲ့ လုပ်ငန်းစဉ် မကြားရသေးပါ။

ဒါပေမယ့် ၈၈ ကျောင်းသား ကိုယ်စားလှယ်တွေ နော်ဝေး ရွေးကောက်ပွဲကို လေ့လာဖို့ ၂၀၁၃ ခုနှစ် စက်တင်ဘာ က အော်စလို မြို့ ဆီ ရောက်လာစဉ် “၈ လေးလုံး ပြတိုက်ကြီးတခု ရန်ကုန်မှာ မကြာခင် ဖွင့်လှစ်သွားမယ်”လို့ ပြောကြားခဲ့ပါတယ်။

“၈ လေးလုံး ကာလက အနယ်နယ်အရပ်ရပ်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ ရှိပါတယ်၊ ပြတိုက်မှာ ပြသဖို့ တပြည်လုံးက မှတ် တမ်း မှတ်ရာတွေ တင်မက၊ ကျဆုံးသူတွေရဲ့ စာရင်းကောက်ရမယ်၊ ဒီလို စာရင်းကောက်ရင်းက အနယ်နယ် အရပ်ရပ်က အင် အားစုတွေနဲ့ ကျနော်တို့ ပြန်လည် ချိတ်ဆက်နိုင်လိမ့်မယ်၊ ပြီးတော့ နယ်စပ်ဒေသနဲ့ ပြည်ပမှာ လှုပ်ရှားခဲ့တဲ့ မှတ်တမ်းမှတ်ရာနဲ့ ဒီမိုကရေစီ လှုပ်ရှားမှု မှတ်တမ်းတွေကိုပါ စုစည်း ဖော်ပြကြမှာ ဖြစ်တယ်”လို့ ခေါင်းဆောင်တဦး ဖြစ်သူ ကိုမြအေးက ပြောဆိုခဲ့ ပါတယ်။

အဲဒါ လွန်ခဲ့တဲ့ ၆ လ၊ ၂၀၁၃ စက်တင်ဘာတုန်းက ပါ။ ဒါပေမယ့် အခုအချိန်ထိတော့ “ရန်ကုန်မှာ ၈ လေးလုံးပြခန်း ဖွင့်ပြီ၊ ၈ လေးလုံး အရေးတော်ပုံ အတွင်း ကျဆုံးသွားသူတွေရဲ့ စာရင်းတွေ ကောက်ယူနေပြီ” ဆိုတဲ့ သတင်းမျိုး မကြားမိသေးပါ။ လော လောဆယ်တော့ ၈၈ အဖွဲ့ အပါဝင် နိုင်ငံရေးသမား အားလုံးနီးပါးဟာ အစိုးရက ဦးစီးတဲ့ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ အလုပ်များ နေကြတာကိုသာ တွေ့နေရပါတယ်။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ၈ လေးလုံး အရေးတော်ပုံကို လက်နက်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့တဲ့ စစ်အစိုးရနဲ့ စစ်တပ် တာဝန်ရှိသူတွေကို အရေးယူ ဖော်ထုတ်ရေး ကိစ္စ ခဏမေ့ထားပါဦး။ ဒီမိုကရေစီ အင်အားစုတွေဘက်က ကိုယ့်ဘာသာ လုပ်နိုင်တာတွေကိုပဲ အရင် ဦးစားပေး စဉ်းစားကြည့်ရအောင်ပါ။

ရှေ့မှာ တင်ပြခဲ့တဲ့ ကိုဖုန်းမော်က အစပြုပြီး ၈ လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးခဲ့သမျှ ရဲဘော်တွေရဲ့ စာရင်းကို ကောက် ယူဖို့ ၆ လကျော် ကြာတဲ့အထိ ဘာကြောင့်မလုပ်နိုင်ကြ သေးတာလဲ။ ၈ လေးလုံး သမိုင်းပြတိုက် အချိန်မီ ဖွင့်ဖို့ အတွက်ကော ဘာတွေအခက်ခဲ ရှိနေလဲ။

စာရင်းကောက်ရေး၊ ပြတိုက်ဖွင့်ရေး အတွက် လူ ၁၀၀ ကျော် ပါတဲ့ စုံညီအစည်းဝေး ထပ်လုပ်ရဦးမှာလား။ နောက်ထပ် ၆ လ ထပ် စောင့်ရဦးမှာလား။ ၈ လေးလုံး ၂၆ နှစ်ရောက်တဲ့အထိ စာရင်း ကောက်နိုင်ပါ့ မလား။ ပြတိုက်ဖွင့်နိုင်ပါ့ မလား။

အနည်းဆုံး အားဖြင့်တော့ ကိုဖုန်းမော်ကျဆုံးတဲ့ ၂၆ နှစ်ပြည့်နေ့မှာ ဒီကိစ္စတွေကို ဒီမိုကရေစီ လိုလားသူ အားလုံး၊ ၈ လေးလုံး မျိုးဆက်အားလုံး အသေချာ ဆွေးနွေးသုံးသပ်ဖို့ မဖြစ်မနေလိုအပ်နေပြီ ဖြစ်ပါကြောင်း အလေးအနက် တင်ပြလိုက်ရပါတယ်။     ။

Loading