အခွန်ပညာရှင်တဦးဖြစ်သူ ဦးဟန်ထွန်းသည် ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ဒုတိယ ညွှန်ကြားရေးမှုးအဖြစ် လုပ်သက် နှစ် ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ယခုအခါ အခွန်ဆိုင်ရာ ဆောင်းပါးများ၊ စီးပွားရေးဆိုင်ရာ ဆောင်းပါးများကို မြန်မာစာနယ်ဇင်းများတွင် ပုံမှန်ရေးသားနေသူလည်း ဖြစ်သည်။ မကြာမီက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့သော ဝင်ငွေခွန်နှင့် ကုန်သွယ်စီးပွားခွန်ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် သစ်နေမိုးက ဦးဟန်ထွန်းကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဧရာဝတီ။ ။ အခု အခွန်ဥပဒေကို လွှတ်တော်မှာ အတည်ပြုတယ်ပေါ့၊ ဝင်ငွေခွန်ဥပဒေမှာဆိုရင် တနှစ်ဝင်ငွေ သိန်း ၂၀ နဲ့ ၅၀ ကြားဝင်တဲ့သူက ၅ ရာခိုင်နှုန်း ပေးဆောင်ရတယ်။ သိန်း ၅၀ နဲ့ သိန်း ၁၀၀ ကြားဆို ၁၀ ရာခိုင်နှုန်းပေါ့။ တိုးတိုးသွားပြီး အများဆုံးပမာဏက သိန်း ၃၀၀ အထက်ဆိုရင် ၂၅ ရာခိုင်နှုန်းနဲ့ အဆုံးသတ်ပါတယ်။ ဒီနှုန်းထားတွေက အခွန်ထမ်းပြည်သူတွေနဲ့ နိုင်ငံအတွက် အဆင်ပြေတဲ့နှုန်းထားလို့ ပြောလို့ရမလား။
ဦးဟန်ထွန်း ။ ။ အခု သတ်မှတ်လိုက်တဲ့ နှုန်းထားတွေက လျှော့ပြီး သတ်မှတ်ပေးလိုက်တာပေါ့။ နှုန်းတွေကို လျှော့လိုက်တာမို့ အခွန်သက်သာသွားတာပေါ့။ ကျနော် သိသလောက် အခြားအိမ်နီးချင်းနိုင်ငံတွေမှာ ဒီနှုန်းတွေထက်များတယ်။ ဒီဟာကတော့ မြန်မာနိုင်ငံမှာ အခွန်စည်းကြပ်ခဲ့တဲ့နှုန်းတွေထဲမှာ အနိမ့်ဆုံးပဲ။ အခုကြည့်လိုက်ရင် အမြင့်ဆုံးကျသင့်တဲ့ ဝင်ငွေခွန်က ၂၅ရာခိုင်နှုန်းပေါ့။ ဟိုတုန်းကဆိုရင် အမြင့်ဆုံး ဝင်ငွေခွန်ဟာ ၃၀ ရာခိုင်နှုန်းထိရှိတယ်။ ၃၅ ရာခိုင်နှုန်းလည်း ရှိခဲ့ဖူးတယ်။ ၁၉၇၄ခုနှစ် အမြတ်ခွန်ဥပဒေတုန်းကဆိုရင် ၅၀ ရာခိုင်နှုန်းထိရှိတယ်။ လက်ရှိ နှုန်းတွေကတော့ မြန်မာနိုင်ငံရဲ့အခွန်သမိုင်းမှာ အနိမ့်ဆုံးနှုန်းတွေ ဖြစ်တယ်။ ဝင်ငွေခွန်မှာက လစာဝင်ငွေ ပါမယ်။ စီးပွားရေးလုပ်ငန်း ပါမယ်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပါမယ်ပေါ့။ ရှေ့နေတို့၊ ဆရာဝန်တို့၊ ကျူတာတို့ပေါ့။ ဒီလိုပုဂ္ဂိုလ်တွေအတွက်ကတော့ သူတို့ရဲ့ဝင်ငွေအပေါ်မှာ စည်းကြပ်တဲ့ဟာပေါ့။ ဘာပဲပြောပြော လက်ရှိအခွန်တွေကတော့ အနည်းဆုံးလျှော့ချထားတာပါပဲ။
ဧရာဝတီ။ ။ အချို့ကုမ္ပဏီတွေမှာ ဒါရိုက်တာတွေကလည်း လစာရတာရှိမယ်၊ သူကပိုင်ရှင်လည်းဖြစ်တဲ့အတွက် အမြတ်ငွေလည်းရတယ်။ ဒီတော့ အမြတ်ငွေရော၊ လစာရော ရတဲ့ အခြေအနေပေါ့။ ဒါကို အခွန်စည်းကြပ်တော့ ဘယ်လိုပုံစံနဲ့လဲ။
ဦးဟန်ထွန်း ။ ။ အရင်ကတော့ ကုမ္ပဏီဆိုရင် ၃၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့တာ၊ ဒါရိုက်တာကြေးပေးတဲ့ အပေါ်မှာတော့ သူ့ရဲ့လစာအပေါ်မှာ ဝင်ငွေခွန်အတိုင်း စည်းကြပ်မှာပေါ့။ ကုမ္ပဏီကရတဲ့ အမြတ်အပေါ်မှာတော့ ကုမ္ပဏီဝင်ငွေခွန် စည်းကြပ်မှာပေါ့။ ကုမ္ပဏီရဲ့အမြတ်အပေါ် စည်းကြပ်ပြီး ဖြစ်တဲ့အတွက် သူရဲ့ရှယ်ယာခွဲပေးတဲ့ အမြတ်ဝေစုအပေါ်မှာတော့ အခွန်မစည်းကြပ်ရတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကုမ္ပဏီတခုလုံးအပေါ်မှာ စည်းကြပ်ပြီးဖြစ်သွားလို့ပါ။
ဧရာဝတီ။ ။ လက်ရှိ ကုန်သွယ်လုပ်ငန်းခွန်မှာ ဝန်ဆောင်မှုလုပ်ငန်းတွေ အကုန်လုံးကို ၅ ရာခိုင်နှုန်းကောက်မယ်ဆိုတာက ရတဲ့ဝင်ငွေအပေါ် ဆောင်ရမှာလား၊ အမြတ်ငွေအပေါ် ဆောင်ရမှာလား။
ဦးဟန်ထွန်း ။ ။ ဝင်ငွေခွန်ဆိုတာကတော့ လစာရတဲ့ နှုန်းထားရယ်၊ နောက်တခါ ကျန်တဲ့လုပ်ငန်းတွေ ကြည့်မယ်ဆိုရင် လုပ်ငန်းရဲ့အကျိုးအမြတ် ဝင်ငွေအပေါ်ကောက်တဲ့အခွန်က ဝင်ငွေခွန်ခေါ်တာပေါ့။ ကုန်သွယ်လုပ်ငန်းခွန်ဆိုတာက အသားတင်ဝင်ငွေအပေါ်မှာ ကောက်တာမဟုတ်ဘူး၊ စုစုပေါင်း ရငွေပေါ့၊ သူ့ရဲ့ကုန်ကျစရိတ်တွေ ဘာတွေ မနုတ်သေးဘူး၊ ရောင်းရင် ရောင်းလို့ရတဲ့ငွေတွေ အားလုံးပေါ့၊ ဝန်ဆောင်မှုလုပ်တယ်ဆို ဝန်ဆောင်ခ ရငွေတွေ အားလုံးအပေါ်မှာ ၅ ရာခိုင်နှုန်း စည်းကြပ်ဖို့ပါ့။
ဧရာဝတီ။ ။ ဒါဆိုရင် ကုန်သွယ်လုပ်ငန်းခွန်က အရှုံးအမြတ်နဲ့တော့ မဆိုင်ဘူး၊ ရသမျှ ဝင်ငွေအားလုံးအပေါ် စည်းကြပ်တယ်လို့ ပြောရမှာပေါ့။
ဦးဟန်ထွန်း ။ ။ ဟုတ်ပါတယ်၊ နောက်တမျိုးပြောမယ်ဆိုရင် ဒီအခွန်နှစ်မျိုးမှာ ဝင်ငွေခွန်က တိုက်ရိုက်ခွန်ဖြစ်တယ်။ ဝင်ငွေရရှိတဲ့သူက ပေးဆောင်ရလို့ တိုက်ရိုက်ခွန်လို့ခေါ်တာပါ။ ကုန်သွယ်လုပ်ငန်းခွန်ဆိုတာကတော့ သွယ်ဝိုက်ခွန်ပေါ့။ ဘာလို့ သွယ်ဝိုက်ခွန်ခေါ်လည်းဆိုရင် ဥပမာ ဟိုတယ် အခန်းငှားခ ရငွေအပေါ်မှာ အခွန်ထည့်တွက်ပြီး လုပ်ငန်းပိုင်ရှင်က ရထားတဲ့ငွေ၊ အခွန်ပါဝင်ပြီးသား ရငွေရှိမယ်။ အဲ့ဒီရငွေအပေါ်မှာ စည်းကြပ်တဲ့အခွန်။ ဟိုတုန်းက ၁၀ ရာခိုင်နှုန်းပေါ့။ တည်းခိုခကို ဒေါ်လာ ၁၀၀ ယူမယ်ဆို အခွန်က ၁၀ ရာခိုင်နှုန်းပါပြီးသားဖြစ်တာမို့ ၁၁၀ တောင်းတယ်ပေါ့။ ၁၁၀ တောင်းတဲ့အတွက် ၁၀၀က သူယူမယ်၊ ၁၀ ကအခွန်ပါပြီးသား။
ဧရာဝတီ။ ။ ကုန်သွယ်လုပ်ငန်းခွန်က စားသုံးသူ အပေါ်ပဲ ပြန်ပြီး ဖြတ်ယူတဲ့ အခွန်ပဲ ဖြစ်နေတာပေါ့။
ဦးဟန်ထွန်း ။ ။ ဟုတ်ပါတယ်၊ ဒါကြောင့်လည်း သွယ်ဝိုက်ခွန်လို့ ပြောတာပါ။
ဧရာဝတီ။ ။ နောက် ဝန်ဆောင်မှုလုပ်ငန်းတွေ အခွန် ၅ ရာခိုင်နှုန်း စည်းကြပ်တယ်ဆိုတဲ့အပိုင်းမှာ လုပ်ငန်းအကြီး အသေးကွာဟမှုနဲ့ မဆိုင်ပဲ တန်းတူကောက်တဲ့ဟာက လုပ်ငန်းသေးလေးတွေအတွက် မျှတမှုရှိရဲ့လား။
ဦးဟန်ထွန်း ။ ။ စားသောက်ဆိုင်တွေမှာ အသေးစားလုပ်ငန်းလေးတွေ ရှိတယ် ဆိုင်ကြီးတွေရှိတယ်။ စားသောက်ဆိုင်ကြီးတွေကို အရင်က ၁၀ အခု ၅ ရာခိုင်နှုန်းစည်းကြပ်သော်လည်း ဆိုင်သေးလေးတွေကြတော့ တလရောင်းရငွေ ဘယ်လောက်ဆိုရင် ပုံသေနှုန်းနဲ့ ဆောင်ရမယ်ဆိုတာ သတ်မှတ်တာရှိမယ်။ ဒါကို ဝန်ကြီးဌာနက ထုတ်ပြန်မှာပါ။ မစည်းကြပ်ထိုက်တဲ့ ရောင်းရငွေ ပြဌာန်းချက်ဆိုတာ ဥပဒေမှာ ပါရပါတယ်။
ဧရာဝတီ။ ။ နောက်တခုက ကုန်သွယ်လုပ်ငန်းခွန်မှာ စီးကရက်ကို ၁၀၀ ရာခိုင်နှုန်း တင်ထားပေမယ့် အရက်၊ ဘီယာ၊ ဆေးရွက်ကြီးကို ၅၀ ရာခိုင်နှုန်း ကောက်တယ်။ အရက်ဈေးနှုန်းတွေ အရမ်းချိုသာတာရယ်၊ များပြားလာတာရယ်နဲ့အတူ သောက်သုံးမှုတွေအရှိန်မြင့်လာတာမို့ ကျန်းမာရေးရှုထောင့်ကကြည့်ရင် နိုင်ငံအတွက် လုံးဝမကောင်းဘူးပေါ့။ ဒါကလည်း ဒီပစ္စည်းတွေအပေါ်မှာ အခွန်စည်းကြပ်မှု စနစ်နဲ့ များစွာဆိုင်နေတာတွေ့ရပါတယ်။ ဒီလိုမျိုးအပိုင်းမှာ အခွန်ကဏ္ဍကနေပြီး တိုးပြီး စည်းကြပ်တာမျိုး ဒါမှမဟုတ် အခြားဘယ်လိုအကြောင်းမျိုးနဲ့ ထိန်းချုပ်နိုင်မယ်လို့ မြင်ပါသလဲ။
ဦးဟန်ထွန်း ။ ။ ဒီအထူးအခွန်တွေထဲမှာပါတဲ့ အရက်တို့ ဆေးရွက်ကြီးတို့ ဆေးလိပ်တို့ကျ ဒုစရိုက်ကုန်စည်လို့ ခေါ်တာပေါ့။ နောက်တခါ ကျောက်စိမ်းတို့ကျတော့ ဇိမ်ခံကုန်စည်ပေါ့။ ဒါတွေကို အထူးကုန်စည်အနေနဲ့သတ်မှတ်ပြီး အခွန်စည်းကြပ်တယ်။ အမှန်တကယ်က ဒီကိစ္စမှာ နည်းနည်းရှုပ်တယ်။ အစောကပြောတဲ့ စီးကရက် အရက်တွေဟာ ယစ်မျိုးခွန်ဥပဒေအရ ထိန်းချုပ်ခဲ့တဲ့ပစ္စည်းတွေ ဖြစ်တယ်။ ဒီဥပဒေဟာ ဒီနေ့အထိတော့ ဖျက်သိမ်းတယ်ဆိုတာ မရှိသေးဘူး။ ဗမာပြည်မှာဖြစ်နေတဲ့ လစ်ဟာချက်ကြီးက ဘယ်လိုဖြစ်သလဲဆိုတော့ ယစ်မျိုးခွန်ဥပဒေကို မဖျက်သိမ်းသေးဘူး။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပြဌာန်းခဲ့တဲ့ ၁၉၈၉-၉၀ လောက်က စပြီးတော့ ယစ်မျိုးပစ္စည်းတွေအပေါ် ယစ်မျိုးခွန်မကောက်တော့ပဲနဲ့ ကုန်သွယ်လုပ်ငန်းခွန်အနေနဲ့ ကောက်တယ်။ ဒီလိုပြောင်းလဲကောက်ခံလိုက်တဲ့အခါ ယစ်မျိုးဥပဒေက အသက်မဝင်တော့ဘူးပေါ့။ ပြဿနာက ဒီကုန်စည်ဟာ ရိုးရိုးကုန်စည်မဟုတ်ဘူး၊ ကျန်းမာရေးနဲ့ စီးပွားရေးကို ထိခိုက်နိုင်တဲ့ မကောင်းမှု ပြုစေတဲ့ ကုန်စည်တွေ ဖြစ်တယ်။ နောက်မသုံးနိုင်လည်း ဘာမှမဖြစ်တဲ့ ကုန်စည်ပေါ့။ အရင်က ယစ်မျိုးဥဒေအရ ဆိုရင် အရက်ချက်စက်ရုံ ဆေးလိပ်စက်ရုံတွေမှာ ယစ်မျိုးအရာရှိတယောက် စက်ရုံတိုင်းမှာ ထားရတယ်။ ထားပြီး စက်ရုံထဲက အပြင်ထုတ်သမျှဟာတွေ အကုန် သူသိရတယ်။ အပြင်ခိုးထုတ်မရအောင် လုပ်ထားတာ။ ဂိုဒေါင်ရုံသော့ကိုတောင် နှစ်ချက်ခတ်ရတယ်။ အရာရှိသော့တလုံးနဲ့ စက်ရုံသက်ဆိုင်ရာ တာဝန်ရှိတဲ့မန်နေဂျာ သော့တလုံးပေါ့။ နှစ်လုံးလုံးဖွင့်မှ ဒီတံခါးကဖွင့်လို့ရတယ်။ ဒီထဲက ပုလင်း ၁၀၀ ထုတ်မယ်ဆိုရင် သူ့ရှေ့မှာပဲထုတ်ရတာ။ သယ်ဆောင်ခွင့်လက်မှတ်ကို ၁၀၀ ထုတ်မယ်ဆို ၁၀၀ ထုတ်ပေးရတယ်။ အဲ့လို တိတိကျကျသွားတယ်။ ဒီဥပဒေမှာတော့ အဲ့လောက် စည်းကြပ်ကောက်ခံနိုင်တဲ့ အနေအထား မရှိဘူး။ အရက် ပေါတယ်ဆိုတာ ဒါကြောင့်လည်း ပါတယ်။ အခု အရက်ပုလင်းတွေမှာ အခွန်တံဆိပ်ကလေး ပါတယ်ပေါ့။ ဒီတံဆိပ်လေးတွေက ရှင်းရှင်ပြောရရင် အတုအပလုပ်ဖို့လည်း မခက်ဘူး။ အဟောင်းကို ပြန်သုံးဖို့လည်း လွယ်တယ်။ ထုတ်လို့ရတယ်။
ဧရာဝတီ။ ။ ယစ်မျိုးခွန်ဥပဒေ စည်းကြပ်တုန်းက စည်းကြပ်ခဲ့တဲ့အခွန်ပမာဏနဲ့ အခုစည်းကြပ်တဲ့ပမာဏနဲ့ဆိုရင် ဒီဒုစရိုက်ကုန်စည်တွေမှာ ဘယ်ဟာက ပမာဏ များခဲ့သလဲဗျ။
ဦးဟန်ထွန်း ။ ။ ဒါက နှစ်ပိုင်းရှိတယ်။ အခုကောက်တဲ့ ၅၀ တို့ ၁၀၀ တို့ကို မပြောတော့နဲ့။ ယစ်မျိုးအခွန်ကောက်တယ်ဆိုတဲ့ အပိုင်းမှာ သူ့ရဲ့ မူဝါဒ ရှိခဲ့တယ်။ အဲဒါက ဘာလဲဆိုရင် သောက်သုံးမှု နည်းရမယ်၊ အခွန်များများ ရရမယ်ဆိုတာပေါ့။ အခု အရက်တွေကို ကောက်တာ နည်းတယ် များတယ် ပြောတာထက်စာရင် အရင်ပြောတဲ့ ယစ်မျိုးမူဝါဒနဲ့တော့ လွဲချော်နေတယ်။ ဘယ်လိုလွဲချော်လဲဆိုတော့ သောက်သုံးမှုနည်းအောင်ရယ် အခွန်ရငွေများအောင်ရယ်ဆိုတာမှာ သောက်သုံးမှုက မနည်းဘူး၊ ဈေးချိုလို့ပေါ့။ အခုဟာ အားလုံး ဖောဖောသီသီ သောက်နေတယ်၊ ဒါက အခွန်နည်းလို့ပေါ့။ နောက် အခွန်မစည်းကြပ်နိုင်လို့ရယ် အခွန်ရှောင်တိမ်းလို့ ရလို့ရယ်ပေါ့။ အခွန်များလို့ ဈေးမြင့်ရင် လူတိုင်း မသောက်နိုင်ဘူး။ သောက်နိုင်သူ အများစုကလည်း ဈေးကြီးရင် တပုလင်းပဲ သောက်မယ်၊ ဈေးချိုတယ်ဆိုရင် များသောက်မှာပေါ့။ အခွန်အနေအထားတွေ များများကောက်ဖို့ဆိုတဲ့အပိုင်း လွှတ်တော်မှာ ပြောတာရှိပါတယ်၊ အဲ့ဒါလည်း ရှုံးတယ်ပေါ့၊၊
ကနေ့ ဗမာပြည်မှာ အရက်ဘီယာလုပ်ငန်းကို အကြီးအကြယ်လုပ်နေတဲ့ စီးပွားရေးအဖွဲ့အစည်းဟာ တကယ့်အင်အားကြီးမားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျောထောက်နောက်ခံကလည်း အာဏာ အရှိဆုံးလူတွေပေါ့။ အဲ့ဒါကိုများ အကာအကွယ်ပေးနေသလားလို့ ထင်တယ်ပေါ့။ လွန်ခဲ့တဲ့ သုံးလလောက်က ဩစတြေးလျ တက္ကသိုလ် တခုက သုတေသန စာတမ်းတစောင် ထွက်လာတယ်။ အရှေ့တောင်အာရှဟာ အရက်ဈေးကွက် အလွန် အလားအလာကောင်းတဲ့ ဈေးကွက်ကြီး ဖြစ်လာဖို့ရှိတယ်လို့ ပါတယ်။ Asian Economic Community ပေါ်လာတာနဲ့အမျှ ဒီဟာက အလျှင်အမြန် ကြီးထွားလာနိုင်တယ်လို့ပြောတာ။ ဒါအတွက် ဗမာပြည်မှာ ဘာတွေ ပြင်ဆင်ထားပြီးလဲဆိုတာ အရေးကြီးတယ်။ အခုအရက်တွေ ထုတ်နေတယ်။ စက်ရုံက တကယ်တန်း ထုတ်လုပ်မှု ဘယ်လောက်ရှိသလဲဆိုတာကို ဘယ်သူမှ မသိဘူး။ အစောက ယစ်မျိုးဥပဒေ မရှိတော့တဲ့အတွက် မသိတာ။
ဧရာဝတီ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ မနှစ်က ဘတ်ဂျတ်စာရင်းမှာ ရငွေစာရင်းအရ အခွန်အကောက်ကရတဲ့ ငွေက စုစုပေါင်းရငွေရဲ့ ၁၉.၇၄ ရာခိုင်နှုန်းပဲ တွေ့ရပါတယ်။ ဒီတော့ အရမ်းကို နည်းတယ်လို့ ပြောရမယ့်အခြေအနေပါ။ အရင်တုန်းက အခွန်ကနေ နိုင်ငံတော်ရငွေအပေါ် ဘယ်လောက် ပမာဏထိ အထောက်အကူပေးနိုင်ခဲ့ပါသလဲ။
ဦးဟန်ထွန်း ။ ။ ဒီပမာဏက အရမ်းနည်းပါတယ်။ အရင်တုန်းကတော့ ဗဟိုစာရင်းအဖွဲ့ဆိုတာ ရှိတယ်။ ဒီအဖွဲ့က သုံးလတကြိမ် Quarterly Indicator ဆိုပြီး ထုတ်တယ်။ အခွန်ရငွေက ဘယ်လောက် အစိုးရ ရငွေ ဘယ်လောက်တွေ ပါတယ်။ လေ့လာချင်တဲ့သူတွေက ဒီစာအုပ်တွေအရ တွက်ချက်လို့ ရတယ်။ ၂၀၀၀ လောက်က စပြီး ဒါတွေမထွက်တော့ဘူး။ သတင်းစာတွေမှာလည်း မထုတ်ပြန်တော့ပဲ ထားတယ်။ ဒီတော့ ရာခိုင်နှုန်းကို ပြောဖို့တော့ခက်တယ်။ အရင် အဲ့ဒီစာအုပ်ထွက်တဲ့အချိန် တွက်ကြည့်ဖူးတာတော့ ၅၀ ရာခိုင်နှုန်း အထက်မှာရှိတယ်။ အခွန်က ရှာဖွေပေးတာပေါ့။ ၁၉၉၀ ပတ်ဝန်းကျင် ဈေးကွက်စီးပွားရေးစနစ် စတင်ကာစအချိန်ပေါ့။ အဲ့ဒီအချိန်ဟာ အခွန်ရငွေက ရာနှုန်းများခဲ့တယ်။
ရှင်းရှင်းပြောရရင် အခု ၁၉ ရာခိုင်နှုန်းကျော်ရှိတာတောင် ကံကောင်းလို့ပေါ့။ ဘာကြောင့်လဲဆိုရင် ကနေ့ ဘတ်ဂျတ်မှာ ဂတ်တွေ ရေနံတွေ ရောင်းရငွေတွေ မထည့်ထားဘူး။ အဲဒါထည့်ရင် အစိုးရရဲ့ရငွေမှာ အခွန်ရငွေ ပါဝင်မှုဟာ ပိုတောင်နည်းသွားဦးမယ်။ ထည့်ထားလို့ရင်လည်း လက်ရှိပေါက်ဈေး ဘယ်လောက်နှုန်းနဲ့ယူပြီး တွက်ထားလည်း မသိရဘူး။ လုံးဝမထည့်ဘဲ နေခဲ့တဲ့နှစ်တွေ ရှိချင်ရှိမှာ၊ တရားဝင်မှမထုတ်ပြန်ခဲ့တာ။
ဧရာဝတီ။ ။ အခွန်နှုန်းထားတွေ လျှော့ချတော့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ပိုတက်လာနိုင်မလား။
ဦးဟန်ထွန်း ။ ။ အခွန်နှုန်းတွေလျှော့တာဟာ သီအိုရီအရပြောမယ်ဆိုရင် စီးပွားရေးဆောင်ရွက်မှုတွေ ပိုမိုသွက်လက်လာမယ်။ အခွန်သက်သာလို့မို့ ရင်းနှီးမြှုပ်နှံသူတွေကလည်း ပိုပြီးလုပ်ငန်းတိုးချဲ့လာမယ်။ ဒါကသီအိုရီ်။ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ ဘာပြန်ကြည့်ရလဲဆိုတော့ ဒီအခွန်တွေလျှော့တာဟာ ၂၀၁၂ မှာလျှော့ခဲ့တယ်။ ဒီလိုလျှော့ခဲ့တဲ့ကာလ အခုနှစ်တွေမှာ တိုင်းပြည်စီးပွားရေး သွက်လက်မှု မြန်ဆန်မှု ဘာဖြစ်လာသလဲ။ အခွန်နှုန်းတွေလျှော့တဲ့အတွက်ကြောင့် အခွန်ထမ်းတွေ ဆောင်ရတဲ့အခွန် ပမာဏလျော့သွားသလား ဆိုတော့ ပမာဏလည်းမလျော့ ကုန်ဈေးနှုန်းတွေကလည်း လျော့သွားတယ် မရှိဘူး။ တက်သွားတာပဲ ရှိတယ်။ စီးပွားရေးသွက်လက်မှုဆိုလည်း ကုန်ဈေးနှုန်းမတက် ငွေဖောင်းပွမှုမဖြစ်ဘူးဆိုတဲ့ အခွန်လျှော့ခြင်းရဲ့ အကျိုးကျေးဇူးတွေ ရရမယ်၊ အဲဒါ မရဘူး။ အခု မဖြစ်လာဘူး။
အခွန်ကို လျှော့တာဟာ အခွန်ဆောင်နိုင်တဲ့သူတွေ ပိုများလာအောင်လို့ပေါ့။ အခွန်ထမ်းဦးရေ ပိုများလာနိုင်တယ်ပေါ့။ ဒါပေမယ့် အခွန်ထမ်းသစ် တိုးတက်လာမှုက အရေအတွက် နည်းတယ်။ ရှိတဲ့ အခွန်ထမ်း အရေအတွက်ပေါ်မှာပဲ ပိနေတယ်။ နိုင်ငံတော်ရဲ့အခွန်လျာ ထားချက်ကလည်း မြင့်နေတဲ့အတွက် အခွန်လျှော့တဲ့အပေါ်မှာ ဘဲစားဘဲချေ ဖြစ်နေတယ်။ အခွန်လျှော့တာနဲ့ အခွန်လျာထားချက် သတ်မှတ်တာနဲ့က ဘဲစားဘဲချေဆိုတော့ အကျိုးမသက်ရောက်ဘူး။
အခွန်လျှော့လိုက်ခြင်းရဲ့ ရည်ရွယ်ချက် ပေါက်မြောက်အောင် အခွန်စည်းကြပ်ကောက်ခံမှုကို သေချာ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။ တဖက်ကလည်း အခွန်လျှော့တာနဲ့ ကာမိအောင် အခွန်လျာထားချက်ကို သင့်သင့်တဲ့ ခန့်မှန်းခြေပဲ လုပ်သင့်တယ်။ ဒါမှပဲ အဆင်ပြေမယ်။
ဧရာဝတီ။ ။ ဘာကြောင့် အခွန်မဆောင်တာတွေ ရှောင်တာတွေ ဖြစ်ရတာလဲ။ ဒါက အခွန်ဦးစီးဌာနရဲ့ အားနက်ချက်ကြောင့်လား။ စနစ်ကြောင့်လား။
ဦးဟန်ထွန်း ။ ။ အခွန်ရှောင်တယ်လို့ တိတိကျကျ ခိုင်ခိုင်မာမာ ပြောဖို့ခက်တယ်။ အခွန်ရှောင်တာတော့ နိုင်ငံတကာမှာလည်း ရှောင်နေကြတာပဲ။ သက်သာအောင် လုပ်နေကြတာပဲ။ အခု ကုမ္ပဏီ တစ်သောင်း စာရင်းထုတ်လိုက်တဲ့ကိစ္စမှာ အကုန်လုံး ရှောင်နေတာ မဟုတ်ဘူး။ အချို့က ကုမ္ပဏီတည်ထောင်သော်လည်း လုပ်ငန်းမလုပ်ကိုင်တာတွေ ရှိတယ်။ အချို့ကုမ္မဏီတွေက စီးပွားရေးလုပ်ငန်းမလုပ်ကိုင်ပဲနဲ့ မှတ်ပုံတင်ကို အကြောင်းပြုပြီး မသမာသော နည်းလမ်းနဲ့ ဝင်ငွေရအောင်ရှာတဲ့ နည်းလမ်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရတယ်။ ဒါကြောင့် သူတို့မှာ တရားဝင် စီးပွားရေးလုပ်ထားတာ မရှိဘူး။ ဒါကြောင့် ဒါတွေကို သီးခြားဖော်ထုတ်မှ ရမယ် ထင်တယ်။
အချို့ကုမ္ပဏီတွေက လုံး၀ အလုပ်မလုပ်ဘူး။ အချို့က တရားမဝင် ထင်သာမြင်သာတွေ မဟုတ်တဲ့အတွက် အခွန်ရုံးကလည်း မသိဘူး။ အခုလို အခွန်ရုံးနဲ့ အဆက်ပြတ်နေတာက အခုမှ မဟုတ်ဘူး။ အရင်ကတည်းက ရှိတာ။ အရင်တုန်းက ကုမ္ပဏီတွေ တနှစ်တခါ သက်တမ်းတိုးတယ်ပေါ့။ အဲလို သက်တမ်းတိုးတိုင်း အခွန်ဆောင်ထားတဲ့ အထောက်အထား ရှိမရှိ၊ စီးပွားရေးလုပ်ငန်း တကယ်လုပ်မလုပ် ကြည့်ပြီးမှ သက်တမ်းတိုးပေးတဲ့ နည်းနဲ့ စိစစ်ခဲ့လို့ရှိရင် ဒီကိစ္စက တော်တော်ကြီးကို နည်းသွားနိုင်တယ်။ အခွန်ဌာနနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းမှု မရှိတာပေါ့။ အဲဒါပြတ်သွားတယ်၊ ဒါက လိုပါတယ်။
နောက်တခါ ကုမ္ပဏီရုံးမှာ အင်အားမရှိဘူး။ ရုံးအကူ လုံလုံလောက်လောက် မရှိဘူး။ စာပို့ဖို့ အခက်အခဲရှိတယ်။ စာရင်းတွေပြုစုထားတာဟာ ဒေတာဘေ့စ်ပေါ့၊ ကုမ္ပဏီစာရင်းတွေ ဘာတွေ သိုလှောင်ထားတာ မရှိဘူးပေါ့၊
ဧရာဝတီ။ ။ နိုင်ငံတော်က အခွန်ရတာတွေ အရမ်းနည်းနေတဲ့အပိုင်းနဲ့ လက်ရှိဖြစ်စဉ် အပေါ်မှာ ဘာပြောချင်ပါသလဲ။
ဦးဟန်ထွန်း ။ ။ တဖက်က လျာထားချက်နဲ့ ထိန်းချုပ်ထားတယ်။ ဌာနအနေနဲ့ ပိုပြီး အခွန်ထမ်းသစ်ဖော်ထုတ်နိုင်တဲ့ စွမ်းအားကို ပိုမြှင့်အောင်လုပ်ရမယ်။ ဝန်ထမ်းတွေ လုပ်ဆောင်နိုင်အားအတွက်ပေါ့။ ပြောရရင် အခွန်ထမ်းဆောင်တဲ့သူ အသစ်တွေ တိုးချဲ့ရေးအတွက် ဆိုရင် အခွန်ကို ပိုပြီး စေ့စေ့စပ်စပ် ကောက်ခံနိုင်ရေးက အင်အားလိုတယ်၊ ဌာနမှာ ပြောနေကြ စကားတခွန်းရှိတယ်။ ခွေးကျိုးနဲ့ ယုန်လိုက်ရတယ်ပေါ့။ ဆိုလိုတာက အခွန်ထမ်းက ပြိုင်ကားနဲ့ မောင်းပြေးတဲ့အချိန်မှာ ဒီက စက်ဘီးနဲ့လိုက်နေရသလို ဖြစ်နေတာပေါ့။ ခွေးကျိုးနဲ့ ယုန်လိုက်ရင်တော့ ယုန်ကမမိဘူးပေါ့။ ခွေးပဲ မောနေသလိုဖြစ်မှာပါ။ ဒါမျိုးမဖြစ်အောင် အခွန်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာအောင် ပံ့ပိုးဖို့ လိုတယ်။ ဌာနက အကြောင်းကြားစာမှာ သတ်မှတ်ထားတဲ့ ပုံစံရှိတယ်။ ဒီပုံစံတောင် လုံလောက်အောင် ထုတ်မပေးနိုင်ဘူး။ ဒါကြောင့်အခွန်ဝန်ထမ်းတွေဟာ သူတို့အိတ်ထဲကငွေနဲ့ သူတို့ ဒီပုံစံ လိုအပ်တာတွေ ကျန်တာတွေ ကိုယ့်ဟာကိုယ်ဝယ်သုံး တာတွေ ရှိတယ်။ နောက် စာပို့ဖို့ကိစ္စတွေ လူမရှိလို့ taxi ငှားရတယ်။ ဒီလိုပိုက်ဆံတွေ ကုန်တဲ့အတွက် သူတို့ကလည်း အဲ့ငွေပြန်ရအောင် မမှန်မကန်တဲ့နည်းနဲ့ ရှာကြတာတွေ ဖြစ်လာတယ်။ ဒီသံသရာကြီး လည်နေတယ်။ တကယ် တိုးတက်ချင်ရင် ဌာနစွမ်းဆောင်ရည်ကို လုံးဝမြှင့်ရပါမယ်။