ပြီးခဲ့တဲ့ ၂၀၁၃ က မြန်မာနိုင်ငံဆီ်ရောက်ခဲ့တဲ့ ခရီးစဉ်တွေအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စ တွေအပြင် အစားအသောက်ကိစ္စကိုလည်း ကျနော်လေ့လာခွင့်ရခဲ့ပါတယ်။ အမှန်တိုင်းပြောရရင် ကျန်တဲ့ ကိစ္စတွေကို တကူးတက လေ့လာဖို့လိုပေမယ့် အစားအသောက်ကိစ္စကတော့ နေ့စဉ် မစားမနေ စားနေရတဲ့ အတွက် နေရင်းထိုင်ရင်း မလွဲမရှောင်သာ လေ့လာတွေ့ရှိခဲ့တာတွေပါ။
နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေကို လေ့လာတဲ့နေရာမှာ အမြင်မတူတာတွေ ရှိကောင်းရှိနိုင်ပေမယ့် အစားအသောက်ကိစ္စမှာတော့ ပြည်တော်ပြန်တွေ အားလုံး အမြင်တူကြမယ်လို့ ထင်ပါတယ်။ ၂၅ နှစ်ကျော် ဝေးကွာနေရတဲ့ ရန်ကုန်တက္ကသိုလ်ဝန်းကျင်ဆီ ရောက်တဲ့အချိန်မှာ အစားချင်ဆုံးက အင်ယားကန်ဘေး ဝက်သားတုတ်ထိုးပါ။ ဒါပေမယ့် ကျနော့်အရင် ပြည်တော်ပြန်တွေရဲ့ အတွေ့အကြုံအရ အဲဒါတွေကိုစားပြီး ဝမ်းလျောဝမ်းပျက်ဖြစ်တယ်လို့ ကြားရတဲ့အတွက် စားချင်ရက်နဲ့ မစားရဲခဲ့ပါ။
ဒုတိယ ကြုံရတာကတော့ အစားအသောက်နဲ့ ဆိုင်အပြင်အဆင် သန့်ရှင်းသန့်ပြန်မှု အားနည်းခြင်းပါ။ ရန်ကုန်ကိုရောက်ပြီး ပထမဆုံး မနက်စာသွားစားတဲ့ နာမည်ကြီးလ္ဘက်ရည်ဆိုင်မှာ အစားအသောက်တွေနဲ့ အပြင်အဆင်က သိပ်မဆိုးပေမယ့် စားသုံးသူတချို့ မသန့်မပြန့်ဖြစ်နေတာနဲ့ တိုးခဲ့ရပါတယ်။ လူအများကြီး ထိုင်စားနေတာကို မြင်ရဲ့သားနဲ့ လူတွေကြားထဲထိုင်ပြိး ဆေးလိပ်ဖွာနေတဲ့သူတွေ၊ ပလုတ်ကျင်းတဲ့ကိစ္စကို အိမ်သာနဲ့ သန့်စင်ခန်းလို နေရာမှာ သွားမလုပ်ပဲ ရေနွေးကြမ်းသောက်ဖို့ပေးထားတဲ့ ပန်းကန်လုံးနဲ့ပဲ အကျဉ်းရုံးလုပ်လိုက်ပြီး စားပွဲအောက်က အမှိုက်ပုံထဲ ”ဗျစ်” ကနဲ ထွေးချလိုက်တာ တွေဟာ အနောက်နိုင်ငံတွေကနေပြန်လာသူတွေအတွက် ထူးဆန်းတဲ့မြင်ကွင်းတွေ သို့မဟုတ် မနက် စာကို ဆက်စားလို့မရနိုင်တော့တဲ့ မြင်ကွင်းတွေဖြစ်နေခဲ့ပါတယ်။
ဒါတွေဟာ ပြင်ဆင်ဖို့လိုတယ်၊ ပြင်ဖို့လဲသိပ်မခက်ဘူးထင်တဲ့အတွက် ကျနော့်အမြင်ကို ရိုးသားစွာတင် ပြနေတာပါ။ ဒါပေမဲ့ ဒီလိုရေးတာကို ဥရောပရောက်လို့ ဘဝမေ့သွားသူ၊ အောက်ခြေလွတ်သွားသူ၊ ဘိလပ်ပြန်မောင်သောင်းဖေလိုဖြစ်သွားသူဆိုပြီး ကျနော့်ကို ဝေဖန်သူတွေ၊ နောက်တခါ ”ခင်ဗျားက မြန်မာ ဖြစ်ပြီး အချင်းချင်း ဒီလို နှိမ်ရေးရသလား။ ခင်ဗျားနေရာမှာ CNN သတင်းထောက်သာဆိုရင် ဒီလိုရေး မှာမဟုတ်ပါဘူး” ဆိုပြီး ဒီလို ပွင့်ပွင့်လင်းလင်းရေးတာဟာ သတင်းသမားကျင့်ဝတ်နဲ့ ညီမညီတောင် မေးခွန်းထုတ်လာတဲ့ ပရိသတ်တချို့ရဲ့ ထင်မြင်ချက်ကိုလည်း ဖတ်ခဲ့ရဖူးပါတယ်။
ရန်ကုန်မှာ ကော်ဖီဆိုင်တွေရှားပါးပြီး ဈေးကြီးတဲ့အတွက် လ္ဘက်ရည်ဆိုင်မှာသာ အထိုင်များရာကနေ အခုလိုကြုံခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ ဗိုလ်ချုပ်ဈေးဝန်းကျင်က နိုင်ငံခြားသားတွေ အထိုင်များတဲ့ကော်ဖီဆိုင်မှာ ကော်ဖီတခွက်ကို ၁၅၀၀ ကနေ ၂၀၀၀ ကျပ်အထိ ပေးရပါတယ်။ ဒါပေမယ့် ကျနော်အထိုင်များတဲ့ လမ်းဘေးလ္ဘက်ရည်ဆိုင်တွေမှာတော့ တခွက်မှ ၂၅၀ ကနေ ၃၀၀ ပဲပေးရပါတယ်။ ဒီလောက်ဈေးကွာမှတော့ အပြင်အဆင်နဲ့ သန့်ရှင်းသန့်ပြန့်မှုလည်း ကွာမှာပေါ့လို့ပဲ သဘောထားရမယ် ထင်ပါရဲ့။
တချို့ ဝေဖန်သူတွေကတော့ ”ပြည်တော်ပြန်တွေ အများကြီးလာနေတာ ခင်ဗျားကျမှ ဒါတွေကိုကြုံရတယ်လို့။ တခြားလူတွေလို ဈေးကြီးတဲ့ဟိုတယ်မှာတည်းပြိး ကောင်းတဲ့ စားသောက်ဆိုင်တွေမှာ သွားစားပါလား” လို့အကြံပေးကြပါတယ်။ သူတို့အကြံပေးတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်က သတင်းသမားဆိုတော့ အဲဒီလို အများပြည်သူဘဝနဲ့ ဝေးကွာနေလို့ ဘယ်ဖြစ်မလဲ။ အကောင်းဆုံး နေရာတွေမှာနေ၊ အကောင်းဆုံး အစာတွေကို ရွေးစားပြီး မြန်မာပြည်မှာ ”အားလုံးကောင်းနေပါသည်” လို့ ပြောရင် သတင်းသမား အာပတ်သင့်မှာပေါ့။
ဒါက ရန်ကုန်ကိုရောက်ရောက်ချင်း ကြုံခဲ့ရတဲ့ အစားအသောက် အပြင်အဆင် မသန့်ပြန်မှုနဲ့ စားသုံးသူ တချို့ရဲ့ ဘေးပတ်ဝန်းကျင်ကို အလေးမထားမှုတွေအကြောင်း ဖြစ်ပါတယ်။ ကျနော့်မွေးရပ်မြေ ထားဝယ်နယ်က ကျေးလက်တောရွာကိုရောက်တော့ ကြုံရတဲ့ အစားအသောက်ပြဿနာက နောက်တမျိုး။ ”ဒီက ဟင်းသီးဟင်းရွက်တွေ အားလုံးကတော့ ဓာတ်ဆား (ဓာတ်မြေသြဇာ) နဲ့စိုက်ထားတာချည်းပဲ။ သဘာ၀ အသီးအရွက်ကိုမှ စားချင်တယ်ဆိုရင်တော့ တောထဲကထွက်တဲ့ ဒညင်းသီးနဲ့ ဟောဒီက လံကော်ရွက် (တညင်ရွက်) ကိုသာ စားပေတော့” လို့ ကျနော့်မိသားစုဝင်တဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာ အလွန်အကျွံ သုံးစွဲနေတယ်။ ဟင်းသီးဟင်းရွက်တွေက သဘာဝအတိုင်း မဟုတ်တော့ဘူးဆိုတာကို သတင်းတွေထဲကြားနေရပေမယ့် ကျနော်တို့ရွာက ထမင်းဝိုင်းထဲအထိ အဲဒီလို ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါ။ တကယ်က အခြေနေဟာ ကျနော်ထင်ထားတာထက်တောင် ပိုဆိုး နေပါသေးတယ်။ အရင်လို သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး (နောက်ချေး) နဲ့စိုက်ဖို့ မဖြစ်နိုင်တော့ပါ။
ဘာကြောင့်လဲဆိုရင် အရင်ကရှိခဲ့တဲ့ ကျွဲ နွားတွေအားလုံးကို ထိုင်းဖက်က စည်သွတ်ရုံတွေဆီ ရောင်းလိုက်ကြပါပြီ။ ရွာလမ်းပေါ်မှာ နွားတကောင်မှ မတွေ့ရတော့၊ နွားလှည်းလည်း တစီးမှမမြင်ရတော့။ နွားလှည်းနေရာမှာ ထော်လာဂျီတွေက နေရာယူထားလိုက်ပြီ။ နွားတင်းကုပ်နေရာမှာ ထွန်စက်တွေ၊ စပါးခြွေ/လှိမ့် စက်တွေက နေရယူထားလိုက်ပြီ။ ဒါတွေဟာ ၂၅ နှစ်တာအတွင်း တိုးတက်မှုတွေလို့ဆိုနိုင်ပေမယ့် သဘာဝတိရစ္ဆာန်တွေနဲ့ သဘာဝအသီးအနှံတွေ မရှိတော့တာကတော့ အနာဂတ်အတွက် အလားအလာ သိပ်မကောင်းလှဘူးလို့ ထင်ပါတယ်။ နောက်တချက်က ထုတ်လုပ်လိုက်တဲ့ အသီးအနှံတွေ၊ စားသောက်ကုန်တွေက အဆင့်မှီရဲ့လား။ အသီးအနှံနဲ့ အစားအသောက် အရည်အသွေး စစ်ဆေးတဲ့ဌာန မြန်မာနိုင်ငံမှာ သေချာ အလုပ်လုပ်ရဲ့လား။
ရန်ကုန်နဲ့ မိုင် ၃၀၀ လောက်ဝေးတဲ့ ကျေးလက်တောရွာဆီသွားပြီး နိုင်ငံတကာအဆင့်တန်းနဲ့ညီမညီ သွားပြောနေတာဟာ လက်တွေ့မကျဘူးဆိုပြိး ဝေဖန်ချက်ပေးဖို့ ဆန္ဒမစောပါနဲ့။ ဒီရွာတွေဟာ ရန်ကုန်နဲ့ မိုင် ၃၀၀ ကျော်ဝေးတာမှန်ပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မိုင် ၁၀၀ ကျော်သာဝေးပြီး ကန်ချနပူရီ-ထားဝယ် အဝေးပြေး ကားလမ်းဖေါက်ထားတဲ့ဒေသ ဖြစ်ပါတယ်။ “ကိုကြီးတို့ နော်ဝေးမှာကော အခုစားနေသလို မြန်မာဆန်တွေ၊ မြန်မာစာတွေပဲ စားတာလား။ နော်ဝေး အစာ ပေါင်မုန့်ကို စားတာလား” လို့ ထမင်းအတူစားနေတဲ့ တူမတွေက ကျနော့်ကို ဝိုင်းမေးကြပါတယ်။ ”ဟိုမှာ မြန်မာဆန်တွေ၊ မြန်မာအစားအစာတွေ ဘာမှမရှိဘူး။ ထိုင်းဆန်နဲ့ ထိုင်းအစားသောက်တွေကိုပဲ အားကိုးနေရတယ်” လို့ ကျနော်ကဖြေတော့ သူတို့က အံ့သြနေကြပါတယ်။ ကျနော်လည်း သူတို့မေးမှ စဉ်းစားဖြစ်ပါတယ်။ ဘာလို့ မြန်မာဆန်နဲ့ မြန်မာ့အစာက ထိုင်းလို မပြန့်နှံ့သလဲ။ ကျနော်တင်ပြခဲ့တဲ့အတိုင်း မြန်မာ့အသီးအနှံနဲ့ အစားအသောက်တွေက နိုင်ငံတကာအဆင့်တန်း မမှီတဲ့အတွက် အနောက်နိုင်ငံတွေဆီ မတင်ပို့နိုင်သေးတာလား။ ဒါမှမဟုတ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုက ပြီးခဲ့တဲ့နှစ်ကမှ စရုတ်သိမ်းတာဖြစ်လို့ မြန်မာ့အစားအသောက်တွေ အနောက်နိုင်ငံတွေဆီ မတင်ပို့သေးတာလားဆိုတာ သိပ်မကွဲပြားလှပါ။
သေချာတာကတော့ လောလောဆယ် ကျနော်နေထိုင်နေတဲ့ နော်ဝေးနိုင်ငံမြို့တော် အော်စလိုမှာ မြန်မာ ဈေးဆိုင်မရှိပါ။ အာရှဆိုင်လို့အမည်ပေးထားတဲ့ ဆိုင်အတော်များများတွေ့ရပေမယ့် အဲဒီဆိုင်တွေမှာ မြန်မာအစားအစာ တင်ရောင်းလေ့မရှိပါ။ ထိုင်းနဲ့ ဗီယက်နမ်ကလာတဲ့ အစားအစာတွေကိုသာ အများဆုံးတွေ့ရပါတယ်။ ဒီတော့ ဗီယက်နမ်စာကို တခါမှ မစားဖူးတဲ့ ကျနော့်အဖို့တော့ ၁၀ နှစ်ကျော် ထိုင်း-မြန်မာ နယ်စပ်မှာ စားသောက်ခဲ့ဖူးတဲ့ ထိုင်းအစာကိုပဲ ဆက်လက်အားကိုးနေရဆဲဖြစ်ပါတယ်။ထိုင်းအစာဆိုတဲ့နေရာမှာ ဆန်၊ ဆီ၊ ဆား၊ သစ်သီးစည်သွပ်ဘူးတွေကနေ မုံလာရွက်တွေ၊ ချည်ပေါင်ရွက်တွေ၊ နံနံပင်တွေ၊ သဘောၤသီးတွေကအစ အကုန် လတ်လတ်ဆတ်ဆတ် ရပါတယ်။ ပြီးတော့ နော်ဝေး အပါအဝင် ဥရောပတိုက်သား အတော်များများဟာ ထိုင်းနိုင်ငံကို သွားလည်ဖူးကြတဲ့အတွက် ထိုင်း စား သောက်ဆိုင်တွေဟာ တရုတ်ဆိုင်တွေထက်တောင် ဒီမှာ ပိုနာမည်ကြီးပါတယ်။
ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေ အားလုံးက မြန်မာပြည်အပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို မနှစ်ကစပြီး ပြန်ရုတ်သိမ်းပေးလိုက်ပြီ။ မြန်မာ့အစား အစာတွေ အမေရိကန်နဲ့ ဥရောပဈေးကွက်ကို ဝင်ရောက်ထိုးဖောက်နိုင်ပြီ။ နိုင်ငံရေးကြောင့်၊ စီးပွားရေးပိတ်ဆို့မှုကြောင့်လို့ အကြောင်းပြစရာ မရှိတော့ဘူး။ ဒါဖြင့် မြန်မာအစားအစာတွေ ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိရောင်းချဖို့ ဘာလိုမလဲ။ စံချိန်စံညွှန်း နိုင်ငံတကာအဆင့်မမီသေးလို့ဆိုပြီး လက်မှိုင်ချရုံ ထိုင်နေလို့လည်း မဖြစ်တော့ဘူး။
စံချိန်စံညွှန်းဆိုတဲ့နေရာမှာလည်း နိုင်ငံခြားတင်ပိုမယ့် အစားအစာကိုပဲ စံချိန်မှီအောင်လုပ်ပြီး ပြည်တွင်းမှာတော့ ဖြစ်သလိုစားကြတာပေါ့ဆိုပြီး ဆက်သွားနေလို့လည်း မဖြစ်ပါ။ အစားအသောက်နဲ့ စားသောက်မှုပုံစံဟာ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုပြယုဂ်မို့ ကျနော်တို့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်ချင်ရင် အစားအသောက်နဲ့ စားသောက်ဆိုင် အဆင့်အတန်းမြင့်နိုင်ဖို့လည်း လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။