ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သော စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး လိုက်သောကြောင့် ယင်းသည် မြန်မာနိုင်ငံ စားသုံးသူ ဈေးကွက် အတွင်း ပြန့်နှံ့နေသည့် ကျန်းမာရေး အတွက် စားသုံးရန် မသင့်သော ဆေးဝါးများ၊ အစား အသောက်များနှင့် အရည်အသွေး မမီသော လူသုံးကုန် ပစ္စည်းများကို အစိုးရက ထိန်းချုပ် ကိုင်တွယ်ရန် ပထမဆုံး ခြေလှမ်းဖြစ်သည်။
အဆိုပါ ဥပဒေတွင် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အပေါ် တားမြစ်ထား ချက်များကို ဖော်ပြထားပြီး ဥပဒေပါ တားမြစ်ချက်ကို ချိုးဖောက်သည် ဟု အငြင်းပွားလာသည့် အခါ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် များရှိ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များနှင့် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးစီးသော ဗဟိုကော်မတီက ဝင်ရောက်ဆုံးဖြတ် ပေးနိုင်သည်။ ဥပဒေဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် “သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ” ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။
သို့ရာတွင် ယင်းဥပဒေကို အကျိုးသက်ရောက်စေရန် မည်သို့ မည်ပုံ လုပ်ဆောင်ကြမည်ကိုမူ မေးခွန်းထုတ်စရာဖြစ်သလို စားသုံးသူ ကာကွယ်ရေးတွင် အဓိကအရေးပါသည့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အထူးသဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဗဟိုဌာနက ဦးစီးဦးဆောင်မလုပ်ဘဲ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဦးစီးမှုမှာ အဆီအငေါ်မတည့်မှုလည်းဖြစ်နေသည်။
အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်များမှတဆင့် တင်သွင်းနေသော ကုန်ပစ္စည်းများကို စစ်ဆေးအရေးယူရန် စီးပွား/ကူးသန်းတွင် လုပ်ပိုင်ခွင့်အာဏာ ရှိနေသောကြောင့်ဟု နားလည်လက်ခံနိုင်ပါသည်။ သို့သော် စားသုံးသူများ၏ ကျန်းမာရေးနှင့် အခွင့်အရေး ဆိုင်ရာ လုပ်ဆောင်ချက်များကို နိုင်ငံတကာတွင်ကဲ့သို့ ကျန်းမာရေး ဝန်ကြီးဌာနက မည်သည့်အတွက် ရှေ့တန်းက ဦးစီးဦးဆောင် မလုပ်နိုင်ရသနည်း။
မည်သူက ဦးဆောင်သည်ဖြစ်စေ ဥပဒေစိုးမိုးရေး အမှန်တကယ် ထိရောက်မည်ဆိုလျှင် လက်ခံကြိုဆိုဖွယ်ဖြစ်သည်။ ထို့ပြင် စားသုံးသူ ထံမှဖြစ်စေ၊ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများထံမှဖြစ်စေ စားသုံးသူ အကာအကွယ် ပေးရေးနှင့် စပ်လျဉ်းသည့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေး ခြင်း၊ တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းပြီးဖြစ်သည့် အစိုးရမဟုတ်သော စားသုံးသူ အကာအကွယ်ပေးရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကိုလည်း
ဥပဒေတွင် ထည့်သွင်းအာမခံထားသည့် အတွက် အားတက်ဖွယ်ဖြစ်သည်။
အမှန်တကယ်လည်း ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေး စနစ်များနှင့်ပြန်လည်ချိတ်ဆက် လုပ်ကိုင်ကြတော့မည့် မြန်မာပြည် အတွက် စားသုံးသူကို အကာအကွယ်ပေးပြီး စားသုံးကုန်နှင့် ဝန်ဆောင်မှုများ အဆင့်မီရေးလုပ်ဆောင်ရန် အလွန်အရေးကြီးနေပြီ ဖြစ်သည်။ အစိုးရအနေဖြင့် ဥပဒေပြဌာန်းပြီး လိုက်နာစေရုံမျှမက သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များကလည်း ကိုယ့်ဘာသာကို အသိတရားရှိရှိဖြင့် မိမိကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အရည်အသွေး မြင့်မားစေရေး ဆောင်ရွက်ကြရန်လိုသည်။
သို့မှသာ မိမိဈေးကွက် အတွင်း ဝင်ရောက်လာနိုင်သော အဆင့်မမီသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုကို ကာကွယ်ပေးသကဲ့သို့ အခြားသူဈေးကွက်သို့ သွားရောက်ရောင်းချမည့် မိမိကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု ပေမီ ဒေါက်မီဖြစ်လာနိုင်မည်၊ အခြားသူများ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေးအပ် ပါသည်။