ဘာသာစကားစုံဖြင့် ပညာသင်ကြားရေး စဖို့ကောင်းပြီ

ကိုတာ

This article has been converted from Zawgyi One to Unicode

မိခင်ဘာသာစကားနဲ့သင်မှ ပိုတတ်တယ်။ အဲသလိုမသင်လို့ တိုင်းရင်းသားတွေ စာမတတ်ကြတော့ဘူး။ မိခင်ဘာသာစကားနဲ့သင်ရင် လူမျိုးတမျိုးရဲ့ အမှတ်လက္ခဏာ ယဉ်ကျေးမှုကို သိမှတ်တာဖြစ်တဲ့အတွက် တိုင်းပြည်ငြိမ်းချမ်းရေးကို အင်မတန် အထောက်အပံ့ဖြစ်တယ်။ မိခင်ဘာသာစကားနဲ့ သင်ခြင်းဟာ ထင်သလောက် မခက်ခဲပါဘူး။ ဘယ်လိုသင်ရမယ်ဆိုတာ သုတေသနတွေ ရှိပြီးပါပြီ။

ဟိုတလောက “ဘာသာစကားစုံဖြင့် ပညာသင်ကြားရေး” ဘိုလိုတော့ Multilingual Education (MLE) ဆိုတဲ့ ကွန့်ဖရင့်တခု တက်ရတယ်။ ပထမနေ့မှာ တင်ပြတာတွေကို အကျဉ်းချုံးပြီး တင်ပြတဲ့အလုပ်ကို ကိုရင်တာ လုပ်ရပါတယ်။ စိတ်ဝင်စားစရာပါခင်ဗျာ။

အရေးကြီးတာကိုပဲပြောဖို့ ကြိုးစားမယ်။ NNER (National Network for Education Reform) ကို လမ်းပေါ်ကလူတွေပဲ ခံစားမှုတွေပဲ ပြောနေတယ်လို့ တချို့အာဏာပိုင်တွေက အထင်တော်ရှိပါတယ်။ ကျနော်ပြောလိုတာက NNER ဟာ တလေးတနက် ရှိပါတယ်။ လိုအပ်တဲ့နေရာတွေမှာ အချက်အလက်ကို စုဆောင်းပါတယ်လို့ ပြောချင်ပါတယ်။ NNER ဆိုတာ အရပ်ဘက် အဖွဲ့အစည်းတွေ စုထားတဲ့ ပညာရေးကွန်ယက်ပါ ခင်ဗျာ။

အဲ ပြောနေတာကြာရော့မယ်။ ပညာရှင်တွေ တင်ပြခဲ့တာကိုပဲ အကျဉ်းချုပ် တင်ပြတော့ပါမယ်ခင်ဗျာ။ ပထမဆုံး တင်ပြချက် နံပါတ် ၁ ဟာ “ဗမာစကားဟာဖြင့် သူတို့ရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ တိုင်းရင်းသားကလေးတွေ တွေ့နေရတဲ့ အခက်အခဲ” ဖြစ်ပါတယ်။ နော်ခူးရှီး၊ ချင်းမိုင် Payap တက္ကသိုလ်က ဘာသာစကား ဗေဒပညာရှင် တင်ပြချက်ပါ။ ပုသိမ်က တောရွာမူလတန်းကျောင်း ၁၉ ကျောင်းမှာ သုတေသနလုပ်ပြီး ရတဲ့အချက်အလက်တွေပါ။

ဒုတိယ တင်ပြချက်ကတော့ “မိခင်ဘာသာစကားအပေါ် အခြေခံသော ဘာသာစကားစုံ ပညာရေး”အကြောင်း။ Mother Tongue-based in Education။ What – Why – How။ အာရှနိုင်ငံတွေဟာ တိုင်းရင်းသား ဘာသာစကားတွေကို အလေးမထားကြတာ များတာပါပဲတဲ့။ နိုင်ငံသုံး ဘာသာစကား (National Language) ရယ်၊ နိုင်ငံတကာ ဘာသာစကား (အင်္ဂလိပ်စာ) ရယ်ကိုပဲ ဂရုစိုက်ကြပါတယ်။ ဒါနဲ့ပဲ တိုင်းရင်းသားတွေဟာ Language of Instruction ကျောင်းသုံး ဘာသာစကားမှာ မကျွမ်းကျင်တာကြောင့် ပညာရေးမှာ အခက်အခဲတွေ့ကြ၊ အခွင့်အရေး မရကြပါဘူးတဲ့။ “မိခင်ဘာသာစကားပေါ်မှာ အခြေခံတဲ့ ဘာသာစကားစုံ သင်ကြားရေး” Mother Tongue-based MLE ကို ပညာသင်ကြားရေး ပေါ်လစီပြောင်းဖို့ လိုအပ်လာပါပြီ။ ဒါမှသာ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး ရကြမှာပါတဲ့။

ဒီစာတမ်းမှာ MLE ရဲ့ အခြေခံမူများကို ရှင်းပြပါတယ်။ စာတမ်းရှင်ကတော့ Dr Kimmo Kosonen, Lecturer, Researcher, Payap တက္ကသိုလ်ကပါ။ သူက ရှင်းပြပါတယ်။ Language of literacy၊   Language of instruction၊ ပြီးတော့လည်း မိခင်ဘာသာစကား (Mother tongue) ၊ လွှမ်းမိုးတဲ့ဘာသာစကား (Dominant language) ၊ မလွှမ်းမိုးတဲ့ ဘာသာစကား (Non-dominant language)။ ပေါ်လစီဆွဲသူတွေဟာ “Multilingualism” ကိုပြဿနာလို့ ထင်ကြတယ်။ Conflict ပဋိပက္ခတွေကို အားပေးတယ်လို့ မြင်ကြတယ်။ မိဘတွေကလည်း အဲသလိုပဲလို့ မြင်တာပဲတဲ့။ ဒါပေမယ့် MLE ကတော့ မဖြစ်နိုင်ဘူးလို့ မြင်ကြတယ်။ သက်သေတွေ Research evidence တွေ ရှိသတဲ့။

အစိုးရတွေက တိုင်းရင်းသားတွေရဲ့ ကိုယ်စကားကိုယ်သင်ခွင့်ကို ပိတ်မှ၊ ပြဿနာတွေ ရှိတာတဲ့။ Language Rights ကို အသိအမှတ်ပြုရင် လူ့အဖွဲ့အစည်းဟာ ပိုစည်းလုံးတယ်။ Social Cohesion လည်း ရတယ်။ ပညသင်ကြားရေးဟာလည်း ထိရောက်တယ်တဲ့။ ဒီသတင်းစကားကို အာဏာပိုင်တွေသိရင် ကောင်းမှာပဲ။ ဒီ Presentation တင်ပြမှုမှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနဲ့ ဘာသာစကားတွေ သင်ကြားခြင်းရဲ့ အဆက်အသွယ်ရှိပုံကိုတင်ပြထားပါတယ်။

စာတမ်းတင်ပြသူ Professor Joseph Lo Bianco က Language Planning ကိုလည်း ပြောပြတယ်။ Language Planning ဘာသာစကား သင်ကြားရေး စီမံကိန်းရဲ့ ပြဿနာတွေ၊ ပန်းတိုင်တွေ၊ အကျိုးအမြတ် ဆန်းစစ်ခြင်း (Cost-benefit Analysis) တွေနှင့် ဖြစ်နိုင်ချေ (Feasibility) ကိုရှင်းတယ်။ ဘာသာစကား သင်ကြားရေးဆိုတာ နိုင်ငံရေးတဲ့။ အင်မတန် မှတ်သားစရာ ကောင်းပါတယ်။

သူတင်ပြတဲ့အထဲ မှတ်မိနေတာတွေက မိခင်ဘာသာစကား အခြေခံတဲ့ပညာရေးကြောင့် စာတတ်တာတဲ့။ သီရိလင်္ကာအကြောင်း ပြောပြပါတယ်။ သီရိလင်္ကာရဲ့ စာတတ်မြောက်နှုန်းမြင့်တာ ၉၁ ရာခိုင်နှုန်းဟာ မိခင်ဘာသာစကား အခြေခံတဲ့ သင်ကြားရေးကြောင့်တဲ့။ မိခင်ဘာသာစကားဟာ အရင်းအမြစ် (Resource)  ကြီးတဲ့ခင်ဗျ။ ရေခဲတောင်ကြီးလိုပဲ။ အပေါ်က အနည်းအကျဉ်းသာ မြင်ရပေမယ့် သိခြင်း ကျွမ်းကျင်ခြင်းတွေဟာ အောက်ထဲမှာ မမြင်ရလို့တဲ့။ ဒါကိုလည်း မှတ်သားရတယ်။

ဘာသာစကားစုံ သင်ကြားရေးကို အပေါ်ကချည်း (Top-down Policy) လုပ်လို့ မပြည့်စုံဘူး။ အောက်ခြေကလည်း (Bottom-up) ပါရမယ်။ အလွှာစုံ ပါရမယ်။ အဲဒီ ဘာသာစကားစုံ သင်ကြားရေးအစီအစဉ်မှာ ပါသင့်တာက Minority language maintenance ၊ National language learning ၊ National unity & cultural diversity တဲ့။

ဆရာစောလာဆေးကလည်း ဆွေးနွေးပါတယ်။ သူက တော်လှန်ရေးသမားပါတဲ့။ ကရင်ပညာအကြောင်း ပြောတယ်။ ကရင်မှာ ကရင်ကောလိပ်ဆိုတာ ရှိခဲ့ဖူးတာတဲ့။ ကရင်လို သင်ဖို့ကတော့ အခက်အခဲမရှိဘူး။ ဒေါက်တာသိန်းလွင်နဲ့ လုပ်ခဲ့တာ ကြာပြီတဲ့။ မစိုးရိမ်ပါနဲ့တဲ့။ Teacher Training College လည်း ရှိပါတယ်တဲ့။ မူလတန်းမှာ Mother-tongue ပဲ သင်တယ်။ အထက်တန်းမှာ အင်္ဂလိပ်စာ၊ ဗမာစာ၊ ကရင်စာ သင်တယ်။ Curriculum ကိုလည်း ပြင်တယ်။ သူတင်ပြတာဟာ အင်မတန် အားရစရာ ကောင်းပါတယ်။

ဗွန်ဆူရှီကတော့ နာဂအခြေအနေကို တင်ပြတယ်။ မကူရီနာဂ/ စာရာမေတိတောင် နာဂစကားအကြောင်း၊ လောင်ပူရီနာဂအကြောင်းပြောတယ်။ မိခင်ဘာသာစကား သင်ဖို့ပါပဲတဲ့။ အခက်အခဲတွေတော့လည်း ရှိပါတယ် တဲ့။

နောက်ပိတ်ဆုံးစာတမ်းကတော့ “Multilingual Education Policy and Practices in Asia” ဘာသာစကားစုံ သင်ကြားရေး ပေါ်လစီတွေအကြောင်း အသေးစိတ်ပေါ့ဗျာ။ Asean အာဆီယံ နိုင်ငံတွေအကြောင်း ပြောတယ်။ MLE ဟာ အရင်ကထက် နေရာရလေပြီ။ MLE ကို အရင်ကထက် ပိုပြီးနိုင်ငံတွေမှာ သင်လာကြပြီ။ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယအကြောင်း ပြောပြပါတယ်။

ကမ္ဘာမှာ ဘာသာစကားပေါင်း ၇၁၀၅ ရှိတယ်။ အာရှမှာ ဘာသာစကားပေါင်း ၂၂၁၅ ရှိတယ်။ အရှေ့တောင်အာရှမှာ ဘာသာစကားပေါင်း ၁၂၅၄ ရှိတယ်။ မြန်မာနိုင်ငံမှာထက် ဘာသာစကားတွေများတဲ့ နိုင်ငံတွေဟာ အပုံအပင်ပါ။ ဒီနိုင်ငံတွေ မြန်မာထက် များပါတယ်။ အင်ဒိုနီးရှား – ၇၀၆၊ အိန္ဒိယ – ၄၄၇၊ တရုတ်      – ၂၉၈၊ ဖိလစ်ပိုင် – ၁၈၁၊ မလေးရှား  – ၁၃၈၊ နီပေါ – ၁၂၁ တို့ဖြစ်ပါတယ်။ ရင်ဆိုင်ဖြေရှင်းရမှာတွေက ကျနော်တို့ချည်းမှ မဟုတ်ဘဲကိုး။ ကျနော်တို့မှာတော့ ဘာသာစကားဆိုင်ရာ မူဝါဒ (Language Policy) ရယ်လို့ တိတိကျကျ မရှိသေးဘူး။ ကမ္ဘောဒီးယားနဲ့ ထိုင်း၊ ဖိလစ်ပိုင်မှာ ရှိတယ်။ အထက်ပါ နိုင်ငံတွေဟာ ဘာသာစကားပြဿနာကို ဖြေရှင်းနိုင်ကြပါတယ်။

ဖိလစ်ပိုင်ကတော့ တမူထူးတဲ့နိုင်ငံပဲ။ စိတ်ဝင်စားစရာ အင်မတန် ကောင်းပါတယ်။ အင်္ဂလိပ်စာရဲ့ အခန်းကဏ္ဍကို လျှော့ချနေတာပါ။ မိခင်ဘာသာ စကားအခြေပြုတဲ့ သင်ကြားရေးကိုပဲ လုပ်မယ်တဲ့။ တပြည်လုံးမီဒီယာရော ပညာရေးဌာန အရပ်ဘက်အဖွဲ့အစည်းတွေပါ ဝိုင်းလုပ်ကြတယ်။ မိခင်ဘာသာစကားကိုပဲ သူငယ်တန်းကနေ ၆ တန်းထိ သင်မတဲ့။

အိန္ဒိယလည်းပဲ ဘာသာစကား ၃ ခု သင်ကြားရေး ပေါ်လစီကျင့်သုံးတယ်။ ပါမောက္ခ ကင်မိုကိုဆိုနန် Dr Kimmo Kosonen ဟာ Regional Trends in the Use of Non-dominant Language in Education ကို ရှင်းပြပါတယ်။ ယုံတမ်းစကားတွေ Myths လို့ ပရော်ဖက်ဆာ ကင်မိုကိုဆိုနန်က ပြောတာက The more dominant language, the better (လွှမ်းမိုးတဲ့ ဘာသာစကားကိုသင်လေလေပိုကောင်းလေလေ)၊ The earlier, the better (အင်္ဂလိပ်စာကိုစောစောသင်လေလေပိုကောင်းလေလေ)၊ Mother tongue interferes in second language learning (မိခင်ဘာသာစကားကြောင့် ဒုတိယဘာသာစကားသင်တာ နှောင့်နှေးတယ်)၊ Only the dominant language is important  (အင်္ဂလိပ်စာ၊ ဗမာစာပဲအရေးကြီးတယ်) ပါ။ အဲဒီအယူအဆတွေဟာ မှားသတဲ့ဗျာ။

ပရိသတ်ကြီးခင်ဗျား။ ဒီ Presentation တွေကနေပြီး အောက်ပါအတိုင်း ဆင်ခြင်နိုင်ပါတယ်။

(၁) Mother tongue-based MLE ကိုကျနော်တို့ပြည်မှာ စဖို့ကောင်းပြီ။ ဘယ်လိုစကြမလဲ စဉ်းစားကြရမယ်။ ဒေသအလိုက် သက်ဆိုင်ရာကျောင်းအလိုက် ဘယ်ဘာသာစကားသင်မလဲ ဆုံးဖြတ်ခွင့်ပေးလိုက်ရင် သူတို့ ကိုယ်တိုင် လုပ်နိုင်ပါတယ်။ ကျေနပ်ပျော်ရွှင်ပြီး အားတက်သရော လုပ်ကြမှာပါ။

(၂) မိခင်ဘာသာစကားသင်ကြားရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရဲ့ အဆက်အသွယ်ကို သတိထားဖို့ ဂရုစိုက်ဖို့ကောင်းပြီ။ MLE ဟာ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်တယ်ဆိုတာ သိဖို့ကောင်းပါပြီ။

(၃) MLE ဟာ Effective Education ကိုလည်း ထောက်ပံ့တယ်ဆိုတာ သိမှတ်ကြဖို့ ကောင်းပါပြီ။  MLE ဖော်ဆောင်ရာမှာ အဟန့်အတားတွေလျှော့ပြီး လွတ်လပ်ရေးပေး လုပ်ခွင့်ပေးတော့မယ်လို့ မျှော်လင့်တာပါပဲခင်ဗျာ။

အပေါ်ကစနစ်ချည်းက အလုပ်မဖြစ်ဘူးတဲ့ခင်ဗျ။ အပေါ်ကရော အောက်ကပါ လုပ်ရမှာပါ။ ပညာရေးပြုပြင် ပြောင်းလဲမှုကြီးဟာက ဖြစ်နိုင်သတဲ့။ ဒါပေတဲ့ ဖိလစ်ပိုင်လို အားလုံးဝိုင်းလုပ်ကြရမှာတဲ့။ ဒါပါပဲခင်ဗျာ၊ ကျေးဇူးတင်ပါတယ်။

(ကိုတာသည် ရန်ကုန်အခြေစိုက် စာရေးဆရာဖြစ်ပြီး ပညာရေး၊ တွေးခေါ်မျှော်မြင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများကို လစဉ်ထုတ်မဂ္ဂဇင်းများတွင် ပုံမှန်ရေးသားနေသည်)

Loading