လွန်ခဲ့သည့် ဖေဖော်ဝါရီလ အတွင်း အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သော လက်ရှိ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျာကာတာ မြို့ရှိ မြန်မာ သံအမတ်ကြီး နေအိမ်တွင် ပြောကြားခဲ့သော မိန့်ခွန်း၌ တပ်မတော်သည် ပြည်သူလူထု အတွင်းမှ ပေါက်ဖွား လာသူများ ဖြစ်၍ တိုင်းပြည်နှင့် ပတ်သက် လာလျှင်”ပြည်သူသာ အမိ၊ ပြည်သူသာ အဖ”ဆိုသည်မှာ အစစ်အမှန်ပင် ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။ ယင်းသည် ၁၉၈၈ အာဏာ သိမ်းအပြီး ကျင့်သုံးခဲ့ သော တပ်မတော် သည်သာ အမိ၊ တပ်မတော် သည်သာ အဖ မူဝါဒမှ စတင် ပြောင်းလဲသော အရွေ့လောဟု စူးစမ်းစရာဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တပ်မတော် ကြည်း၊ လေ၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ရာတွင် တက်ရောက် အမှာစကားပြောကြားရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့ တပ်မတော်အား နိုင်ငံတကာ စံချိန်စံညွှန်း နှင့်ညီသည့် Standard Army အဖြစ် တည်ဆောက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ရာ ယခင် စစ်အစိုးရလက်ထက် တလျှောက် ကလေးစစ်သား သုံးစွဲမှု၊ အမျိုးသမီးများကို အဓမ္မစော်ကားမှု၊ ပေါ်တာဆွဲ၊ အရပ်သားများကို နှိပ်စက်မှုများနှင့် နာမည်ဆိုးဖြင့် ဆယ်စုနှစ်ချီ ကျော်ကြားခဲ့သော မြန်မာ့တပ်မတော်အား မည်သို့ ပြန်လည် တည်ဆောက်မည်ကို မြန်မာပြည်သူလူထုက သိရှိလိုကြမည်ဖြစ်သည်။
ယနေ့အချိန်ကား မြန်မာ့တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် ထို့ထက်ပို၍ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်မည့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရန် အချိန်ကျနေပြီဖြစ်သည်။ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ရေရှည်ဖြေရှင်းရမည်မှာ တပ်မတော်၏ အခန်းကဏ္ဍပင်ဖြစ်သည်။
လွှတ်တော်များတွင် ကိုယ်စားလှယ် လေးပုံတပုံကို ယူထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အမိန့်အာဏာ ရှိနေခြင်း၊ အုပ်ချုပ်ရေးရာထူး နေရာကြီးများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို စစ်ဘက်အရာရှိဟောင်းများ ချုပ်ကိုင်ထားခြင်း၊ တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ရှိနေသေးသော်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုမရှိခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု တသီတတန်းအတွက် တာဝန်မခံနိုင်သေးခြင်းနှင့် အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုကို မဖန်တီးပေးနိုင်သေးခြင်းများမှာ ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် လေးဖင့်နေစေသော နောက်ပြန်ဆွဲ အကြောင်းအချက်များ ဖြစ်သည်။
ထို့ပြင် တိုင်းပြည်ဘတ်ဂျက် အများဆုံး သုံးစွဲနေသော်ငြား တပ်အင်အား သုံးသိန်းခွဲကို လူလုံးထွက်အောင် မထောက်ပံ့ပေးနိုင်သောကြောင့် တိုင်းရင်းသားဒေသများတွင် ‘ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး’ အတွက် ရှာဖွေရပ်တည်နေရကာ နယ်မြေခံများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေခြင်းနှင့် မူးယစ်ဆေးဝါးကဲ့သို့ တရားမဝင် အလုပ်များတွင် ပတ်သက် ဆက်စပ်လာသည်အထိ ဖြစ်လာစေခဲ့သည်ကို ပြောင်းလဲ ပစ်ရန်မှာလည်း အရေးပေါ်လိုအပ်ချက်ဖြစ်သည်။ တပ်မတော်အတွင်း လူမျိုးဘာသာ ခွဲခြားဆက်ဆံမှုကလည်း လူနည်းစု တိုင်းရင်းသားများ အကြား သံသယကို ပိုကြီးထွားစေရန်သာ ဖြစ်နေစေသည်။
ဒီမိုကရေစီနှင့် တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်သော ခေတ်မီတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းရန်မှာ လက်ရှိ တပ်မတော်ခေါင်းဆောင်များ၏ ပခုံးပေါ်သို့ ကျရောက်နေ သည့် ကြီးမားသော သမိုင်း၏ တာဝန်ပင်။ လူ့အခွင့်အရေးကို လေးစားခြင်း၊ အရပ်သားအစိုးရက စစ်တပ်အား ကြီးကြပ်မှုကို လက်ခံခြင်းနှင့် လုပ်ငန်းပွင့်လင်းမြင်သာမှု ရှိခြင်းတို့ဖြင့်သာ မြန်မာ ပြည်သူများနှင့် နိုင်ငံတကာမိသားစုအကြား မြန်မာ့တပ်မတော်၏ တရားဝင်မှုကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ယခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၆၉ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တင်ပြဆွေးနွေးအပ်ပါသည်။