ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လစ်တနာက မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးလုပ်ငန်းကို ဝေဖန်တာ ဖတ်လိုက်ရပါတယ်။
နိုင်ငံတကာမှာ ပဋိပက္ခ ဖြစ်နေတဲ့၊ ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံတွေကို သွားပြီး ငြိမ်းချမ်းရေး ရှာဖွေပေးတဲ့၊ ကူညီစေ့စပ် ဖြေ ရှင်း အဖြေရှာတဲ့ လုပ်ငန်း ဝန်ဆောင်မှုတွေက ခေတ်စားပါတယ်။
ဒါပေမယ့် ဒီဝန်ဆောင်မှုဟာ အလကား ပဲတင်းတော့ မရပါဘူး၊ ဒီလုပ်ငန်းမှာ ဦးဆောင်ပါဝင်သူတွေက ဘတ်ဂျက်(budget) နဲ့ ထောက်ပံငွေ (grant) များများရှာရတာဖြစ်သလို၊ အဲဒီအတွက်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရတွေက မြိုးမြိုးမြက်မြက် ၊ ပိုးစိုး ပက်စက် ပေးတာဖြစ်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး ကိစ္စမှာတော့ နော်ဝေအပါအဝင် ဥရောပနိုင်ငံတွေက ဘတ်ဂျက်ငွေအများအပြား ချပေးထားတာ ဖြစ်ပါတယ်၊ သီရိလင်္ကာမှာလည်း ဒီလိုပဲ နော်ဝေက နိုင်ငံပိုင်အစိုးရငွေကို ပုံအောပြီး သုံးခဲ့ဖူးပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးကိစ္စမှာတော့ Myanmar Peace Centre က ပါဝင်ဆောင်ရွက်နေတာပါ၊ ဘာတေးလ်လစ်တနာကတော့ သူတို့ကို ဘာမှမလုပ်တဲ့ သူတွေလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
သူတို့ဟာ အရင်စစ်အစိုးရ လက်ထက်က တတိယအုပ်စု(Third Group) လို့ နာမည် တွင်ခဲ့သူတွေပါ၊ မင်းဆရာတွေလို့ အပြောခံရ သူတွေလည်း ဖြစ်ပါတယ်။
တကယ်တော့ MPC ဆိုတာ ဦးသိန်းစိန်အစိုးရ ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းတွေ အဓိက ဦးဆောင်လုပ်ဆောင်နေတဲ့ ဝန်ကြီးဦးအောင် မင်းရဲ့ ကိုယ်စားလှယ် ရုံး ပုံစံပဲ ဖြစ်ပါတယ်။
သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းကို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းမှာ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်၊ အဲဒီ အတွက် ဝေဖန်ခံရသလို ချီးကျူးအားပေးတာတွေလဲ ရှိခဲ့ပါတယ်။
သူတို့အပြင် နိုင်ငံခြားသားတွေလဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး(Peace ) လုပ်ငန်းစဉ်မှာ ပါဝင်ကြပါတယ်။ အရင်က UNDP မှာလုပ်ခဲ့ကြတဲ့ Charles Petrie, Ashley South, Adam Cooper စတဲ့သူတွေ အများအပြား ပါဝင်ကြတာ ဖြစ်ပါ တယ်။
မြန်မာငြိမ်းချမ်းရေးစားကျက်ဟာ ပိုပြီးတော့ ကျယ်ပြန့်လာတာကြောင့် ငြိမ်းချမ်းရေး လုပ်ဆောင်ပေးချင်တဲ့ လင်းတကြီးတွေ ဝဲလာတာ တွေ့နေရပါတယ်။
အဲဒီအဖွဲ့ကတော့ MPSI လို့ခေါ်ပြီး၊ Myanmar Peace Support Initiative လို့အရှည်ကောက် ခေါ်ပါတယ်၊ အလှူရှင် နိုင်ငံတွေကတော့ နော်ဝေ၊ ဗြိတိန်၊ သြစတေးလျ နဲ့ ကုလသမဂ္ဂတို့ပဲ ဖြစ်ပြီး၊ ကမ္ဘာဘဏ်(world Bank)ပထမဆုံးအလှူငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြစ်ပါတယ်။
နော်ဝေ ရဲ့ အခန်းကဏ္ဍ ကို ဝေဖန်သူတွေလဲ ရှိပါတယ်၊ ဘာကြောင့်ငြိမ်းချမ်းရေးမှာ ငွေတွေသုံးရသလဲ၊ ဘာကြောင့် အရင်စစ်အစိုးရ၊ အခုအစိုးရကို ထောက်ခံချင်နေတာလဲ ဆိုတာတွေပါ။
ဒါ့အပြင် နော်ဝေရဲ့ အသုံးငွေတွေက ဘယ်လောက် ပွင့်လင်းမြင်သာပြီး (transparent)၊ ဘယ်လောက်တာဝန်ခံမှု (accountable) ရှိသလဲ ဆိုတာကိုလဲ မေးခွန်းထုတ်ကြပါတယ်။
ဒီလို မေးခွန်းတွေ ထုတ်မယ့်အစား နော်ဝေက သြဇာရှိတဲ့ သတင်းစားတွေမှာ အယ်ဒီတာထံ ပေးစားမျိုးရေးပြီး ဝေဖန်မေးခွန်း ထုတ်သင့် ပါတယ်။
သူတို့ဟာ မြန်မာအစိုးရလို မဟုတ်ပဲ ပြည်သူလူထုအပေါ်မှာ တာဝန်ခံဖို့ လိုပါတယ်၊ အခွန်ထမ်းပြည်သူ(Taxpayer)တွေရဲ့ ပိုက်ဆံတွေကို သုံးနေရလို့ ဖြစ်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးကို ရှု့ထောင့်အမျိုးမျိုးကကြည့်ပြီး ကူညီချင်သူတွေ ပိုများလာတာ ကောင်းပါတယ်၊ စစ်တိုက်တာ ထက်စာရင် ငြိမ်းချမ်းရေးအတွက် စားပွဲပေါ်မှာ တွေ့ဆုံစကားပြော အဖြေရှာတာ ပိုကောင်းပါတယ်။
ဒါပေမယ့် ဘာတေးလ် လစ်တနာ ပြောခဲ့သလို ဒါကလဲ စီးပွားရေးလုပ်ငန်း (Peace Industry) ဖြစ်နေတာကို တွေ့ရပါတယ်။
ဒီလုပ်ငန်းမှာ အဓိက ကြီးကြပ်ပါဝင်ရသူတွေ ရတဲ့ လစာ၊ အကြံပေးခ(consultant fee ) ၊ ခရီးစရိတ်၊ နစ်နာကြေး စတာတွေဟာ အတော်ကိုကြီးမားတဲ့ ဘတ်ဂျက် တွေပါ။
အဲဒီသူတွေ တယောက်ချင်းစီရတဲ့ လစာကိုသိရင် ခင်ဗျားအရမ်း စိတ်ဓာတ်ကျသွားမယ် မသိချင်ပါနဲ့လို့ အတွင်းသိ မိတ်ဆွေတဦးက ပြောဘူးပါတယ်။
သူတို့ရတဲ့ အကျိုးအမြတ်ဟာ ဒေါ်လာသောင်း ဂဏာန်းဝန်းကျင် ရှိပါတယ်၊ ဒီအထဲမှာ နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်တွေ မပါသေးပါဘူး။
ငြိမ်းချမ်းရေးကတော့ ဘယ်ဆီနေတယ် မသိသေးပါ၊ လင်းတကြီးတွေကတော့ ဝဲနေကြပါပြီ၊ စိတ်ကောင်း စေတနာကောင်းရှိသလို၊ ဂွင်ကောင်းလို့ ကပြီးဝဲနေသူတွေလဲ ဒု နဲ့ ဒေးပါ၊ ဒီ Peace လုပ်ငန်းတွေမှာ နိုင်ငံတကာမှာ လုပ်ခဲ့ဖူး ကျင်လည်ခဲ့ဘူးတဲ့ မိတ်ဆွေတစ်ဦးက ပြောဘူးပါတယ်၊ မင်းတို့ အဲဒီ Peace Industry တွေမှာ လုပ်ပြီးသွားရင် “ တောင် ”ကိုဝယ်ချင်ရင် ဝယ်လို့ ရပါတယ်လို့ ပြောဘူးပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးရဖို့အတွက် စရိတ်စက က အရမ်းကြီးပါတယ်၊ ဒါပေမယ့် ဒီ ပြည်တွင်းစစ်ထဲမှာ ပေးဆပ်နေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝ၊ ကျောင်းကလူငယ်တွေ အနာဂတ်ပျောက်ခဲ့ရတဲ့ သူတွေအတွက်က တော့ ငြိမ်းချမ်းရေးဆိုတာ ပေးဆပ်ခဲ့ရတာ ချည်းပါပဲ၊ ဒါကြောင့်လည်း ငြိမ်းချမ်းရေး ဆိုတာ ဝယ်လို့ မရပါ။
(ကိုအောင်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တဦးဖြစ်ပြီး ၁၉၈၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။)