မြန်မာပြည် အပြောင်းအလဲတွေ နှေးကွေးနေတယ်၊ ရှေ့မတိုးဘဲ အီလည်လည်ဖြစ်နေတယ်လို့ ဝေဖန်သံတွေ ကျယ်လောင်လာပါတယ်။ အပြောင်းအလဲရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ကို ဒီထက်ပိုပြီး ခိုင်မာထိရောက်တဲ့ ခေါင်းဆောင်မျိုးအဖြစ် မြင်ချင် တွေ့ချင် နေကြပါတယ်။ ဒီအချိန်မှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သမ္မတရဲ့ အရာမရောက်တဲ့ ညွန်ကြားချက်တခု ထွက်ပေါ်လာတော့ ပွဲဆူသွားပါတယ်။ တချို့က လှောင်ပြောင်ကြပါတယ်။ ထူးဆန်းတဲ့ အဲဒီ ညွန်ကြားချက်သစ်ဆိုတာက လက်ဆောင်တန်ဖိုးကို အများဆုံး သုံးသိန်းအထိပဲ လက်ခံရမယ် ဆိုတာပါ။
ဒီသတင်းကို ဖတ်ရတော့ လွန်ခဲ့တဲ့နှစ်က သတင်းတပုဒ်ကို သတိရသွားပါတယ်။ သတင်းကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီ ကလင်တန်က သမ္မတ အိုဘားမားထက် လက်ဆောင် ပစ္စည်းတွေ ပိုရတယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ပေးတယ်၊ ဘာလက်ဆောင်ပစ္စည်း ဖြစ်တယ်၊ ဘယ်လောက်တန်သလဲဆိုတာမျိုးကို ရေးသားထားတဲ့ သတင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဟယ်လာရီကလင်တန်ကို ဆော်ဒီအာရေးဗီးယား ဘုရင်က လက်ဆောင်ပေးတဲ့ ရွှေသား လက်ဝတ်လက်စား တန်ဖိုးက အမေရိကန်ဒေါ်လာ သန်းတဝက်လောက်တန်ပြီး ဘရူနိုင်း ဘုရင့် မိဖုရားကြီးက ပေးတဲ့ ရွှေ၊ နီလာနဲ့ စိန် လက်ဝတ်လက်စားတွေဟာ ဒေါ်လာ ငါးသောင်း ရှစ်ထောင် ဝန်းကျင်တန်ပါတယ်။ သမတ အိုဘားမား ရခဲ့သမျှ လက်ဆောင်တွေထဲ တန်ဖိုးအမြင့်ဆုံးက ဆောလမန် အိမ်ရှေ့စံမင်းသားက လက်ဆောင်ပေးတဲ့ ရွှေကွပ်ထားတဲ့ နာရီ ဖြစ်ပြီး ဒေါ်လာ တသောင်းခြောက်ထောင်ငါးရာ တန်ပါတယ်။ ဒီသတင်းကို အစိုးရက တရားဝင်ထုတ်ပြန်ပြီး သတင်းဌာနတွေက ကိုးကား ရေးသားကြတာ ဖြစ်ပါတယ်။
ဒီထဲမှာ ဦးသိန်းစိန်က အမေရိကန် သမ္မတ ကတော် မီရှယ်အိုဘားမားနဲ့ သမီးနှစ်ယောက်အတွက် ပေးတဲ့ လက်ဝတ်ရတနာတွေလည်း ပါဝင်ပါတယ်။ သမ္မတ ကတော်အတွက် ဒေါ်လာ ၄၂၀၀ တန်တဲ့ စိန်နဲ့ ပုလဲလည်ဆွဲ၊ သမီးနှစ်ယောက်အတွက် ဒေါ်လာ ၄၄၀၀ တန်တဲ့ ပုလဲ၊ စိန်နဲ့ ရွှေသားတို့နဲ့လုပ်ထားတဲ့ ပန်းပွင့်ပုံ ရင်ထိုးနှစ်ခုတို့ ဖြစ်တယ်လို့ ရေးကြပါတယ်။ ဒီသတင်းက အစိုးရထုတ်ပြန်တဲ့ လက်ဆောင်စာရင်းထဲက ဟယ်လာရီကလင်တန်နဲ့ အိုဘားမားကို ကွက်ပြီး သတင်းဌာနတွေက သတင်းရေးကြတာဖြစ်ပါတယ်။ တကယ်တော့ ပြည်ထောင်စု စာရင်းမှတ်ပုံတင်ဌာန ဝက်ဆိုက်မှာ အိုဘားမား၊ ကလင်တန်တို့အပြင် ဌာနအလိုက်၊ တဦးချင်း လက်ခံရရှိခဲ့တဲ့ စာရင်းကို ထုတ်ပြန်ထားတာကို www.federalregister.gov မှာ ဘယ်မဆို အလွယ်တကူပဲ ကြည့်လို့ ရပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံရေး ဆက်ဆံရေး အက်ဥပဒေအရ ဒီလို ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဥပဒေအရ လက်ဆောင်တွေဟာ အမျိုးသားမော်ကွန်းနှင့် အထွေထွေဝန်ဆောင်မှုဌာနက သိမ်းဆည်းဖို့ တာဝန်ရှိပါတယ်။ လက်ဆောင်ရတဲ့သူက ငွေအမ်းမှ ကိုယ်ပိုင်ပစ္စည်းအဖြစ် ယူနိုင်ပါတယ်။ လက်ဆောင်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အစိုးရဝန်ထမ်းတွေ လိုက်နာရမယ့် ကျင့်ဝတ်ရှိပါတယ်။ www.oge.gov မှာ လေ့လာကြည့်မယ်ဆိုရင် ပြင်ပဌာနမှ လက်ဆောင်ဆိုပြီး ရှင်းရှင်းလင်းလင်း တိတိကျကျ ဖွင့်ဆိုရှင်းပြထားပါတယ်။
အုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေအားလုံး ရာထူးတာဝန်ကို အကြောင်းပြုလို့ ဒါမှမဟုတ် အကျိုးကျေးဇူးကို မျှော်ကိုးပြီး အပြင်လက်ဆောင်တွေကို လက်ခံတာမျိုးကို ခြွင်းချက်ကလွဲလို့ ခွင့်မပြုလို့ ဖော်ပြထားပါတယ်။ ခြွင်းချက်တချို့ကို ဖော်ပြထားတဲ့အထဲမှာ လက်ဆောင်ပစ္စည်းတခုဟာ ဒေါ်လာ ၂၀ ထက် မပိုရ၊ တနှစ်အတွင်း လူတယောက်ဆီက အများဆုံး ဒေါ်လာ ၅၀ ထက် မပိုရဆိုပြီး ဖော်ပြထားပါတယ်။
မြန်မာသမ္မတက ညွန်ကြားတဲ့ အများဆုံး သုံးသိန်းတန်ဖိုးနဲ့ ပတ်သက်လို့ ဝေဖန်သံတွေ အတော်လေး ထွက်ပေါ်လာပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပွဲဦးထွက် မိန့်ခွန်းမှာ ပေးထားတဲ့ ကတိကဝတ်က “သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အစိုးရ” ဖြစ်လို့ ပိုပြီး ကျင့်ဝတ်ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့မျိုးကို မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ မျှော်လင့်ချက်က တစစီဖြစ်သွားပါတယ်။ အစိုးရအရာရှိတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ အဆို လွှတ်တော်မှာ မဲခွဲတဲ့အခါ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ပါတယ်။
မြန်မာပြည်ဟာ ကမ္ဘာမှာ လာဘ်ပေးလာဘ်ယူ အဆိုးဆုံး နိုင်ငံဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေက သုံးသိန်းမက၊ သိန်းသုံးဆယ်မက၊ သိန်းသုံးရာမက၊ သိန်းသုံးထောင်မက ရှိနေလို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးဖို့ သမ္မတက သတိပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝေဝါးတဲ့၊ အရာမရောက်တဲ့ ညွန်ကြားချက်ဖြစ်လို့ လူရယ်စရာလို ဖြစ်သွားရပါတယ်။ ဒီထက်ပိုဆိုးတာက သုံးသိန်းအထိ လာဘ်ပေးနိုင်တယ်လို့ တရားဝင်ခွင့်ပြုတဲ့ သဘောမျိုးတောင် သက်ရောက်ပါတယ်။
ငွေကြေးတန်ဖိုးအရပြောရင်လည်း မြန်မာပြည်လို ဆင်းရဲတဲ့ နိုင်ငံအတွက် ဘယ်လိုမှ မဖြစ်သင့်တဲ့ ပမာဏဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အများဆုံး ဒေါ်လာ ၂၀ နဲ့ တနှစ်အတွင်း ဒေါ်လာ ၅၀ ထက် မပိုစေရလို့ အတိအကျ ဥပဒေပြဌာန်းထားပါတယ်။ နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို ဖော်ပြတဲ့ GDP per capita စာရင်းကို ကြည့်ရင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ ၂၀၁၂ စာရင်းမှာ အမေရိကန်တဦးချင်း ထုတ်လုပ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၅ သောင်းကျော်၊ မြန်မာတဦးချင်း ထုတ်လုပ်မှုတန်ဖိုး ၈ ရာကျော်ဆိုပဲ ရှိတာကို တွေ့ရပါတယ်။ အမှတ်စဉ်အလိုက် အမေရိကန်ပြည်ထောင်စုက အမှတ်စဉ် ၁၀ မှာ ရှိပြီး မြန်မာရဲ့ အမှတ်စဉ်က ၁၅၄ ဖြစ်ပါတယ်။
သမ္မတကြီးရဲ့ ညွန်ကြားချက်က ယုတ္တိလည်း မရှိပါဘူး။ တိုင်းပြည်မှာ အဓိက ပြဿနာတရပ်ဖြစ်တဲ့ လာဘ်ပေးလာဘ်ယူကိစ္စကို နိုင်ငံခေါင်းဆောင်တယောက်က ဒီလို စိတ်မပါသလို၊ ကြောက်သလို၊ ရွံ့သလို ညွန်ကြားတာ ရှက်စရာလည်း ကောင်းပါတယ်။ စစ်အစိုးရအဖွဲ့ထဲမှာ သန့်ရှင်းတယ်လို့ နာမည်ကြီးတဲ့ သမ္မတကို မျှော်လင့်နေကြတဲ့ ပြည်သူတွေအတွက်လည်း သမ္မတအပေါ် ခံစားချက် အမြင် ပြောင်းသွားစေပါတယ်။
တကယ်ဆိုရင် လာဘ်ပေးလာဘ်ယူကိစ္စ ညွန်ကြားချက်က သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုကို နောက်ဆုံး မီးမောင်းထိုးပြလိုက်တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ တာဝန်မဲ့တဲ့ စကားတွေကို ပြောတဲ့ အရာရှိဆိုးတွေ တယောက်ပြီး တယောက် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ထဲမှာ ဒီလိုလူမျိုးတွေ ဘယ်လောက်များများ ရှိနေသလဲ ဆိုတာကို တွေးတောစရာပါ ဖြစ်လာပါတယ်။ လူလည်းမပြောင်း၊ မူလည်းမပြောင်း၊ စိတ်ဓာတ်လည်းမပြောင်း၊ အကျင့်လည်းမပြောင်းတဲ့ ဒီလူတွေနဲ့ အပြောင်းအလဲကို ဘယ်လိုဖော်ဆောင်မလဲဆိုတာ ရင်လေးစရာကြီး ဖြစ်လာပါတယ်။
ကျန်နေသေးတဲ့ သက်တမ်းမှာ သမ္မတနဲ့ အစိုးရအဖွဲ့လည်း ပြည်သူ့ချဉ်ဖတ် မဖြစ်ဖို့ဆို ရွေးစရာတလမ်းတော့ ကျန်ပါသေးတယ်။ ၃ နှစ်ပြည့်လို့ ၂ နှစ်ခရီးဆက်ရဦးမယ့် သမ္မတအနေနဲ့ ဒီထက် နာမည်မပျက်ဖို့၊ ပိုထိရောက်တဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ပြဖို့၊ အပြောင်းအလဲတွေ ရှေ့တိုးဖို့ တက်ခါစ မိန့်ခွန်းမှာ ပြောခဲ့သလို ခေတ်နဲ့ အံမဝင်တော့တဲ့ လူတွေကို အပြောမဟုတ်ဘဲ လက်တွေ့ နောက်ချန်ထားဖို့ လိုပါလိမ့်မယ်။