ဗမာ့တပ်မတော်နေ့ကို အဓိပတိ ဒေါက်တာဘမော် လက်ထက် ဂျပန်ခေတ် ၁၉၄၅ ဇန်နဝါရီ ၂ ရက်နေ့ မှာ ပထမဆုံး ကျင်းပဖူးကြောင်း မှတ်တမ်းတချို့ ရှိခဲ့တယ်။ အဲဒီပွဲအပြီး မကြာမီမှာပဲ ၁၉၄၅ မတ်လ ၂၇ ဂျပန်တော်လှန်ရေး စတယ်။ တကယ်တော့ တော်လှန်ရေးစဖို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကနဦး စီစဉ်သတ်မှတ်ထားတာက ဧပြီ ၂ ရက်နေ့ပါ။ ဒါပေမယ့် ဂျပန်က အဲဒီအချိန်မှာ ဗမာ့ကာကွယ်ရေး တပ်မတော် သူတို့ကို ပြန်တော်လှန်တော့မှာပဲဆိုတာ သိနေ၊ စောင့်ကြည့်နေတယ်၊ ဗိုလ်မှူး ဗထူး ခေါင်းဆောင်တဲ့ တပ်တချို့ကလည်း ရှမ်းပြည်မှာ တော်လှန်ရေး စနေပြီ။ ဒါကြောင့် လုံခြုံရေးအတွက် ရှေ့ကို တပတ်စော ရက်ပြောင်းသတ်မှတ်ခဲ့တယ်။
မတ်လ ၂၇ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ အဖြစ် ပြောင်းလဲ သတ်မှတ်မှုအပေါ် သမိုင်းမှာ အချက်အလက် အမျိုးမျိုး လက်ရှိတိုင် ပြောဆိုနေကြတယ်။ တကယ်တော့ ၁၉၅၄/၅၅/၅၆ ဝန်းကျင် ဖဆပလ ဦးနု ခေတ်ကတည်းက တော်လှန်ရေးနေ့ကို တပ်မတော်နေ့သဘော အသိအမှတ်ပြုခဲ့မှုတွေ ရှိခဲ့တယ်။ တော်လှန်ရေးကောင်စီ အုပ်ချုပ်မှုကနေ မဆလ တပါတီ အာဏာရှင် အစိုးရ ဖွဲ့စည်းပြီး ၁၉၇၄ နောက်ပိုင်းမှာတော့ တော်လှန်ရေးနေ့ နာမည်နဲ့ သဘောဟာ လုံးလုံးပျောက်ခဲ့ရကာ တပ်မတော်နေ့အဖြစ်သာ လုံးလုံး အထိမ်းအမှတ်ပြုခြင်း ခံခဲ့ရတယ်။
ဗမာပြည်ဟာ လွတ်လပ်ရေး ရရချင်းမှာပဲ လူမျိုးရေး၊ နိုင်ငံရေး အယူဝါဒ အကွဲအပြဲ မျိုးစုံကြောင့် ပြည်တွင်းစစ်က ကပ်ပါလာတယ်။ ပြည်ပရန် တရုတ်ဖြူ ကျူးကျော်မှု ခံရတယ်။ ဒီမိုကရေစီ စနစ်အရ အာဏာရနေတဲ့ ဖဆပလ ပါတီ မှာလည်း တပ်မတော် ခေါင်းဆောင်းပိုင်းနဲ့ နီးစပ်တဲ့ ဆိုရှယ်လစ် နိုင်ငံရေးအုပ်စု ရှိတယ်၊ အပြန်အလှန် တပ်မတော်ကလည်း အဆိုပါ နိုင်ငံရေး အုပ်စုကို ပြန်လည် ထောက်ခံမှုပေးတယ်။
ဒီလိုနောက်ခံမှာ တပ်မတော်ရဲ့ သြဇာ၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေဟာ တိုင်းပြည်မှာ တဖြည်းဖြည်း အခြေတည် ကြီးထွားလာခဲ့တယ်။ ပြည်တွင်းစစ်ကြောင့် အစိုးရဟာ စစ်တပ်ကို အားကိုးနေရတယ်။ ဒါ့အပြင် တရုတ်ဖြူ ကျူးကျော်မှုကို တွန်းလှန်နိုင်မှုကြောင့် ဂျပန့်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးမှာ ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပြည်သူ့ အသည်းကျော် ဖြစ်ခဲ့တဲ့ ဗမာ့တပ်မတော်ဟာ လူထု အများကြားမှာ ရေပန်စားလျက်၊ ကြည်ညိုလျက်ပဲ ရှိနေတယ်။
ဒီလိုနဲ့ ပြည်တွင်းစစ်၊ တရုတ်ဖြူစစ် တိုက်နေရတဲ့ စစ်ပွဲတွေအတွက် စစ်ရန်ပုံငွေ လိုတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တပ်မတော်ဟာ စီးပွားရေး လုပ်ပိုင်ခွင့်တွေ စရလာတယ်။ ယနေ့ခေတ် ဦးပိုင်လို DSI, BEDC စတဲ့ စစ်တပ်ပိုင် စီးပွားလုပ်ငန်းစုကြီးတွေ အခြေတည်လာတယ်။ ဥပမာ – နောက်ပိုင်းမှာ BEDC ထုတ် အရက်ဖြူဆိုတာ နာမည်ကျော်ပေါ့။ ဒီလို စီးပွား အစုစုဟာ စစ်စရိတ်အတွက် ဖြစ်တာကြောင့် အခွန်ဆောင်စရာ မလိုဘူး။
ပြည်တွင်းစစ် နယ်မြေ မငြိမ်းချမ်းမှုကြောင့် တပ်မတော်ဟာ အုပ်ချုပ်ရေးမှာလည်း ဝင်ပါလာရတယ်။ ဥပမာ – ရှမ်းပြည် ဆိုရင် ဖဆပလ ခေတ်မှာ စစ်အုပ်ချုပ်ရေး (Martial Law) အောက် နေရချိန်က အများစု ဖြစ်တယ်။ ဒီလိုနဲ့ နုနယ်တဲ့ လွတ်လပ်စ ဒီမိုကရေစီ နိုင်ငံမှာ တပ်မတော်နဲ့ သူ့ရဲ့ အကျိုးစီးပွား၊ အာဏာတွေဟာ ကျယ်ပြန့်လာခဲ့တယ်။
ဒီလို အနေအထားမှာ ဒီမိုကရေစီ ခေတ်ဦး ဖဆပလ အစိုးရ၊ အထူးသဖြင့် စစ်တပ်ထောက်ခံမှုရ ဆိုရှယ်လစ်အုပ်စုနဲ့ စစ်တပ်အတွင်း ဆိုရှယ်လစ် အုပ်စု နှစ်ခုပေါင်းဟာ အာဏာနိုင်ငံရေး အနေအထားအရ တပ်မတော် အခန်းကဏ္ဍကို မြှင့်တင်တဲ့ အနေနဲ့ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အသိအမှတ်ပြုမှု သဘောရအောင် ကြံဆောင်လာတယ်။ ဒီလိုနဲ့ နောက်ပိုင်း စစ်တပ်နောက်ခံပြု မဆလ တပါတီ အာဏာရှင် စနစ်၊ နဝတ၊ နအဖ ခေတ်ကနေ လက်ရှိ မျက်မှောက်တိုင် တော်လှန်ရေးနေ့ဟာ တပ်မတော်နေ့ သဘောသက်သက် ဖြစ်လာခဲ့ရတယ်။
တိုင်းပြည် လွတ်လပ်ရေးနဲ့ ကာကွယ်ရေးအတွက် သမိုင်းမှတ်တိုင် ရှိခဲ့တဲ့ တပ်မတော်ကို ဂုဏ်ပြု တပ်မတော်နေ့ သတ်မှတ်ခြင်းဟာ လုပ်သင့်၊ လုပ်ထိုက်တဲ့ အလုပ်တခုပါ။ ဒါပေမယ့် သီးသန့် တပ်မတော်နဲ့ လုံးလုံး သက်ဆိုင်တဲ့ နေ့မျိုးသာ ဖြစ်သင့်၊ သတ်မှတ်ခဲ့သင့်တာပေါ့။ တခြား တိုင်းပြည်တွေမှာလည်း ဒီလို သဘောပဲ ရှိတယ်။ ဥပမာ – ထိုင်း တပ်မတော်နေ့ဟာ တောင်ငူမင်းဆက်ခေတ်မှာ မြန်မာဘုရင်နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အောင်နိုင်မှုကို အထိမ်းအမှတ်ပြု သတ်မှတ်ထားခြင်းဖြစ်တယ်။
ဖက်ဆစ် ဂျပန်ကို တော်လှန်ခဲ့တဲ့ မတ်လ ၂၇ တော်လှန်ရေးနေ့ကို အခုလို တပ်မတော်နေ့ လုပ်ခဲ့ခြင်းဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး သမိုင်းမှာ တပ်မတော် တခုတည်းကိုသာ အဓိက ဦးစားပေးလိုက်ခြင်း ဖြစ်သလို၊ လွတ်လပ်ရေး လှုပ်ရှားမှု အဆင့်ဆင့်မှာ ပါဝင်ခဲ့တဲ့ ရဟန်း ရှင်လူ၊ ကျောင်းသား၊ လူထု လူတန်းစား အစုအဖွဲ့ အသီးသီး၊ နိုင်ငံရေး အင်အားစု အသီးရဲ့ အခန်းကဏ္ဍကိုလည်း တဖက်စောင်းနင်း၊ မှေးမှိန် လျှော့ချပစ်လိုက်ရာ ရောက်သွားခဲ့တယ်။ ဒါ့အပြင် နောင်မှာ တိုင်းပြည်ကို မွဲဆေးဖော်၊ ချောက်ထဲ လုံးလုံးဆွဲချမယ့် စစ်အာဏာရှင်စနစ် ရှင်သန် ထမြောက်အောင် သမိုင်းလမ်းစ ခင်းပေးသလို ဖြစ်သွားခဲ့ရတယ်။
မတ်လ ၂၇ တော်လှန်ရေးနေ့ဟာ တပ်မတော်ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တခုတည်းရဲ့ ကိုယ်ပိုင် မဟုတ်ဘူး ဆိုတာကို ရှည်ရှည်ဝေးဝေး အကြောင်းပြချက်တွေ ပေးစရာမလိုပါ။ ဂျပန့်တော်လှန်ရေး အတွက် တော်လှန်ရေး စစ်တိုင်းကြီး ၇ တိုင်းခွဲ သတ်မှတ်ရာမှာ စစ်ခေါင်းဆောင် အပြင် ပူးတွဲ နိုင်ငံရေး ခေါင်းဆောင်တွေပါ တာဝန်ပေး သတ်မှတ်ခဲ့တဲ့ သမိုင်းသက်သေ ရှိတယ်။ လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် နိုင်ငံရေး အုပ်စု အသီးသီးဟာ တော်လှန်ရေးကဏ္ဍ အသီးသီးမှာ ပါဝင်ခဲ့တယ်။ လက်နက်ကိုင် တော်လှန်ရာမှာလည်း တောင်သူလယ်သမား၊ လုပ်သား ပြည်သူ အားလုံး ပြည်သူ့စစ်အနေနဲ့ ပါဝင်ခဲ့တယ်။ ဒါကြောင့် မတ်လ ၂၇ တော်လှန်ရေးနေ့ဟာ တိုင်းပြည်ရဲ့ လူထု၊ လူတန်းစား၊ အစုအဖွဲ့ အသီးသီးနဲ့ သက်ဆိုင်တဲ့ နေ့သာဖြစ်ပြီး တပ်မတော်နေ့ မဟုတ်ကြောင်း ထင်ရှားတယ်။
ဒီလို ၁၉၄၅ မတ်လ ၂၇ ဖက်ဆက်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လုပ်ခဲ့ခြင်းဟာ ဗမာ့တပ်မတော် သန္ဓေတည် စတင်ပေါက်ဖွားရာ ဗမာ့မျိုးချစ် လွတ်လပ်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ချိုးနှိမ် ပယ်ဖျက်ရာ ရောက်နေပြန်တယ်။ အထူးသဖြင့် ၁၉၄၁ ဒီဇင်ဘာ ကတည်းက တည်ရှိလာခဲ့တဲ့ BIA ခေတ် ဗမာ့လွတ်လပ်ရေး တပ်မတော်ပါ မျိုးချစ် ဗမာ့တပ်မတော်သားတွေရဲ့ ပေးဆပ်မှု အလုပ်တွေ၊ ကျဆုံးခဲ့သူ ရဲဘော်တွေရဲ့ အသက်တွေကို အသိအမှတ်မပြုရာ ရောက်နေတယ်။
အကြောင်းက ဗမာ့တပ်မတော်ဟာ ၁၉၄၅ မတ်လ ၂၇ ကျမှ စတင် တည်ထောင်ခဲ့တာ မဟုတ်ဘူး။ ၁၉၄၁ ဒီဇင်ဘာ ၂၆ ကတည်းက ဂျပန်စစ်သင်တန်းဆင်း ရဲဘော်သုံးကျိပ်ဝင် ရဲဘော်တစု ဘန်ကောက်မှာ လက်မောင်းသွေးဖောက် သွေးသစ္စာ ပြုပြီး ခေတ်သစ် ဗမာ့တပ်မတော်ကို တည်ထောင်ပြီး ဖြစ်တယ်။ ဒီဇင်ဘာ ၂၈ မှာ ရဲဘော်သုံးကျိပ်ဝင် ခေါင်းဆောင် တစုဟာ ထိုင်းနိုင်ငံရောက် ဗမာမျိုးဆက် နောက်လိုက်တစု နဲ့အတူ (ဂျပန် အကြံပေးတွေ အပါအဝင်) အရေအတွက် ၃၀၀ နီးပါးရှိတဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို စတင်၊ ခေတ်သစ် ဗမာ့တပ်မတော်ဟာ မွေးဖွားခဲ့ပြီး ဖြစ်တယ်။ အခုလို နောင် သုံး၊ လေးနှစ်ကြာ နောက်ကျနေတဲ့ ခုနှစ်ရက်စွဲ ၁၉၄၅ မတ်လ ၂၇ ကို ဂုဏ်ပြု တပ်မတော်နေ့ လုပ်နေတော့ ကနဦး တပ်မတော်မှာ ပါခဲ့တဲ့သူတွေ၊ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေ၊ ကျဆုံးခဲ့သူတွေရဲ့ သမိုင်းဟာ အဖျောက်ခံရ၊ အဖျက်ခံရသလို ဖြစ်နေတယ်။
၆ လက်မ ထက်ကျော်တဲ့ ဓားတိုတလက် မကိုင်နိုင်တဲ့ သူ့ကျွန်ဘဝကနေ အင်အားကြီး ဗြိတိသျှ မဟာမိတ်တပ်ကို ကမ္ဘာကျော် ရွှေတောင်တိုက်ပွဲ (၁၉၄၂ မတ်) လို ဒုတိယ ကမ္ဘာစစ်ရဲ့ အရေးပါတဲ့ အထင်ကရ စစ်ပွဲကြီးမျိုးမှာ အနိုင်ရအောင် တိုက်နိုင်ခဲ့တဲ့ ရှေးဦး ဗမာ့လွတ်လပ်ရေးတပ်မတော် စတင် တည်ထောင်ရာ ၁၉၄၁ ဒီဇင်ဘာ ကာလတွေ၊ ပါဝင်ခဲ့သူတွေဟာ ဗမာ့ တပ်မတော် သမိုင်းအတွက်၊ ဗမာ့ လွတ်လပ်ရေး သမိုင်းအတွက် အင်မတန် အရေးပါ ပါတယ်။ ပါဝင်ခဲ့သူ၊ ကျဆုံးခဲ့သူ ရဲဘော်၊ စစ်သည်၊ အကြပ်တပ်သား အားလုံးဟာ လက်ရှိ ဗမာ့တပ်မတော် ရဲ့ မူလ ရေသောက်မြစ်ဖြစ်တယ်။ သူတို့ဟာ တပ်မတော်နေ့ဆိုပြီး ဗမာ့ သမိုင်းမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြု ခံထိုက်သူတွေပါ။
ဗမာ့တပ်မတော် သမိုင်းဟာ နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ဆိုး နဲ့အတူ ကျောင်းသား၊ ရဟန်း၊ ပြည်သူ အပေါ် သွေးစွန်းစေခဲ့တဲ့ နေရက်များကို ဖြတ်သန်း လူထုအကြား အမြင်မကြည်လင် အော့နှလုံး နာစရာတွေ သမိုင်းမလှ ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရတယ်။ ဘယ်လိုပင် ဖြစ်ခဲ့ ဖြစ်ခဲ့ အငြိုး၊ အတေး၊ အာဃာတ တရား ထားခဲလှတဲ့ ဗမာတွေရဲ့ ရင်ဘတ် နှလုံးသားနဲ့ ဦးနှောက်မှာ ဗမာ့တပ်မတော် စတင် မွေးဖွာရာ အချိန်ကာလနဲ့ ကောင်းသမိုင်းဟာ စွဲထင်ကျန်နေဆဲ ဖြစ်တယ်။ ဗမာ့ တပ်မတော်ရဲ့ သမိုင်းကြောင်း အကောင်းကို အသိအမှတ်ပြုသလို အနာဂတ် တိုင်းပြည် ကာကွယ်ရေး အတွက် အရေးပါမှုကိုလည်း နားလည်တဲ့အတွက် တပ်မတော်နေ့ကို အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်တဲ့ ဆန္ဒ ပြည်သူမှာ ရှိပါတယ်။ တကယ့် တပ်မတော်နေ့ စစ်စစ်ဖြစ်ဖို့သာ လိုပါတယ်။
သမိုင်းကို ပြင်ခြင်း၊ လိမ်ခြင်း၊ ဖုံးခြင်း၊ တလွဲပြုခြင်းဟာ အနာဂတ် မျိုးဆက်သစ်ကို သစ္စာဖောက်ရာ ရောက်ပါတယ်။ အရှိအတိုင်း၊ သမိုင်း အမှန်အတိုင်းပဲ သမိုင်းရက်စွဲတွေကို သတ်မှတ် ဂုဏ်ပြုရပါမယ်။
ဒါပေမယ့် လက်ရှိတိုင်အောင် သမိုင်းမှန်အတိုင်း ဂုဏ်မပြုနိုင်သေးပါ။ ယနေ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းမှာလည်း မနှစ်က စကြားလာရတဲ့ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ သဘောတွေ လျော့သွားပေမယ့် အဓိက မတ်လ ၂၇ ရက်ရဲ့ အနှစ်သဘော စစ်ဝါဒီများ ကြီးစိုးရာ ဖက်စစ်စနစ်ကို စတင် တော်လှန်တိုက်ခိုက်ခြင်းရဲ့ အကျိုးကျေးဇူး၊ တော်လှန်ရေးနေ့ သမိုင်းအခန်းကဏ္ဍ၊ စစ်ဝါဒ အမြစ်ပြတ်ရေး သဘောကို ဖော်ထုတ်မှုက နည်းနေသေးကြောင်း တွေ့ရတယ်။
မျက်မှောက်ခေတ် ဒီမိုကရေစစ် စနစ်ကို သွားနေတယ်ဆိုတဲ့ ပြည်သူ့ အစိုးရခေတ်ကြီးမှာ လုပ်အားပေး ချွေးတပ် ပေါ်တာ ဆွဲခံထိ အရပ်သား ပြည်သူကို ရှေ့က မိုင်းရှင်းခိုင်းတတ်တဲ့ စနစ်ဆိုး မကျင့်သုံးသေးဘဲ “ဒို့ဗိုလ်က ဓားကို ဆွဲလို့ ရှေ့က တက်ပါတယ်” ပဲ ဆိုတတ်တဲ့ ဗမာ့တပ်မတော်ရဲ့ အမွန်အဦးခေတ် ပြည်သူ့ကြားက ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော် ကိုသာ ဂုဏ်ပြု တပ်မတော်နေ့အဖြစ် သီးသီးခြားခြား ပြန်လည် ပြင်ဆင် သတ်မှတ်နိုင်ခဲ့ရင် ပြည်သူ့ လူထု အားလုံး စိတ်စိတ်ရှင်းရှင်းနဲ့ တပ်မတော်နေ့ကို ဂုဏ်ပြုနိုင်ပါမယ်။ ရှေးဦး ဗမာ့တပ်မတော် စတင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေကိုလည်း ကျေးဇူးသိတတ် အမှတ်ရ ဂုဏ်ပြုရာ ရောက်ပါမယ်၊ သမိုင်းနောက်ခံ သဘောအရလည်း အလုံးစုံ မှန်ကန်ပါမယ်။
ဒါ့အပြင် လက်ရှိ တပ်မတော်နေ့ အဖြစ် စစ်တပ်တခုတည်း မောင်ပိုင်စီးခြင်း ခံနေရတဲ့ မတ်လ ၂၇ ရက် ဖက်ဆစ် တော်လှန်ရေး သမိုင်းနဲ့ ပါဝင်ခဲ့သူ ရဟန်း ရှင်လူ ပြည်သူများရဲ့ ပေးဆပ်မှုကိုလည်း တန်ဖိုးထား လေးစားရာ ရောက်ပါမယ်။
ဒါကြောင့် မတ်လ ၂၇ ရက်နေ့ဟာ တပ်မတော်နေ့ မဟုတ်၊ ဖက်ဆစ် တော်လှန်ရေးနေ့သာ ဖြစ်ကြောင်း သမိုင်း အမှန် အမြန်ဆုံး ပြန်လည် ပြင်ဆင်သင့်ပါပြီ။ ခေတ်သစ် ဗမာ့တပ်မတော် အမှန်တကယ် မွေးဖွားရာ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက်နေ့ကသာ အမှန်တကယ် ဂုဏ်ပြုထိုက်တဲ့ တပ်မတော်နေ့ ဖြစ်သင့်ကြောင်း တင်ပြလိုက်ရကြောင်းပါ။
(ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်)