နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာ ပြည်တွင် သန်းခေါင် စာရင်း စတင် ကောက်ယူ တော့မည့်ရက် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။
လာမည့် မတ်လ ၂၉ ရက်နေ့ သန်းခေါင် အချိန်တွင် စတင် ကောက်ယူမည့် ယင်း အစီအစဉ်ကို ကမ္ဘာ့ ကုလသမဂ္ဂက ကူညီပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာပြည်၏ လူဦးရေ၊ လူမှု စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အချက်အလက် များကို တိတိ ကျကျ ပြန်လည် ကောက်ယူမည့် အစီအစဉ် ဖြစ်သောကြောင့် ရည်ရွယ်ချက် ကြီးမားသည်ဟု ဆိုရမည်။
သန်းခေါင် စာရင်းကောက် ယူရန် အချိန်နီးကပ်လာ သည်နှင့်အမျှ အနုပညာရှင်များ အပါအဝင် တာဝန်ရှိသူများက အင်တိုက် အားတိုက် ပညာပေးနေ ကြသော်လည်း နားမလည်သေး သူများ၊ အစိုးရိမ်ကြီးနေ သူများ၊ ဆန့်ကျင် ဆန္ဒပြမည့် သူများ ရှိနေသည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းတွင် မိသားတစုချင်းစီ၏ လူဦးရေ၊ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ အသက်အရွယ် အပိုင်းအခြား၊ ကိုးကွယ်သည့်ဘာသာ စသည်တို့အပြင် လျှပ်စစ်မီး အသုံးပြုနိုင်မှုမှစ၍ အသုံးပြုသည့် အိမ်သာစနစ်အထိ စာရင်းယူမည်ဖြစ်ရာ တိုင်းပြည်၏ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း၊ လူနေမှုအဆင့်အတန်းနှင့် ကျန်းမာရေး အဆင့်အတန်း ရာခိုင်နှုန်းတို့ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မည်။
သို့မှသာ မြန်မာပြည် ပြန်ထူထောင်ရေးတွင် အရေးပါသည့် အောက်ခြေလူထု အမှန်တကယ် ခံစားနေရသော အချက်အလက်များကို ခြေခြေမြစ်မြစ် သိနိုင်မည်။ ထိုအခြေပြ စာရင်းဇယားများက တိုင်းပြည် ဒေသအသီးသီးတွင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် အခြေခံအချက်အလက်များ အဖြစ် အထောက်အကူပြုနိုင်ပေလိမ့်မည်။
သို့ရာတွင် သန်းခေါင်စာရင်းဆိုလျှင် မိမိတို့၏ မွေးဖွားရာနိုင်ငံအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့်ကို ထိန်းချုပ်ခြင်းဟု နှစ် ၅၀ ကျော် စစ်အစိုးရလက်အောက် အရိုးစွဲ မြင်တွေ့လာခဲ့ရသော မြန်မာလူထုအများစုသည် ဤသို့အရေးပါမှုကို သဘောမပေါက်ပါ။ ယင်းအတွက် အံ့ဩစရာလည်း မဟုတ်ပေ။
မြန်မာပြည်သူလူထုနှင့် ဆယ်စုနှစ်သုံးခုခန့် ကင်းကွာနေခဲ့သော သန်းခေါင်စာရင်း အစီအစဉ်နှင့် ပတ်သက်သည့် ပညာပေးမှုများ ကို အစိုးရ၏ ပြန်ကြားရေးယန္တရားနှင့် နီးစပ်သည့် မြို့ပြနေ လူတန်းစားတချို့ သိရှိနားလည်ရန် လွယ်ကူသော်လည်း ကျေးလက် တောရွာများ၊ ဒုက္ခသည်စခန်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏နယ်မြေများရှိ ပြည်သူများ၊ စစ်ဘေးဒဏ်ကြောင့် တောတွင်းရှောင်ပုန်း နေရသူများအတွက်မူ သိနားလည်ရန် ခက်ခဲလိမ့်မည်။
အလားတူ နယ်စပ်ဖြတ်ကျော်၍ အိမ်နီးချင်းနိုင်ငံများသို့ သွား ရောက်နေထိုင်သူများ၏ မွေးစာရင်းမဲ့ နိုင်ငံမဲ့ သားသမီးများ၊ ဒုက္ခ သည်စခန်းများတွင် မွေးဖွားသည့် ကလေးငယ်များ၊ စစ်ဘေးရှောင်ရင်း မွေးဖွားသည့် ကလေးငယ်များအတွက် မည်သည့်အစီအစဉ်ဖြင့် သန်းခေါင်စာရင်း ကောက်ခံမည်ဖြစ်ကြောင်း စသည့် တိကျရေရာ သော သတင်းထုတ်ပြန်မှုများလည်း မရှိသလောက် နည်းပါးသည်။
လာမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပြဿနာတချို့ လည်း ကြုံတွေ့နိုင်ပြီး အရေးအကြီးဆုံးမှာ လက်ရှိအချိန်အထိ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ပြဿနာနှင့် ဆက်စပ်နေသည်။
နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က ယခင်အစိုးရများလက်ထက်တို့တွင် တိုင်းပြည်တွင်းရှိ မွတ်စလင် ဘာသာဝင် ဦးရေကို အမှန်တကယ်ရှိသည်ထက် လျော့နည်းဖော်ပြခဲ့သည်ဟု ဆိုထားရာ သန်းခေါင် စာရင်း ကောက်ခံပြီး၍ မွတ်စလင် ဦးရေစာရင်း အမှန်ထွက်ပေါ်လာပြီး အများသိထားသည်ထက် အဆမတန် များပြားနေပါက ထိုအခြေအနေကိုအခွင့်ကောင်းယူကာ ဆူပူလှုံ့ဆော်မှုဖန်တီးကြမည့်သူများ ရှိနိုင်သည်ဟူ၍ စိုးရိမ်ကြသူများ လည်းရှိသည်။
မည်သည့် အခက်အခဲ၊ မည်သည့် စိုးရိမ်ပူပန်မှုများ၊ ဆန္ဒပြမှု များ ရှိနေနိုင်သော်လည်း သန်းခေါင်စာရင်းကိုမူ မဖြစ်မနေ ကောက်ခံရတော့မည်။ မြန်မာပြည်သူလူထု၏ အခြေအနေမှန်၊ ဖွံ့ဖြိုးတိုးတက်မှု အခြေပြစာရင်းကို နှစ်သုံးဆယ်ကျော် ခန့်မှန်းချက်များဖြင့်သာ သိရှိခဲ့ကြသည်။ ယခု သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့်သာ အနီးစပ်ဆုံး စနစ်တကျ တိကျစွာ သိရှိနိုင်ပေလိမ့်မည်။