ဦးလနန်သည် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကို ၁၉၈၉ ခုနှစ်တွင် စတင် ဝင်ရောက်လာပြီး ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ KIO ကိုယ်စားလှယ် အဖြစ် အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သည်။ ၂၀၀၉ မှ ၂၀၁၀ အထိ KIO တွင် တိုင်းအုပ်ချုပ်ရေး ဘက်သို့ရောက်ရှိပြီး KIO တွဲဖက် အတွင်း ရေး မှူး တာဝန်ယူထားသူ ဖြစ်သည်။
ဦးလနန်အား လက်ရှိ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို ဧရာဝတီ သတင်းဌာန မြန်မာ ပိုင်း သတင်းထောက် နန်းဆိုင်နွမ် နှင့် အင်္ဂလိပ်ပိုင်း သတင်းထောက် ရင်စနိုင်းတို့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ဌာနချုပ် တွင် သီးသန့် တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး။ ။ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နဲ့ မြန်မာအစိုးရ လက်ရှိ တိုက်ပွဲ အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ တိုက်ပွဲတွေတော့ လျော့တယ်လို့ ပြောလို့ ရပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ အမြဲ တမ်း ဆွေးနွေးတဲ့ နေရာမှာ တိုက်ပွဲ အရှိန်၊ အကြိမ် အရေအတွက် လျော့ကျဖို့ ဆွေးနွေးတာ ရှိတယ်။ တိုက်ပွဲက နည်းတော့ နည်း တယ်။မရှိဘူး လုံးဝ ပျောက်သွားပြီတော့ မဟုတ်ဘူး။ အခုဖြစ်တဲ့ တိုက်ပွဲက ပုံစံ ကွဲပြား သွားတယ်။ အရင်တုန်းက အတင်း အဓမ္မ ထိုးစစ် ဆင်မယ်။ အခုတော့ အတင်း အဓမ္မ ထိုးစစ် ဆင်တဲ့ ပုံစံ မဟုတ်ဘဲ ကျနော်တို့ ရှိတဲ့ စခန်းကို အလစ် ဝင်တိုက်တဲ့ တိုက်ပွဲ ပုံစံ ရှိတယ်။ တိုက်ပွဲတော့ လုံးဝ မရှိဘူးလို့ ပြောလို့ မရသေးဘူး။ တိုက်ပွဲတော့ ရှိတယ်။ ဖြစ်ပေါ်တဲ့ အကြောင်းရင်းတွေက ပြောင်း တယ်။
မေး။ ။ တိုက်ပွဲပုံစံ ပြောင်းတယ် ဆိုတာက ဘယ်လို ပြောင်းသွားတာလဲ။
ဖြေ။ ။ အရင်တုန်းကတော့ အင်နဲ့အားနဲ့ပေါ့။ ထိုးစစ်ကို သုံးလေးကြောင်းနဲ့ ထိုးစစ်ဆင်တာပေါ့။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ KIA ရဲ့ ဘယ်ရှေ့တန်း စခန်း အလစ် ဝင်တိုက်လို့ ရမယ် ဆိုတဲ့ အကွက်ကျကျ စီစဉ်တာပေါ့။ တချို့ နေရာကတော့ ဝင်တိုက် ဝင်စီးပြီးမှ တပတ်နှစ်ပတ်နေ ပြန်ဆုတ် သွားတဲ့ ဟာမျိုး၊ ဒါပေမယ့် တိုက်ပွဲကတော့ ဖြစ်သွားပြီ၊ ကျနော်တို့ရဲ့ လူတွေကလည်း နေရာ ဖယ် ပေး လိုက်ရတာ ရှိတာပေါ့။ သူတို့တွေ့လည်း အဲ့ဒီမှာ တပတ် တနှစ်၊ တချို့ကျတော့ တလလောက် နေပြီး ပြန်ဆုတ် သွားတယ်။ ပြောရမယ် ဆိုရင်တော့ မြန်မာအစိုးရက နယ်မြေသိမ်းတဲ့ တိုက်ပွဲ ပုံစံ မဟုတ်ဘဲ ဝင်စီးပြီး အလစ် ဝင်တိုက်တာပေါ့။ မြန်မာအစိုးရ စစ်ကြောင်းက ကြားဝင်ပြီးတော့ ဖြတ်တိုက်တာမျိုး လုပ်တော့ သူတို့ရှိတဲ့ စခန်းကိုလည်း ကျနော်တို့ အလစ် ဝင်တိုက်ပြီး ပုံစံ ပြောင်း လာတာပေါ့။ အစိုးရ စစ်တပ်ကတော့ ခုနက ပြောသလို အားနည်းချက် အကွက်ကို ရှာပြီး ဆက်တိုက် လုပ်တယ်လို့ ပြောလို့ ရပါတယ်။
မေး။ ။ အစိုးရဘက်က သစ်မှောင်ခို ရှင်းလင်းမှုကြောင့် တိုက်ပွဲတွေ ဖြစ်ရတယ်လို့ ပြောတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အဓိကတော့ ကျနော်တို့ KIO အဖွဲ့အစည်းကို အမျိုးမျိုး ဥပဒေ ဆန့်ကျင်ပြီး ဥပဒေ ပြင်ပမှာ လုပ်ချင်ရာ လုပ်ကြတယ် ပြောတယ်။ အမှန်တကယ် သစ်တွေလုပ်တဲ့ ကိစ္စကတော့ အခုမှ လုပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့က သစ်တွေ လုပ်တာတွေ မရှိ ပါဘူး။ ဒါပေမယ့် သစ်ကုန်သည်တွေ ကျနော်တို့ နယ်မြေကို ဖြတ်ရင်တော့ ကျနော်တို့ ဆက်ကြေး၊ အခွန်ကောက်တာ လုပ်တာ တော့ လုပ်ထုံးလုပ်နည်းပါပဲ။ ကျနော်တို့ ဘက်မှာလည်း အခွန် ဦးစီးဌာန ဆိုတာ ရှိပါတယ်။အခွန်ကို တင်းကြပ်တဲ့ ကော်မတီလည်း ရှိတယ်။
အခု ဒီသစ်တွေ ကိစ္စကတော့ ပြောမယ် ဆိုရင်တော့ ကချင်ပြည်နယ်မှာ ထွက်တဲ့ သစ်၊ ပိတောက်၊ တန်မလမ်း၊ ကျွန်းတွေ အပါအဝင် သစ်တွေ အားလုံး သစ်မာတွေ အားလုံးက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ ပေါက်တာပါ။ တဆင့်ပြီး တဆင့် ကချင်ပြည်နယ်ကို ဖြတ်ပြီး တရုတ်နယ်စပ် မှောင်ခိုလမ်းကြောင်း ဖော်ကြတယ်။ ဒီလို လမ်းကြောင်းဖော်တဲ့ နေရာမှာ လမ်းကြောင်းတိုင်းမှာ စစ်တပ်တွေ ရှိတယ်။ စစ်တပ်တွေကို လာဘ်ထိုးပြီး ဖြတ်လာတယ်။ တနေ့ကို ကား အစီး ၅၀၊ ၆၀ လောက် ရှိပါတယ်။
ကျနော်တို့ KIA တပ်က လိုင်ဇာမြို့ နန်ဆန်ယန် ကျေးရွာမှာ စခန်း အဆုံးပဲ။ ဗန်းမော် မြစ်ကြီးနား ကားလမ်းမှာဆို အစိုးရ စစ်တပ်က လုံခြုံရေး ယူထားပါတယ်။ နယ်စပ်ရောက်ဖို့ အတွက် သူတို့တွေက တဆင့်ပြီး တဆင့် တက်လာတယ်လို့ သိရတယ်။ KIA ကို သစ်နဲ့ စီးပွားရှာတယ်လို့ နိုင်ငံတကာကို မြင်အောင် လုပ်တာပါပဲ။ ပြီးတော့ သစ်ကရတဲ့ ပိုက်ဆံတွေကို လက်နက်တွေ စစ်ဆင်ရေးတွေ လုပ်နေတယ် ဆိုတာကို မီးမှောင်း ထိုးပြချင်တာပါ။
မေး။ ။ သစ်မှောင်ခိုနဲ့ ပတ်သက်ပြီး KIO နဲ့ မြန်မာအစိုးရ တိုက်ပွဲ ဘယ်နှကြိမ်လောက် ဖြစ်သွားခဲ့လဲ။
ဖြေ။ ။ တိုက်ပွဲ အကြိမ် ၂၀လောက် ရှိပါတယ်။၂၀၁၃ နှစ်ကုန်ကနေ အခုထိပေါ့။ မန်စီမြို့နယ်မှာလည်း အစိုးရက သစ်ကုမ္ပဏီ တချို့ကို ပါမစ်ပေးတာ ရှိတယ်။ သစ် ပါမစ်ပေးတယ် ဆိုတာ တော်တာ်များများက တရုတ်ပြည်ကို ဝင်သွားတယ်။ တရုတ်ပြည်ကို သွားတဲ့ သစ်တွေဟာ အစိုးရ ပါမစ် ရပြီးသား၊ သစ်တော ဦးစီးဌာန ရထားတဲ့ ပါမစ်တွေပါ။ သစ်တွေက မန်စီမြို့နယ်ကနေ တရုတ်ပြည်ကို ဝင်တာ အကောင်းဆုံး လမ်းကြောင်းပါပဲ။ သစ်ကို အကြောင်း ပြပြီးတော့ တိုက်ပွဲ ဖြစ်နေတာပါ။
မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့ အပေါ်မှာ KIO ရဲ့ သဘောထားက ဘယ်လို ရှိပါလဲ။
ဖြေ။ ။ ကျနော်တို့ KIO ရဲ့ သဘောထားက နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့ အခါမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အား စုစည်းပြီး နိုင်ငံရေး ဆွေးနွေးကြမယ်လို့ ကျနော်တို့ အမြဲတမ်း ပြောနေပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေက တိုက် တွန်းတဲ့ အတွက် ညီလာခံတွေ လုပ်ဖြစ်တာပါ။ နိုင်ငံရေး ဆွေးနွေးတဲ့ လမ်းစပေါ် မရောက်ရှိ သေးပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လို့ ပြောကြပေမယ့် လုပ်ငန်းစဉ်က အကောင်အထည် မဖော်သေးဘူး။ လော်ခီးလာမှာ အဓိက ဆွေးနွေးတဲ့ တနိုင်ငံလုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို ရေးဆွဲကြတယ်။ အဲဒီ မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ညှိကြမယ်။ ကျနော်တို့ ရေးဆွဲတဲ့ စာတမ်းကို စစ်တပ်အဖွဲ့က မလိုချင်တဲ့ ပုံစံ ဖြစ်နေတယ်လို့ သိရတယ်။ အဆိုးမြင် နေ တယ်လို့လည်း သိရတယ်။ KIO အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး အားရစရာ မတွေ့ရသေးဘူး။
မေး။ ။ KIO အနေနဲ့ ဘယ်အချိန်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးဖို့ ဖြစ်နိုင်မလဲ။ မူကြမ်းကို အတည်ပြုပြီးတဲ့ အခါ ဖြစ်နိုင်မလား။
ဖြေ။ ။ အမှန်တော့ KIO ပြောထားတာက နိုင်ငံရေး ဆွေးနွေးပွဲ သွားမယ်။ နိုင်ငံရေး ညှိနှိုင်း ပြီးတော့ လုပ်သွားတဲ့ အခါ တိုက်ပွဲ ဆိုတာ မရှိတော့ဘူး။ အပစ်အခတ် ရပ်စဲရေး သူဟာသူ ပြေငြိမ်းသွားပြီး တနိုင်ငံလုံး အတိုင်းအတာ သွားမယ် ဆိုရင် တိုက်ပွဲတွေလည်း ရှိတော့မှာ မဟုတ်တော့ဘူးလို့ ကျနော်တို့ လက်ခံထားပါတယ်။ အပစ်အခတ် ရပ်စဲရေး ကိစ္စ္စဆိုတာ သူတို့အနေနဲ့လည်း အများကြီး လုပ်လာ ပြီးပါပြီ။ အကောင်အထည် ဖော်တာလည်း မရှိခဲ့ဘူး။ အခုကျန်တဲ့ အဖွဲ့အစည်း တော်တော်များများ အပစ်အခတ် ရပ်စဲရေး လုပ်တာ တော်တော် များတယ်။ ဘာမှ မလုပ်နိုင်ကြဘူး။ ဆက်ဆံရေး ရုံးတော့ ဖွင့်ကြတယ်။ ဆက်ဆံရေးရုံးဖွင့်ပြီး နိုင်ငံ ရေး ဆွေးနွေးမှုတွေ မရှိရင် ဘာမှ လုပ်စရာ မရှိဘူး။ ဒီအတွေ့အကြုံတွေ ကျနော်တို့ အများကြီး ရခဲ့ပြီးပြီ။
နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ တိုက်တွန်းတယ်။နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ အပစ်အခတ် ရပ်စဲရေးဆိုတာ နိုင်ငံရေး ပြေလည်သွားတဲ့ အခါမှာ တိုက်ပွဲ ဖြစ်စရာ အကြောင်း မရှိတော့ဘူး။ ဒါကတော့ ကျနော်တို့ KIOက ပြောဆိုချက်ပေါ့။ ဒါပေမယ့် ညီလာခံ လုပ် လာတဲ့ အခါမှာ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘောထားကို လိုက်လျောပေးတာတွေ လုပ်လာပါတယ်။ ဒါကြောင့် လိုင်ဇာမှာ လုပ်တဲ့ ညီလာခံမှာ ကျနော်တို့ တဆင့်လျှော့ပေးတာ လုပ်ပေးပါတယ်။ အားလုံး တညီတညွတ် ပါဝင်ပြီး ဆွေးနွေးတဲ့ လမ်းကြောင်းကို ရောက်စေချင်တဲ့ ဆန္ဒပါ။
KIO ကနေပြီး ပြန်ပြီး ပြောတာက တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုရင် လက်မှတ်ထိုးဖို့ မလုပ်ခင်မှာ ကျနော်တို့ မူတခု ရေးဆွဲရမယ်။ နိုင်ငံရေး မူဘောင် နိုင်ငံရေး ဆွေးနွေးရေး လမ်းပြမူဘောင်ပေါ့။ လက်မှတ် ထိုးပြီးတဲ့ အခါမှာ နိုင်ငံ ရေး ဆွေးနွေးမှုကို ဘယ်လို အဆင့်နဲ့ လုပ်သွားကြမှာလဲ။ ဘယ်အချိန် ကာလမှာ ဘယ်လို လုပ်ကြမှာလဲ ဆိုတာ နိုင်ငံရေး လုပ် ငန်း စဉ် ရေးကြမယ်။ အဲဒီလို ရေးကြတဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ကျနော်တို့ဘက်ရော သူတို့ဘက်ရော လက်ခံမယ်ဆိုရင် တနိုင်ငံ လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးမယ်။ ကျနော်တို့ဘက်က အဆင့် လျှော့ချထားတာ ရှိတယ်။ ကျန် တဲ့ အဖွဲ့အစည်းက အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားကြတယ်လေ။ ကျနော်တို့ကလည်း သူတို့အားလုံးနဲ့ကို ဝိုင်းဝန်း လုပ်ရမယ်ဆိုတဲ့ အယူအဆမှာ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတဲ့ အဆင့်ကို အပစ်အခတ် ရပ်ဆိုင်းရေး ဆိုတဲ့အဆင့် လျှော့တဲ့ အနေနဲ့ ကျနော်တို့ ထိုးကြမယ်။ မထိုးခင်မှာ ဘာကို သဘောတူ ထားကြမယ်ဆိုရင် ထိုးပြီး နောက်ပိုင်းမှာလုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးမှု လမ်းပြ မူဘောင် ရေးဆွဲကြမယ်။
မေး။ ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စမှာ ကာကွယ်ရေး ဦးစီးချုပ် ပါဝင်လာဖို့ရော ဘယ်လို စဉ်းစားထားလဲ။
ဖြေ။ ။ KIO အဖွဲ့အစည်းကတော့ နဂိုကတည်းက ပြောဆိုနေတဲ့ ဒီဆွေးနွေးမှာ ဘယ်သူနဲ့မှ တွေ့ကြမယ် ဆိုတာကို ဈေးဆစ် တာ မရှိပါဘူး။ ကျနော်တို့ ဘက်မှာလဲ ဆွေးနွေးတဲ့ အဖွဲ့ ကိုယ်စားလှယ် ဖွဲ့ထားမယ်။ အစိုးရ ကိုယ်စားပြု နိုင်ငံတော်ကနေ တဆင့် အနေနဲ့ ကိုယ်စားပြုရင် ဘယ်အဖွဲ့မဆို တွေ့မယ်ဆိုတာ လုပ်ထားပါတယ်။ ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းထားတဲ့ နိုင်ငံ တော် အဆင့် ကော်မတီ ဖြစ်တယ်လို့ နားလည် ထားတယ်။ ပြောဆိုမှု ဆွေးနွေးချက် အားလုံးဟာ အစိုးရရဲ့ ကိုယ်စား ပြောဆို ဆွေးနွေးချက်လို့ သဘောထားတယ်။ တကယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ပါမယ်ဆိုရင်လည်း ကျနော်တို့ဘက်က ဆွေးနွေးမှာပါ၊ မပါဘူးဆိုရင် ဆက်ပြီး သွားမှာပါ။
မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စစ်တပ် အခန်းကဏ္ဍ မပါလာဘူး ဆိုရင် ငြိမ်းချမ်းရေးကို ဘယ်လောက် အထိ ထိန်းသိမ်း ထား နိုင်မှာလဲ။
ဖြေ။ ။ အခုထိ ဦးအောင်မင်း လုပ်နေတဲ့ ကိစ္စပေါ်မှာ စစ်တပ်ကနေ သဘောထား မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝနဲ့ ထောက်ခံ တာ မတွေ့ရသေးဘူး၊ ကျနော်တို့ ဆွေးနွေးပွဲ လုပ်တဲ့ အချိန်မှာ စစ်တပ် အနေနဲ့ အင်တိုက် အားတိုက် သဘောထား ပြည့်ပြည့်ဝဝ မပါဘူး ဆိုတာ တွေ့ရပါတယ်။ နောက်တခုက ဒီဆွေးနွေးပွဲ လုပ်မယ့် လုပ်ငန်းစဉ် အချိန်ကာလမှာ သူတို့ စစ်ကြောင်းတွေ စစ်ဆင် ရေး တွေ လှုပ်ရှားတာ အမြဲတမ်း အပြည့် ရှိနေတယ်၊ဆွေးနွေးပွဲ လုပ်တော့မယ် ဆိုတာနဲ့ တပတ်အလိုမှာ စစ်ကြောင်းတွေ လှုပ်ရှားတာ အမြဲတမ်း ရှိတယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ပါတယ် ဆိုတာကလည်း နိုင်ငံတကာ ကြည့်ကောင်းအောင် ပါတဲ့ သဘောပါ၊ ဒါကို ကြည့်ခြင်း အားဖြင့် ငြိမ်းချမ်းရေး အပေါ်မှာ သဘောထား ပြည့်ပြည့်ဝဝ မပါသေးဘူး။
မေး။ ။ သမ္မတက ၂၀၁၄ မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်ဖို့ ကြိုးပမ်းမှုကို ဘယ်လို မြင်ပါလဲ။
ဖြေ။ ။ အဓိက လက်မှတ်ထိုးတယ် ဆိုတာ စာချုပ်ပေါ် ထိုးတာပါ။ ဘယ်နှကြိမ် ထိုးထိုး ဖြစ်ပါတယ်။ အမှန် တကယ်ပဲ ဒီနိုင်ငံရေးနဲ့ ဖြေရှင်းမယ့် ဆန္ဒက အခုထိ မတွေ့ရသေးဘူး။ တိုင်းရင်းသား လက်နက်ကိုင် အပေါ်မှာထားတဲ့ သူတို့ စစ်ရေး လှုပ်ရှားမှုတွေက အပြင်း အထန် လုပ်နေကြတယ်၊ တကယ်လို့ KIO ကနေ ပြီးတော့ ထိုးစစ်ဆင်မှုကို ပိတ်ပင်တာ မလုပ်ဘူး ဆိုရင် တိုက်ပွဲတွေ ဆက်ပြီး တော့ ပြင်းပြင်းထန်ထန် ဖြစ်နေမှာပါ။ ၂၀၁၃-၂၀၁၄မှာလဲ ဖြစ်နေမှာပါ၊ သူတို့ဘက်က ပြင်းပြင်းထန်ထန် မဖြစ်အောင် လော်ခီးလာ ညီလာခံကနေ တဆင့် ဆွေးနွေးပွဲ အဆင့်မြင့် လာမယ် ဆိုတဲ့ ရည်မှန်းချက် မျှော်လင့်ချက် ရှိတော့ မလုပ်တာပါ။
သမ္မတ ဦးသိန်းစိန်က လက်မှတ် ထိုးကြမယ် အပစ်အခတ် ရပ်စဲတာ အားလုံး ပြီးသွားပြီ ဆိုတာမျိုး ပြောနေပေမယ့် လက်မှတ် မထိုးခင်မှာ တိုင်းရင်းသားတွေ ယုံကြည်လာနိုင်အောင် လုပ်ဆောင်ချက် တခုမှ မရှိဘူး၊ ဒါကြောင့် လက်မှတ် ထိုးတယ် ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီက သိပ်ပြီး မျှော်လင့် တောင်းတတဲ့ မျှော်လင့်ချက်တော့ မဟုတ်ဘူး၊ အမှန် တကယ် ကျနော်တို့ဟာ ဘာတွေ ပြောဆို ဘာတွေ ဆွေးနွေး ကြမယ်ဆိုတာ အဓိက အချက်ပါ။ ပထမ လက်မှတ်ထိုးမယ့် အဆင့် တောင်မှ စစ်တပ်ကနေပြီး သူတို့သဘောဆန္ဒကို ထုတ်ဖော်ပြောဆိုတာတွေ ကြားသိရတယ်။ ဘယ်လောက်ပဲ ပြောပြောပါ။ လက်မှတ် ထိုးတယ် ဆိုတာ စာရွက်ထဲမှာပဲ ဖြစ်သွားပြီး ဘာမှ တန်ဖိုး မရှိဘူး။
အခုထိ လက်မှတ် ထိုးဖြစ်တယ် ဆိုရင်တော့ အခု အစိုးရ နေပြီးတော့ နိုင်ငံတကာကနေ မျက်နှာပန်း လှသွားမယ်၊ ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာတော့ ဘာမှ အကောင်အထည် ဖော်လာ နိုင်စရာ မရှိပါဘူး၊ တကယ်လို့များ အမှန်တကယ်ပဲ အပစ် အခတ် ရပ်စဲရေးကို ပြည့်ဝတဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်ချင်တယ် ဆိုရင် စစ်ဆင်ရေး အင်အားတွေ လျှော့ချ သင့်တယ်။ ကျနော် တို့ ဦးအောင်မင်းနဲ့ တွေတဲ့ နေရာမှာ ကြိမ်ဖန်များများ လုပ်နေပေမယ့် စစ်တပ်က အသင့်ပုံစံ များများ လုပ်နေကြတယ်။ ဘယ်လောက်ပဲ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ပြောနေပါစေ၊ တဖက်မှာ သူတို့ လှုပ်ရှားမှုတွေက နဂိုပုံစံပဲ ဖြစ်နေတော့ သိပ်ပြီးတော့ ထူးခြားမှု မရှိဘူး။ အဓိကတော့ အစိုးရ အဖွဲ့အစည်း အာဏာရ အဖွဲ့အစည်းတွေက နိုင်ငံရေးနဲ့ ပြေပြေလည်လည် ဖြေရှင်းကြဖို့ ဆိုတာ အရေးကြီးတယ်။
မေး။ ။ ဒါဆိုရင် ဘယ်အချိန်မှာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားပါသလဲ။
ဖြေ။ ။ အမှန်တကယ် သူတို့ဘက်က စိတ်ဆန္ဒ ဖြူစင်တယ် ဆုံးဖြတ်ချက် ချမယ်ဆိုရင်တော့ လွယ်ပါတယ်။ အားလုံးက ဒီမြန်မာ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေပါပဲ။ သူစိမ်းတွေလည်း မဟုတ်ဘူး။ ညှိနှိုင်းလို့ရတဲ့ လူတွေပါ။ တိုင်းရင်းသားနဲ့ ပတ်သက်ပြီး ဆန္ဒကို တိတိကျကျ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မရှိတာ ကြောင့်မလို့ ဒီအချိန်ကာလနဲ့ ပတ်သက်ပြီး ခန့်မှန်းရ ခက်တယ်။ ဒါကြောင့် တကယ်လို့များ ဒီမြန်မာနိုင်ငံရဲ့ အာဏာရအစိုးရ ပုံသဏ္ဌာန် ပြောင်းသွားမယ် ဆိုရင်တော့ ဒီပြဿနာက လျင်လျင်မြန်မြန်နဲ့ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ကြံ့ခိုင် ဖွ့ံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု ဒီအစိုးရ လုပ်နေတဲ့ အဖွဲ့နဲ့ ဆိုတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ကျနော်တို့ ဘက်ကတော့ ခန့်မှန်းလို့ မရသေးပါဘူး။
မေး။ ။ လက်ရှိ တရုတ်ပြည် အခန်းကဏ္ဍရော ဘယ်လို ရှိလဲ။
ဖြေ။ ။ ဆွေးနွေးမှု အပိုင်းမှာ တရုတ် အစိုးရရဲ့ပါဝင်မှုက မရှိဘူးလို့ ပြောလို့ မရဘူး။ ဖိအား အများကြီး ပေးတယ်။ တိုက်ပွဲ ပြင်း ထန်တဲ့ အချိန်မှာ တရုတ် အစိုးရက အပစ်အခတ် ရပ်စဲရေး မြန်မြန်လုပ်ဖို့လာပြီး ဖိအားပေးတာ ရှိတယ်။ သူတို့က ဖြစ်နေတဲ့ တိုက် ပွဲ ဟာ နိုင်ငံရေး ပြည်တွင်းစစ် ဆိုတာ နားမလည်ဘူး။ တရုတ်အစိုးရ နားလည်တာက သူတို့ နယ်စပ်ထဲမှာ တည်ငြိမ်ဖို့ တိုက်ပွဲတွေ မဖြစ်ဘူး၊ တိုက်ပွဲတွေ ရပ်သွားတဲ့ အခါမှာ တရုတ်ပြည်ရဲ့ အကျိုးစီးပွား အနေနဲ့ အများကြီး ကုန်သွယ် လာမယ်၊ ကုန်သွယ်မှု တိုးလာ မယ် ဆိုတာပဲ ရှိတယ်၊ အခု ဖြစ်တာကတော့ စီးပွားရေး မပြေလည်လို့ ဖြစ်တာပဲလို့ ခံယူထားတာလို့ပဲ ထင်တယ်။
အဲဒါကြောင့် တိုက်ပွဲ ပြင်းထန်လာတဲ့ အခါမှာ သူတို့ကနေ မြန်မာအစိုးရကို ပြောကို ပြောရမယ်၊ မလုပ်ပါနဲ့ စစ်ဆင်ရေး လျှော့ရမယ် ဆိုတာမျိုး ပြောရမယ့် အစား၊ ကျနော်တို့ KIO ကို လာပြီးတော့ အပစ်အခတ် ရပ်စဲရေး မြန်မြန်လုပ်ဖို့ ဖိအား လာပေးတယ်။ ဒါက ဘာလဲ ဆိုတော့ ဒီအစိုးရ တွေ့ဆုံ ဆွေးနွေးမှုမှာ တရုတ်အစိုးရက နည်းအမျိုးမျိုးနဲ့ ပါဝင်နေတယ်လို့ ပြောလို့ ရပါတယ်။
အဲဒီ နောက်ပိုင်း၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဆွေးနွေးမှု လုပ်တိုင်း နိုင်ငံတကာကနေ အသိသက်သေ ပါဝင်ဖို့ ပြောဆိုတိုင်း တရုတ် အစိုးရက သူလက်လွတ်သွားမှာ စိုးရိမ်လို့ သူတို့ အာရှရေးရာ မရမက ထည့်တာ ရှိတယ်။ ဒါလည်း ဆွေးနွေးမှု လမ်းစဉ်ပေါ်မှာ သူတို့ သဘောထားကို ပေးနိုင်တဲ့ မျှော်လင့်ချက်ကြောင့် သဘောထားတယ်လို့ ခန့်မှန်းလို့ ရတယ်။ ဒါကြောင့် အခုဆွေးနွေးမှုမှာလည်း သူတို့တွေ အမြဲဝင်ပြီး နားထောင်ပါတယ်။
တရုတ် သဘောထားက ဘာလဲ ဆိုတော့သူရဲ့ သတ်မှတ် ထားတဲ့ လမ်းစဉ်က ရှိပြီးသား၊ ပြင်ပအရေးမှာ မပါဝင် မပြောဆိုတဲ့ဟာ ရှိတယ်။ အဓိက နိုင်ငံခြားရေး မူဝါဒပေါ့၊ သူတို့ တရုတ်နယ်စပ် တလျှောက်မှာ တိုက်ပွဲတွေ မရှိဖို့ ရည်ရွယ်ချက် တခု၊ နိုင်ငံရေး ဘယ် လို ပြေလည် နက်နက်ရှိုင်းရှိုင်း သဘောထား ရှိပုံ မရဘူး။ ဒါကြောင့် ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့အခါမှာ ကြားနေပြီးတော့ စောင့်ကြည့်တဲ့ သူတွေအနေနဲ့ ပါဝင်ချင်တဲ့သူ တော်တော်များများ ရှိတယ်၊ ဂျပန်ကလည်း ပါချင်တယ်၊ ဒါပေမယ့် ကျနော်တို့ အနီးဆုံး ဆက်ဆံ နေရတာက တရုတ်နိုင်ငံလို့ ပြောရမယ်။
တရုတ်ပြည် အဝင်အထွက် KIO သာမက ကချင်ပြည်သူ အားလုံး ဒီနယ်စပ်ကူးပြီး ဆက်ဆံ နေရတော့ ကြည့်ရတာ အများကြီးရှိတယ်။ ဒါကြောင့်မိုလို့ ဂျပန်တွေ ပါဝင်ဖို့ ကိစ္စတွေ အပေါ်မှာလည်း ကျနော်တို့ အများကြီး သူတို့ကို ညင်သာစွာ ကန့်ကွက်တဲ့ သဘော လုပ်ရတယ်။ နောက်ပြီး အိန္ဒိယ အစိုးရက ပြောလာတယ်။ တရုတ်တောင် ပါတာပဲ ကျနော်တို့လည်း နယ်စပ် နိုင်ငံပဲလေ။ အိန္ဒိယကို ခေါ်ပါလို့ ပြောလာတယ်။ ဒါပေမယ့် အိန္ဒိယကိုလည်း ညင်သာစွာ ငြင်းခဲ့ရပါတယ်။ တရုတ်ကတော့ ကျနော်တို့ မျက်မြင် ကိုယ်တွေ့ပေါ့၊ အမြဲတမ်း ဝင်ဝင်ထွက်ထွက်နဲ့ ဆိုတော့ ဆက်ဆံပြီး သွားတော့ ကျနော်တို့ လက်ခံရတဲ့ သဘောပါ။ ဒါကြောင့် တွေ့ဆုံမှု အပိုင်းကတော့ တရုတ်ရဲ့ ပါဝင်မှု အများကြီး ပါလိမ့်မယ်။
တရုတ် အစိုးရရဲ့ ဖိအားပေးမှု ပိုခံရမှာ ကျနော်တို့ တိုင်းရင်းသား အုပ်စုတွေပါ။ မြန်မာအစိုးရရဲ့ ဆန္ဒကို သူတို့က ကျနော်တို့ တိုင်းရင်းသားတွေကို ဖိအားပေးတဲ့ အနေနဲ့ ပြောဆို သွားတယ်။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ကိုယ်စားပြုပြီး ကြားနေပြီး ဖျန်ဖြေပေးတာမျိုး၊ ကြားနေ ဝင်ရောက် ပြောဆိုတာမျိုး၊ အခုထိ မတွေ့ရသေးဘူး။ အမြန်ဆုံး လက်မှတ် ရေးထိုးဖို့ ကိစ္စပဲ ပြောတယ်။ ခင်ဗျားတို့ု KIO နောက်ကျ ကျန်ခဲ့မယ်။ သူများတွေ တွေ့ပြီးကုန်ပြီလို့ ပြောတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆက်ပြီး သွားမယ့် ဆွေးနွေးမှု လမ်းစဉ်ကတော့ တရုတ် အစိုးရကလည်း ကြားကနေ နားထောင်လို့ ရမယ့် အဆင့်ပဲလို့ ထင်ပါတယ်။ သိပ်ပြီးတော့ သူတို့ဆီကလည်း မျှော်လင့်ချက် မရှိဘူး ။
မေး။ ။ စစ်တပ်က အပစ်အခတ် ရပ်စဲရေးပြီးရင် နယ်စပ်မှာ ရှိတဲ့ KIO အုပ်ချုပ်တဲ့ နေရာကို နိုင်ငံတော် အာဏာ လွွှမ်းစေချင်တဲ့ သဘောလား။
ဖြေ။ ။ ဒါကတော့ လက်နက်ချ အလင်းဝင်ပြီး ဆိုတဲ့ သဘောပါ။ အရင်တုန်းက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအားပေးတာ အဲဒီလို သဘောပါ။ အခုကျနော်တို့က ဖက်ဒရယ် ပြည်ထောင်စု ဝိုင်းပြီး တည်ဆောက်ဖို့ ပြောနေကြတယ်။ ဒါဟာ တောင်းဆိုမှု အသစ် လည်း မဟုတ်ဘူး။ အရင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောထား ဖလှယ်ပြီး ဆုံးဖြတ်ချက်ချ လက်မှတ်ရေးထိုးတဲ့ အပိုင်းပါ။ အဲဒီဟာကို အကောင်အထည် ဖော်ဖို့ အခု ပြောနေတာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဘယ် အဖွဲ့ အစည်းတွေက ကိုယ့်ရဲ့နယ်မြေ ကိုယ့်ရဲ့အုပ်ချုပ်မှု ကိုယ့်ရဲ့ယန္တရားတွေနဲ့ ရှိနေရတာပဲ။ ကျနော် တို့ KIOကလည်း အစိုးရငယ် ပုံစံ တခုပါပဲ။ ပညာရေး ဌာန၊ ကျန်းမာရေး ဌာန၊ အုပ်ချုပ်ရေး ဌာန နယ်စပ် အဝင်အ ထွက် အားလုံး က ကိုယ့်လူထုနဲ့ ကိုယ်အုပ်ချုပ်မှု စီမံခန့်ခွဲမှုနဲ့ပဲ လုပ်နေတာပါ။ ဒါမျိုး လုပ်ခြင်းအားဖြင့် ကျနော်တို့ ဒေသမှာရှိတဲ့ လူထု၊ ဒေသခံ လူထုကို ဖိနှိပ်ဖို့ လုပ်နေတာလည်း မဟုတ်ဘူး။
အဲ့ဒါကြောင့် အပစ်အခတ် ရပ်စဲပြီး လက်မှတ် ရေးထိုးတာနဲ့ ဥပဒေရဲ့ အောက်မှာ ရောက်ရမယ် ဆိုတဲ့ သဘောပါပဲ။ တရား ဥပဒေ ဘောင် အတွင်းသို့ ဝင်ရောက်လာသည့် အဖွဲ့ဆိုပြီး မတရား သွတ်သွင်း လိုက်တယ်။ တရား ဥပဒေဘောင် အတွင်း အခု လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေ အားလုံးကလည်း တရားဥပဒေဘောင် အတွင်းလို့ ပြောတာ ဘယ်သူမှ လက်မခံဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း သွားမယ်ဆိုတာ ဘယ်သူမှ လက်မခံပါဘူး။ ကျနော်တို့ KIO အဖွဲ့အစည်းဟာ တရားဥပဒေဘောင် အတွင်း ဝင်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၁၇ ဖွဲ့ထဲမှာ မပါဘူးလို့ အကြောင်း ပြန်ထားတယ်။ ဆိုလိုတာက ဘာလဲ ဆိုတော့ လက်မှတ်တောင် မထိုးသေးဘူး။ နောက်ထပ်လည်း အခုက စပြီး ပြည်ထာင်စု အဆင့် ဆွေးနွေးနေတဲ့ အချိန်မှာ ဥပဒေ ဘောင် အတွင်းသို့ ရောက်လာတဲ့ တိုင်းရင်းသား မရှိဘူး။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် အုပ်ချုပ်မှုက အားလုံးကို သူတို့ရဲ့ အုပ်ချုပ်မှု လမ်းကြောင်း၊ သူတို့ ညွန်ကြားချက် အတိုင်း ဖြစ်ရမယ် ဆိုတဲ့သဘော ပါတာပေါ့။ ။