မြန်မာများ ငပိကြိုက်ကြတယ်။ လူဖြူများ ငပိကို အနံ့မခံနိုင်ကြပါ။ သီရိလင်္ကာလူမျိုးများ အနံ့ပြင်းတဲ့ ထမင်းတမျိုးကို ကြိုက်ကြတယ်။ အနံ့အရသာအပေါ် လူတွေ ယဉ်ပါးရာမှ အသားကျ စွဲလမ်းလာတဲ့ သဘောပါ။ ဆေးလိပ်စွဲ အရက်စွဲလည်း အလားတူ။ စိတ်စွဲလည်း ထိုနည်း၎င်းပါပဲ။
ပဌာန်း (၂၄) ပါးထဲမှ အာသေဝနပစ္စယရဲ့ သဘောက ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ စိတ်တမျိုးမျိုးဟာ ထပ်ခါထပ်ခါ ဖြစ်ပါက အားကောင်းလာပါတယ်။ အကျင့် ဖြစ်လာပါတယ်။ ထိုအကျင့်ဟာ သေပြီး လာမယ့်ဘဝထိ ပါသွားတယ်။ မွေးလာတဲ့ ကလေးတွေ အကျင့်စရိုက် မတူတာဟာ အတိတ်ဘဝမှ အကျင့်တွေ လိုက်ပါလာလို့ ဗုဒ္ဓဘာသာက ယုံကြည်ပါတယ်။ ဒါကို ဗီဇလို့လည်း ခေါ်ပါတယ်။
လူတယောက်ရဲ့ စိတ်နေစိတ်ထားကို အကြောင်း နှစ်ခုက ပုံသွင်းပါတယ်။ ပထမတမျိုးက “ဗီဇ၊ စရိုက်၊ ဝါသနာ” ဖြစ်ပြီး ဒုတိယတမျိုးက “ပတ်ဝန်းကျင်” ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ပညာရှင်များစွာက ရှုထောင့်အမျိုးမျိုးမှ ရေးသားပြောဆိုခဲ့ကြပါတယ်။
မည်သည့် ဘာသာတရား အဆုံးအမကို ယုံကြည်လက်ခံသည်ဖြစ်စေ လူတွေဟာ မတူညီတဲ့ ဗီဇနဲ့ လူ့လောကကို ရောက်လာကြတယ်ဆိုတာ ဘယ်သူမျှ မငြင်းနိုင်ပါဘူး။
ဗီဇလို့ ဆိုရာမှာ လောဘ၊ ဒေါသ၊ မာန မနာလိုဝန်တိုမှု စတဲ့ မကောင်းတဲ့စိတ်ဓာတ်၊ မေတ္တာ ကရုဏာ မုဒိတာ ကိုယ်ချင်းစာနာမှု ရိုးသားဖြောင့်မှန်မှု ကိုယ်ကျိုးစွန့်လွှတ်မှု စတဲ့ ကောင်းတဲ့ စိတ်ဓာတ်တွေ ဖြစ်ပါတယ်။ ထိုကောင်းတဲ့ စိတ်ဓာတ်နဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေရဲ့ အထူအပါး အတိမ်အနက်ဟာ လူတဦးနဲ့ တဦး မတူနိုင်ပါ။
လူတယောက်အဖို့ သူထိတွေ့ ဆက်ဆံနေရတဲ့ မိဘ မောင်နှမ ဆရာသမား ဆွေမျိုးအသိုင်းအဝန်း မိတ်ဆွေ အပေါင်းအသင်း အိမ်နီးနားချင်း လုပ်ဖော်ကိုင်ဖက်တွေ သာမက သင်ကြားဆည်းပူးမှု၊ ဖတ်ရှုလေ့လာမှု၊ ယနေ့ခေတ် မြင်ရကြားရသမျှ ရုပ်ရှင် ဂီတ သတင်းမီဒီယာ စသဖြင့် လူများနဲ့ ပတ်သက် ဆက်နွှယ်သမျှ သက်ရှိသက်မဲ့ အရာအားလုံးဟာ ပတ်ဝန်းကျင်မှာ အကျုံးဝင်ပါတယ်။
သူနားထောင်လိုတဲ့ သီချင်း၊ သူဖတ်ဖို့ စိတ်ဝင်စားတဲ့ စာပေ၊ သူပေါင်းသင်းချင်တဲ့ မိတ်ဆွေ စတာတွေအပေါ် သူ့ဗီဇရဲ့ လွှမ်းမိုးမှု ရှိပါတယ်။ ဆိုလိုတာက လူတယောက်အဖို့ အဘယ်ကဲ့သို့သော ပတ်ဝန်းကျင် အနေအထား အခြေအနေ တခုခုကို စိတ်တိမ်းညွတ်မှု ရှိသလဲဆိုတာ သူ့ဗီဇရဲ့ လွှမ်းမိုးမှု ရှိပါတယ်။
သို့သော် ထိုဗီဇကို ပတ်ဝန်းကျင်ဆိုတဲ့ ယခုပစ္စုပ္ပန် ထိတွေ့ဆက်ဆံမှု လေ့လာသင်ယူမှုတွေက ပြန်လည် လွှမ်းမိုးပုံသွင်းပါတယ်။ ကောင်းတဲ့ ဗီဇ အားကြီးပါက မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကျော်လွှားနိုင်သော်လည်း ကောင်းတဲ့ ဗီဇ အားသေးပါက မကောင်းတဲ့ ပတ်ဝန်းကျင်နောက်ကို လိုက်ပါသွားတတ်ပါတယ်။ ဗီဇနဲ့ ပတ်ဝန်းကျင်ဟာ အပြန်အလှန် လွှမ်းမိုးမှု ရှိနေတဲ့ သဘောပါ။
ကောင်းတဲ့ ဗီဇဖြစ်စေ၊ မကောင်းတဲ့ ဗီဇဖြစ်စေ ဗီဇတမျိုးမျိုးဟာ ခိုင်မာအားကြီးပါက ပြုပြင်ရန် ခက်ခဲနိုင်သော်လည်း နိစ္စထာဝရ ခိုင်မြဲနေတဲ့ အရာတော့ မဟုတ်ပါ။ အကယ်၍သာ နိစ္စထာဝရ ဆိုပါက လူဆိုးတယောက်ဟာ အမြဲတမ်း လူဆိုးသာ ဖြစ်နေမှာ ဖြစ်သလို လူကောင်းတယောက်ဟာလည်း အမြဲတမ်း လူကောင်းသာ ဖြစ်နေမှာပါ။
အကယ်၍ ထိုသို့သာ နိစ္စထာဝရ မပြောင်းမလဲ ဆိုပါက အဂုၤလိမာလဟာ လူသတ်သမားဘဝမှ ရဟန္တာအဖြစ်သို့ ရောက်လာရန် အကြောင်းမရှိပါ။ ဒီနေရာမှာ အဂုၤလိမာလရဲ့ မီးခဲပြာဖုံး ပါရမီဓာတ်ခံဆိုတဲ့ ဗီဇနဲ့ မြတ်စွာဘုရားရဲ့ ဆိုဆုံးမမှု တရားဓမ္မ ဩဝါဒ ဆိုတဲ့ ပတ်ဝန်းကျင်ကောင်းတို့ ဆုံဆည်းမှုက အင်္ဂုလိမာလကို ရဟန္တာအဖြစ်သို့ ပြောင်းလဲပေးလိုက်တာပါ။
အကယ်၍ အရာရာတိုင်းဟာ နိစ္စထာဝရ မှန်ပါက အဖကိုသတ်သော ပိတုဃာတကကံ ကျူးလွန်ခဲ့တဲ့ အဇာတသတ်မင်းဟာ ပဌမသင်္ဂါယနာတင် တရားမင်း ဖြစ်လာခဲ့မှာ မဟုတ်သလို ရက်စက်ကြမ်းကြုတ်တဲ့ စဏ္ဍာသောကမင်းဟာလည်း တတိယသင်္ဂါယနာတင် သီရိဓမ္မာသောကမင်းအဖြစ် သမိုင်းမှတ်တမ်း တင်ခံရမှာ မဟုတ်ပါ။
မည်သည့် အကြောင်းကြောင့် ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာရတယ် ဆိုတာကို မစောကြော လိုသော်လည်း ဦးသိန်းစိန် သမ္မတ ဖြစ်လာကတည်းက ပြောင်းလဲမှုတချို့ ရှိလာတာကိုတော့ အသိအမှတ် ပြုရမှာပါ။ ငြိမ်းချမ်းရေးနိုဗဲလ်ဆု ရတော့မလားလို့တောင် ဟိုးလေးတကျော် ဖြစ်ခဲ့ပါသေးတယ်။ မြန်မာပြည် အပြောင်းအလဲအတွက် ကောင်းတဲ့ တွန်းအားတွေ ဖြစ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးနိုဗဲလ်ဆု ရစေချင်သူတွေ အတော်များများ ရှိခဲ့မယ် ထင်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကို ဆိုဗီယက်သမ္မတ မီခေးလ်ဂေါ်ဘာချော့၊ လူမည်းခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလားနဲ့ ပူးတွဲ ငြိမ်းချမ်းရေးနိုဗယ်ဆု ဆွတ်ခူးခဲ့သူ တောင်အာဖရိက လူဖြူသမ္မတ ဒီ ကလပ် တို့နဲ့တောင် နှိုင်းယှဉ်မှုတွေ ပြုခဲ့ကြပါသေးတယ်။ သမ္မတဖြစ်စမှာ ရေပန်းစားခဲ့သူ ဦးသိန်းစိန်ဟာ ယခုတော့ ဒီပုတ်ထဲက ဒီပဲပါလို့ အဝေဖန် ခံနေရပါပြီ။
ဒါပေမယ့် သမ္မတရဲ့ နိုင်ငံရေး မဟာဗျူဟာ နည်းဗျူဟာတွေကို မိမိပဲ ဉာဏ်မမီလို့လား မပြောတတ်ပါ။ အသိမ်းခံ လယ်ယာမြေတွေ ပြန်ရရေး တောင်းဆို ဆန္ဒပြကြတဲ့ လယ်သမားတွေ ပြန်လည် တရားစွဲခံရပြီး ထောင်ကျသွားတာတွေ၊ ရွာလုံးကျွတ် အိမ်တွေကို ဘူဒိုဇာစက်ကြီးတွေနဲ့ ထိုးပြီး ရွာသားတွေကို အတင်းအကြပ် မောင်းထုတ်နေတာတွေ၊ နေစရာ ပျောက်နေကြတဲ့ ရွာသူရွာသားတွေကို နေရာချထားပေးမှု မရှိတဲ့အပြင် ဖြစ်သလို ယာယီခိုလှုံနေကြရာ နေရာများမှ စစ်တပ်နဲ့ အစိုးရဝန်ထမ်းများက ထပ်မံ မောင်းထုတ်နေကြတာတွေကို မြင်ရတော့ သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
စစ်ပြေးဒုက္ခသည်များ အပါအဝင် နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေကိုတောင် ယခုအချိန်အထိ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ပေးမှု မရှိသေးပါဘူး။ ထိုကဲ့သို့သော အခြေခံအကျဆုံး လိုအပ်ချက်များကို အစိုးရအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု အလွန်ကို အားနည်းနေတာ အထင်အရှားပါ။ နိုင်ငံအကြီးအကဲဖြစ်တဲ့ သမ္မတရဲ့ မိန့်ခွန်းတွေမှာ ယေဘုယျဆန်တဲ့ စကားလုံးတွေကသာ များနေပြီး လက်တွေ့နဲ့ ကွာဟနေပါတယ်။
အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲသို့ “ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်” (NNER) ကို တက်ရောက်ရန် ပညာရေးဝန်ကြီးဌာနက တရားဝင် ဖိတ်ကြားပြီးကာမှ ပြန်လည် ဖျက်သိမ်းလိုက်တဲ့ ဖြစ်ရပ်မျိုး (https://burma.irrawaddy.com/news/2014/03/04/55770.html) ဟာလည်း တူတာတွေ ပေါင်းလုပ်မယ်လို့ ပြောခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အပြောနဲ့ လက်တွေ့ ကွဲလွဲနေတဲ့ သာဓကတခုပါ။
ဒါတွေဟာ ဒီမိုကရေစီ အတွေ့အကြုံ နုနယ်သေးတဲ့ အစိုးရတရပ်အနေနဲ့ မတော်တဆ အားနည်း ချို့ယွင်းမှုတွေလို့ ယူဆရမှာထက် ပြုပြင်ပြောင်းလဲလိုတဲ့ အစိုးရရဲ့ သန္နိဋ္ဌာန်ကို သံသယ ဝင်စေတာ အမှန်ပါ။
နံနက်စောစော အိပ်ယာမှ အထမှာ အရက်တခွက်ကို အရင်ဆုံး မော့လိုက်ရမှ နေသာထိုင်သာရှိတဲ့ အရက်စွဲနေခဲ့သူ ရင်းနှီးတဲ့ ဒကာကြီးတယောက်က ခက်ခက်ခဲခဲနဲ့ အောင်မြင်စွာ အရက်ဖြတ်နိုင်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြခဲ့ဖူးပါတယ်။ သူက အရက်ဖြတ်လိုစိတ်သာ အဓိကလို့ ဆိုပါတယ်။
တကယ်တော့ ဘယ်အရာ ကိစ္စမှာမဆို အောင်မြင်ဖြစ်မြောက်ရေးအတွက် စိတ်ဆန္ဒသာ အဓိကပါ။ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒကသာ ပဓာန ကျပါတယ်။
ယခုတော့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေး ဆိုတာတွေက သာမာန်ပြည်သူလူထုအပေါ် ဆိုးကျိုး သက်ရောက်မှုတွေသာ တွေ့မြင်ရပါ များလာတဲ့အခါမှာ ပြည်သူလူထုအပေါ် ထားတဲ့ အစိုးရရဲ့ စိတ်စေတနာက ရိုးသားစစ်မှန်မှု ရှိပါရဲ့လား ဆိုတာ ယုံကြည်မှု ကင်းမဲ့လာစေပါတယ်။ ရာစုနှစ် ထက်ဝက်ကျော် အရိုးစွဲလာခဲ့တဲ့ အကျင့်ဟောင်းတွေကို ပြုပြင်ပယ်ဖျောက်ပစ်ဖို့ ခက်ခဲနိုင်သော်လည်း ပြုပြင်လိုစိတ်သာ အဓိကပါ။
မြန်မာပြည်မှာ ခေါင်မှ အောက်ခြေအထိ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာ အမှန်ပါ။ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာက စိတ်ဓာတ် ပြုပြင်ပြောင်းလဲရေး ဖြစ်ပါတယ်။ ။