နယ်စည်းမခြား ဆရာဝန်အဖွဲ့ Médecins Sans Frontières (MSF) ရခိုင်မြေက ထွက်သွားပါဆိုပြီး စစ်တွေမြို့မှာ ဆန္ဒပြပွဲတွေ စပြုလုပ်ကတည်းက ကျနော်စိတ်မကောင်းပါဘူး။ ခုတော့ အစိုးရက တရားဝင် (MSF) အဖွဲ့ကို ရခိုင်က ထွက်သွားဖို့ ပြောလိုက်တဲ့အပြင် နောက်ဆက်တွဲ ဖြစ်ခဲ့တဲ့ ကုလသမဂ္ဂ ရုံးတွေနဲ့ အခြားအဲန်ဂျီအိုရုံးတွေကို တိုက်ခိုက်ရန်ရှာခဲ့တာတွေကို မထိန်းသိမ်းနိုင်ခဲ့ပြန်ပါဘူး။
MSF အပါအဝင် အဲဒီအဖွဲ့တွေဟာ နိုင်ငံရေးအဖွဲ့တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ Humanitarian Organization လူသားချင်းစာနာပြီး ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေကို ကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှု ပေးကြတဲ့အဖွဲ့တွေပါ။
MSF ဆို ဒီနေ့ကမ္ဘာမှာ ဒုက္ခရောက်နေတဲ့ လူသားတွေကို ကူညီတဲ့ လုပ်ငန်းနှင့်ပတ်သက်ပြီး အလွန်နာမည်ကြီးတဲ့ အဖွဲ့ပါ။ အင်အားလည်း အလွန်ကောင်းပါတယ်။ ၂၀၀၇ ခုနှစ်မှာ MSF အဖွဲ့ဝင် အလုပ်သမားနှင့် ပညာသည် ဦးရေက နှစ်သောင်းခြောက်ထောင်ကျော်ရှိပါတယ်။
ဒီအဖွဲ့ရဲ့ ပညာရှင်တွေအထဲမှာ ဆေးပညာရှင်တွေသာ မဟုတ်ပါဘူး။ ရေသန့်မှုပညာရှင်၊ မိလ္လာနှင့် ရေဆိုးစနစ် ပညာရှင်၊ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးပညာရှင်နှင့် အခြားပညာရှင် အမျိုးမျိုး ပါဝင်ပါတယ်။ ဒီနေ့ ကမ္ဘာမှာ MSF အဖွဲ့က အကူညီပေးနေတဲ့နိုင်ငံပေါင်း ၆၀ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံက တခုအပါအဝင် နိုင်ငံပေါ့ ခင်ဗျာ။
MSF အဖွဲ့ရဲ့ နှစ်စဉ်အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးအင်အားက အမေရိကန်ဒေါ်လာသန်းပေါင်း ၄၀၀ ရှိပါတယ်။ အဲဒီဘဏ္ဍာငွေရဲ့ ၈၀ ရာခိုင်နှုန်းက ပုဂ္ဂလိက အလှူရှင်တွေဆီက ရတာပါ။ ကျန် ၂၀ ရာခိုင်နှုန်းက ကမ္ဘာ့အစိုးရ အဖွဲ့အစည်းတွေနှင့် ကုမ္ပဏီကြီးတွေက ထောက်ပံ့တဲ့ငွေတွေပါ။
MSF ကို ၁၉၇၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ပြင်သစ်ဆရာဝန်နှင့် သတင်းစာဆရာ လူငယ်တစုက ဦးစီးပြီး ဒီအဖွဲ့ကို စတင်တည်ထောင်ခဲ့ကြတာပါ။ အဲဒီ စတင်တည်ထောင်စ အချိန်ကတည်းက MSF ရဲ့ အဓိကရည်ရွယ်ချက်က လူမျိုး၊ ဘာသာ၊ နိုင်ငံရေး၊ ယုံကြည်ချက် ကွဲပြားမှုတွေကို လုံးဝထည့်မစဉ်းစားပဲ ကမ္ဘာကြီးရဲ့ လိုအပ်တဲ့နေရာ အဲ ဒုက္ခရောက်နေကြတဲ့ နေရာတိုင်း မှာ အဓိကဆေးကုသမှုနှင့်ပတ်သက်ပြီး အထောက်အကူပေးကြဖို့ပါပဲ။
အဲဒီအချိန်က ဒီအဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ Bernard Kouchner ပြင်သစ်လူမျိုး၊ ဆရာဝန်ပါ။ ဒီပုဂ္ဂိုလ်ရဲ့ ဖခင်ကလည်း ဆရာဝန်ပါပဲ။ ဒါပေမယ့် ပြင်သစ်ဆရာဝန်ကြီး ဒေါက်တာ Kouhner အနေနဲ့ MSF အဖွဲ့ကို ၈ နှစ်ခန့်သာ တာဝန်ယူဦးဆောင်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ MSF အဖွဲ့က ထွက်ခွာသွားပါတယ်။
ဒီပုဂ္ဂိုလ်ထွက်ခွာသွားပြီးတဲ့နောက်မှာ MSF အဖွဲ့က အပြည်ပြည်ဆိုင်ရာ အဖွဲ့တခုအသွင် ပိုပြီးပြောင်းလဲသွားခဲ့ ပါတယ်။ ဘယ်ဂျီယမ်၊ ဆွစ်ဇာလန်၊ ဒတ်ချ်၊ စပိန်၊ လူဇင်ဘတ် နိုင်ငံစသဖြင့် ဥရောပ နိုင်ငံစုံ ပါဝင်လာပြီး ကမ္ဘာအနှံ့ ကူညီမှုတွေကို နိုင်ငံအလိုက် တာဝန်ယူတဲ့ အပိုင်းတွေကို ခွဲဝေလိုက်ပါတယ်။ ပိုပြီး ထိရောက်မှု၊ ကျယ်ပြန့်မှုရှိအောင် ပြုလုပ်လိုက်တာပေါ့ခင်ဗျာ။
မြန်မာနိုင်ငံရဲ့ MSF က ဒတ်ချ်တွေ တာဝန်ယူထားတဲ့အပိုင်း (Dutch Section) အထဲမှာပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ MSF အဖွဲ့ကို MSF Holland/AZG လို့ အမည်ပေးထားပါတယ်။ ၁၉၉၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ အကူညီပေးနေတဲ့အဖွဲ့။ မြန်မာတွေကို ကူညီခဲ့တာ နှစ်ပေါင်း ၂၀ ရှိသွားပါပြီ။
ဒီနေ့ မြန်မာနိုင်ငံမှာ ဒတ်ချ်တွေ ဦးဆောင်တဲ့ MSF အဖွဲ့မှာ မြန်မာအမှုထမ်း ၁၁၂၈ ဦးရှိပြီး နိုင်ငံခြားသားက ၁၉ ဦးပဲ ရှိပါတယ်။ MSF ဒီနေ့ မြန်မာနိုင်ငံမှာ အဓိက တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ အဓိက ကုသပေးနေတာတော့ ငှက်ဖျားရောဂါ၊ တီဘီ (TB) ရောဂါနှင့် အိတ်ချ်အိုင်ဗွီ (HIV) ရောဂါတွေ ပါပဲ။ မြန်မာနိုင်ငံကို သူတို့ ၅ ခုခွဲ တာဝန်ယူပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းတွေ ဖြစ်ပါတယ်။
ဒီ MSF အဖွဲ့က ၁၉၉၉ ခုနှစ်က နိုဘယ် ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ရထားပါတယ်။ ၁၉၉၆ ခုနှစ်က ဆိုးလ် ငြိမ်းချမ်းရေးဆု (Seoul Peace Prize) ရထားပါတယ်။ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကောင်စီရဲ့ အတိုင်ပင်ခံအဖွဲ့အစည်းဖြစ်ပါ တယ်။
ဒီအဖွဲ့အစည်းကို “ငါတို့ ပြည်နယ်က ထွက်သွားပါ”ဆိုပြီး စစ်တွေမြို့မှာ ဆန္ဒပြကြတယ်။ အစိုးရကလည်း ထွက်သွားပါလို့ ပြောတယ်။ ဒီနေ့ MSF အဖွဲ့ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားပါပြီ။ MSF အဖွဲ့မှာ ဘာအရှုံးပေါ်သလဲ။ ကျနော် စဉ်းစားကြည့်ပါတယ်။ ဘာမှမရှိပါဘူး။
MSF အဖွဲ့က ဘယ်လိုအဖွဲ့အစည်းမျိုးဆိုတာကို ဒီနေ့ တကမ္ဘာလုံး သိပါတယ်။ နိုဗယ်ဆုကြီးရရှိထားပြီး ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံအဖွဲ့အဆင့်ဆိုကတည်းက ဂုဏ်အနေအားဖြင့် အားလုံးပြည့်စုံနေပြီ မဟုတ်လား ခင်ဗျာ။
စစ်တွေမြို့မှာ ဆန္ဒပြနေတဲ့ ပုဂ္ဂိုလ်တွေ စွပ်စွဲတဲ့ ၁) MSF အဖွဲ့ ဆေးကုသပေးတဲ့ဆီမှာ ဘက်လိုက်တယ်၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ လူတွေကို ပိုပြီး ဂရုစိုက် ကုသပေးနေတယ် ၂) မမှန်မကန်တဲ့ သတင်းတွေ ပြည်ပပို့နေတယ်ဆိုတဲ့ အပေါ်မှာ ဘာမှအငြင်းမပွားပါဘူး။ ဘာကြောင့်လဲ။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ကျနော်မှ မသိပဲခင်ဗျာ။
ဒါပေမယ့် ကျနော်သိထားသလောက် သူတို့ပေးနေတဲ့ ကျန်းမာရေးအကူအညီတွေက မျိုးနွယ်စု၊ ဘာသာရေးနှင့် နိုင်ငံရေးတွေ အပေါ် လုံးဝထည့်မစဉ်းစားပါဘူး။ MSF was created in the belief that all people should have access to healthcare regardless of gender, race, religion, creed or political affiliation, and that people’s medical needs outweigh respect for national boundaries. လို့ သူတို့ရဲ့ ပဋိဉာဉ် စာတမ်းထဲမှာ အတိအလင်း ဖော်ပြထားပါတယ်။
ရခိုင်ဒေသတွေ ဘာ အရှုံးပေါ်မှာလဲ။ ငှက်ဖျားရောဂါဆေး၊ တီဗီ (TB) ဆေး၊ အိတ်ချ်အိုင်ဗွီ (HIV) ဆေးတွေကို ဒေသခံ ရောဂါသည်တွေ မရကြတော့ဘူးပေါ့ ခင်ဗျာ။ အစိုးရရဲ့ ပြည်နယ် ကျန်းမာရေးအဖွဲ့အစည်းတွေက လစ်လပ်သွားတဲ့ MSF တာဝန်ယူထားတဲ့ နေရာတွေကို ဝင်ပြီး တာဝန်ယူ ကုသပေးလိမ့်မယ်ဆိုတဲ့ သတင်းကို ကြားလိုက် ဖတ်လိုက်ရပါတယ်။ တကယ် တာဝန်ယူ ကုသပေးနိုင်မယ်ဆိုရင်တော့ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် ကျနော်ကတော့ လက်တွေ့ဖြစ်နိုင်ဖို့ အလွန်ခက်လိမ့်မယ်လို့ ထင်မိပါတယ်။
ဒီနေ့ခေတ်ပေါ် ငှက်ဖျားဆေး၊ တီဗီဆေး၊ အိတ်ချ်အိုင်ဗွီ (HIV) ဆေးတွေက အလွန်ဈေးကြီးလှပါတယ် ခင်ဗျာ။ သတင်းစာ တစောင်ထဲမှာ ဖတ်လိုက်မိပါတယ်။ ရန်ကုန်မှာရှိတဲ့ အစိုးရဆေးကုသရေးဌာနမှာ မှတ်ပုံတင်ထားတဲ့ အိတ်ချ်အိုင်ဗွီဝေဒနာသည်တွေအတွက် ဆေးတောင် ၄ လစာလောက်ပဲ ဆေးရှိပါတယ်တဲ့။ ဘယ်လိုလုပ်ပြီး ရခိုင်မှာ ရောဂါခံစားနေကြတဲ့ လူတွေအတွက်ဆေးကို မျှဝေပေးနိုင်ကြမှာလဲခင်ဗျာ။
ဒီနေ့မြန်မာနိုင်ငံရဲ့ စီးပွားရေးက လုံးဝမကောင်းပါဘူး။ ကျန်းမာရေးနှင့်ပတ်သက်ပြီး လူထုကို အစိုးရက ပံ့ပိုးနိုင်စွမ်း အလွန်အားနည်းနေပါတယ်။၂၇-၂-၂၀၁၄ နေ့ထုတ် 7 Day နေ့စဉ်သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ မန္တလေးတိုင်းမှာ ကြက်ခြေနီ အသင်းပေါင်း ၂၈ သင်းရှိပေမယ့် အရေးပေါ်လူနာတင်ယာဉ် ၆ စီးပဲရှိတယ်တဲ့။ အဲဒီ ၆ စီးထဲက စင်ကာပူနိုင်ငံမှ လှူထားတဲ့ ၂ စီးမှာပဲ ရှေးဦးအသက်ကယ်မှုတွေ ပြုလုပ်ပေးနိုင်တဲ့ ကိရိယာတွေ တပ်ဆင် ထားတာရှိတယ်တဲ့။
ဒီလိုခေတ် အချိန်အခါမျိုးမှာ ရခိုင်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ (MSF) တာဝန်ယူထားတဲ့ နေရာဟောင်း တွေကို ဖြည့်စွက်တာဝန်ယူဖို့ဆိုတာ လွယ်ကူလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ရခိုင်အစိုးရအဖွဲ့ ကျန်းမာရေး ဌာနမှ ပုဂ္ဂိုလ်တွေ ပိုသိကြပါလိမ့်မယ်။ အဲဒီဒေသမှ ဝေဒနာသည်တွေအတွက် ဆေးကုသဖို့ ပြဿနာတော့ ရှိနိုင်ပါတယ်။ ဒီဝေဒနာသည်တွေက ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ လူတွေရှိသလို၊ ဗုဒ္ဓဘာသာဝင်တွေလည်း အထိုက်အလျောက်တော့ ရှိကြမှာ သေချာပါတယ်။
MSF ထွက်သွား လို့အော်ပြီး ဆန္ဒပြခဲ့သူများကို မေတ္တာရပ်ခံချင်ပါတယ်။ ဆရာတို့က “ထွက်သွား” ဆိုလို့ သူတို့ ထွက်သွားခဲ့ကြပါပြီ။ သူတို့တာဝန်ယူသွားတဲ့ အလုပ်တွေက ဆရာတို့ အပေါ်ပုံကျလာတော့မယ်။ ဆရာတို့ ဘယ်လိုဆက်တာဝန်ယူ ကြမှာလဲခင်ဗျာ။ ဆရာတို့မှာ ဒီတာဝန်တွေဆက်ယူဖို့ ပြင်ဆင်ချက်တွေ ရှိထားပြီးသားလား။ ရှိထားပြီးသားဆိုရင်တောင် ကျနော်ကတော့ တွေးပူနေမိတာပါ။ ဖြစ်လာနိုင်မယ့် အကျိုး ဆက်တွေကို အသေအချာ စဉ်းစားပြီးမှ ပြုလုပ်ကြရင်တော့ ပိုကောင်းတာပေါ့ခင်ဗျာ။
နောက် အစိုးရ အာဏာပိုင်တွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ မိမိဒေသတွင်းမှာ ဆန္ဒပြပွဲတွေ မရှိတော့ရင် ပြီးရောဆိုပြီး မိမိကလိုက်ပြီး “ထွက်သွား”လို့ လွယ်လွယ်မပြောသင့်ပါဘူး။ ဆရာတို့အပေါ် တာဝန်အသစ်တွေ ပုံကျလာနိုင်ပါတယ်။ အသေအချာစဉ်းစားပြီး အကျိုးဆက်တွေအတွက် အကုန်ပြင်ဆင်ပြီးမှ သွားနိုင်ရင် ပိုကောင်းတာပေါ့ခင်ဗျာ။ ဆရာတို့ဟာ ဆရာတို့ ပြည်နယ်အတွင်းက လူသတ္တဝါအားလုံးကို စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ အထူးသဖြင့် ဝေဒနာသည်တွေကို အလွန်သနားဖို့ ကောင်းလှပါတယ်။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေ ဆိုတာက မှန်ချင်မှမှန်ပါလိမ့်မယ်။ ဆရာတို့က ဆိုးကျိုးဖြစ်လာနိုင် တာတွေ အားလုံးကို အကုန်တာဝန်ယူ ဖြေရှင်းကြရမှာဆိုတော့ အကျိုးမဲ့ တောင်းဆိုမှုအားလုံးကို အမှန်ဘက်ကို ရောက်အောင် အစွမ်းကုန် စည်းရုံးစေချင်ပါတယ်။ မေတ္တာရပ်ခံစေချင်ပါတယ်။ ဒေါသဖြစ်နေတဲ့ ပြည်သူလူထုကို ငြိမ်သွားအောင် ပြန်ထိန်းသိမ်းဖို့ဆိုတာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျနော် ကိုယ်ချင်း စာပါတယ်။ ဆရာတို့ ရင်ဆိုင်နေရတဲ့ ဒုက္ခကို ကျနော်နားလည်ပါတယ်။
နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ဒီအတိုင်းပါပဲ။ အမှန်တရားကို မရင်ဆိုင်လို့မရပါဘူး။ မိမိတို့ကို လူအများ အမုန်းခံရမှာကို အလွန်ကြောက်ရွံွ့နေလို့မရပါဘူး။ ရခိုင်ပြည်သူလူထုကို ချစ်ရင် ဒီပြည်သူလူထုကို အမှန်တကယ် အကျိုးရှိမယ့် လမ်းမှန်ပေါ်ရောက်အောင် ပြောရဲ၊ ဆိုရဲ၊ ခေါ်ရဲ၊ ရပါမယ်။ လူမိုက်တသောင်း အချီးမွမ်းခံရဖို့ အရေးမကြီးဘူး။ လူလိမ္မာတယောက်ရဲ့ အချီးမွမ်းခံရဖို့က ပိုအရေးကြီးတယ်ဆိုတဲ့ စကားရှိပါတယ်။
ဒီနေ့ ရခိုင်ပြဿနာတွေမှာ ဘယ်သူတွေ အခံရဆုံးလဲ။ ရခိုင်ရေမြေအပေါ်မှာ နေထိုင်တဲ့ ဆင်းရဲတဲ့ လူထုတရပ်လုံးပဲ မဟုတ်လား။ ဒီဆင်းရဲတဲ့ လူထုက ဆရာတို့ လူထုမဟုတ်လား။ ဆရာတို့ရဲ့ ကမ်းရိုးတန်း ရေတိမ်ပိုင်းမှာ ဒီနေ့ ငါးဖမ်းရခက်နေတဲ့ ပြဿနာ၊ အသိမ်းခံထားရတဲ့ လယ်တွေ၊ မြေတွေ၊ ပြဿနာ။ နောက် ဒေသထွက် ဓာတ်ငွေ့တွေ မသုံးရ၊ မစားရ ဖြစ်နေတဲ့ ပြဿနာ။ သမိုင်းဝင်မြို့ဟောင်းတွေ ထိန်းသိမ်းဖို့ ခက်နေတဲ့ ပြဿနာ။ ဒီပြဿနာတွေက အဓိကပြဿနာ။ ဆရာတို့ လူထုကို နေ့စဉ်သက်ရောက်မှု ရှိနေတဲ့ပြဿနာ။
ကင်တာနားတို့၊ MSF တို့ဆိုတာက သာမညပြဿနာ။ ဒေသခံတွေရဲ့ အကျိုးစီးပွားကို နေ့စဉ် ထိခိုက်နေတဲ့ ပြဿနာ မဟုတ်ဘူး။ အပေါင်းပဲရှိတယ်။ အနုတ်မရှိဘူး။ မိမိရတာ နည်းတယ်၊ များတယ် ဆိုတာကို အငြင်းပွားနေတာပဲရှိတယ်။ နောက် ကင်တာနား ဆိုတာက ကုလသမဂ္ဂရဲ့ကိုယ်စားလှယ်။ MSF ဆိုတာက ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံ အဆင့်ရ အဖွဲ့အစည်း။
လူတိုင်းဟာ တခါတရံ အဓိကနှင့်သာမညကို မေ့သွားတတ်ပါတယ်။ ကျနော့်ဘဝမှာ ရခိုင်စစ်ဗိုလ်သူငယ်ချင်း၊ လေသူရဲ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ သူတို့အားလုံးက လူတော်လူကောင်းတွေပါ။ ဒီဆောင်းပါးက သူတို့အတွက် အမှတ်တရ ရေးလိုက်တဲ့ဆောင်းပါးပါ။ သူတို့အားလုံး ဝမ်းသာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
(ဦးလှဝင်း (လေသူရဲတဦး) သည် ရန်ကုန်အခြေစိုက် စာရေးဆရာတဦးဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆောင်းပါးများကို အပတ်စဉ်ဂျာနယ်များတွင် ရေးသားလျက်ရှိသည်။)