မြန်မာ သက္ကရာဇ် ၁၃၇၅ – ၁၃၇၆ ခု နှစ် ကူးပြောင်းမည့် မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရက စီမံဆောင်ရွက်ထားမည့် လုံခြုံရေး အစီအစဉ်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကို တွေ့ဆုံ မေမြန်း ထားပါသည်။
မေး။ ။ သင်္ကြန်မှာ ပြည်သူလူထုအနေနဲ့ အေးအေးချမ်းချမ်း ရေကစားနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘယ်လို ပြင်ဆင် ဆောင်ရွက်မှုတွေ လုပ်ထားလဲ။
ဖြေ။ ။ သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ဆပ်ကော်မတီတွေ ဖွဲ့ထားတာရှိတယ်။ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၊ လုံခြုံရေး ကော်မတီ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့ ဆုချီးမြင့်ရေး ကော်မတီ ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မဆီလျော်သော ဝတ်စား ဆင်ယဉ်မှုများ ကြပ်မတ် စစ်ဆေးရေး ကော်မတီ၊ မဏ္ဍပ်နေရာ ချထားရေး ကော်မတီ၊ မဏ္ဍပ် ကြံ့ခိုင်မှု စစ်ဆေးရေး ကော်မတီ၊ သံချပ် စစ်ဆေးရေး ကော်မတီနဲ့ လူမှုရေး ဘာသာရေး ဆိုင်ရာ ကော်မတီ ၊ ဖျော်ဖြေရေး ကော်မတီ နဲ့ နောက်ဆုံးကတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ် ဆောက်လုပ်ရေး ကော်မတီ ဆိုပြီးတော့ ရှိတယ်။
တို့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ စည်းကမ်း ထိန်းသိမ်းရေးနဲ့ လုံခြုံရေး ကော်မတီအနေနဲ့က အရင်နှစ်တွေက အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီးတော့ ဆောင်ရွက်သွားမယ်။ ရန်ကုန် သင်္ကြန်လုံခြုံရေး အတွက်က ကွပ်ကဲရေး နေရာ ၃ ခု သတ်မှတ်ထားပေးတယ်။ ရှေ့တန်း ကွပ်ကဲမှုလို့ပဲ ခေါ်ရမှာပေါ့။
မြကန်သာ ဘက်မှာ ကွပ်ကဲမှု ရုံးတရုံး၊ သိမ်ဖြူ အားကစားရုံမှာ တရုံး၊ IBC မှာ ကွပ်ကဲမှု တရုံး ဖွင့်မယ်။ ဘာလို့လဲ ဆိုတော့ သင်္ကြန်မှာ သွားလာရေး အဆင်ပြေအောင် ပြည်လမ်းဘက်က ကိစ္စတွေကို IBC ကွပ်ကဲရေး ရုံးက
ကိုင်လိမ့်မယ်။ ကန်တော်ကြီးနဲ့ ပတ်သက်တဲ့ ကိစ္စကို သိမ်ဖြူရုံးက ထိန်းမယ်။ ကမ္ဘာအေး ဘုရားလမ်းက ကိစ္စတွေကို မြကန်သာ ကွပ်ကဲမှု ရုံးက ထိန်းလိမ့်မယ်။
မေး။ ။ ဗုံးလန့်တာတွေက ရန်ကုန်မှာ မကြာသေးခင်က ဖြစ်ခဲ့သေးတော့ သင်္ကြန်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘာတွေ ပြင်ဆင် ဆောင်ရွက်ထားပါလဲ။
ဖြေ။ ။ လုံခြုံရေးကိုလည်း အရပ်ဝတ်ရော ၊ ယူနီဖောင်းဝတ်နဲ့ရော အကုန်ထည့်ထားတယ်။ အင်အားကတော့ အတိအကျ မပြောနိုင်ဘူး။ အရန်အဖွဲ့တွေက မြို့နယ်တိုင်းမှာ ၁၀ ယောက်လောက် လုပ်ထားတယ်။ ခရိုင်မှာ ၂၀ လောက်ပြင် ထားတယ်။ နေရာတိုင်းမှာတော့ ဖြန့်ချထားတယ်။ ခိုးဆိုးနှိုက် ကိုလည်း ကာကွယ်နိုင်အောင် အရပ်ဝတ်တွေ ပြည်သူလူထုထဲမှာ ထည့်ထားတယ်။ အရင် နာမည်ရှိထားတဲ့ သူတွေကိုလည်း စောင့်ကြည့်နေတယ်။
နောက် တချက်ကတော့ လုံခြုံရေး အပိုင်းနဲ့ ပတ်သက်လို့ မိုင်းရှာဖွေရေးနဲ့ ပတ်သက်ပြီးတော့မှ မနက် ၆ နာရီ မတိုင်မီမှာ တကြိမ်၊ ညနေ ၆ နာရီမှာ တကြိမ် ရှာခိုင်းမယ်။ ရေကို ညနေ ၆ နာရီ အထိပဲ ပက်ခွင့် ပေးထားတယ်။ အဲဒါပြီးရင် အမှိုက်သိမ်း အဖွဲ့နဲ့ အတူတူ မိုင်းဝင်ရှာမယ်။ ထူးခြားရင် ကွပ်ကဲမှု ရုံးကို တင်ပြပြီးတော့ ကွပ်ကဲမှု ရုံးကနေ တဆင့် လိုအပ်တဲ့ ရှင်းလင်းဆောင်ရွက်မှုတွေ ဆက်လုပ်လိမ့်မယ်။
ကွပ်ကဲမှု ရုံးတွေမှာ လူနာတင်ယာဉ်တွေ အဆင်သင့် ရှိမယ်။ မိုင်းရှင်းလင်းရေး အဖွဲ့ကလည်း မသကာၤဖွယ်ရာ အထုတ်တွေ၊ ပစ္စည်းတွေ တွေ့မယ်၊ မိုင်းလို့ သံသယ ရှိစရာတွေ တွေ့မယ် ဆိုရင် တို့ဆီက ရှင်းလင်းရေး အဖွဲ့က အမြန်ဆုံး ဆောင်ရွက်နိုင်အောင် အစီအစဉ်တွေ လုပ်ထားတယ်။
မေး။ ။ သင်္ကြန် လုံခြုံရေး အတွက် CCTV ကင်မရာ တခုတည်းကို အားကိုးလို့ မရဘူးဆိုတော့ ဘယ်လို စောင့်ကြည့်မှုတွေ လုပ်မလဲ။ မဏ္ဍပ်တွေမှာ လုံခြုံရေး အတွက် ဘယ်လို စည်းကမ်းချက်တွေ ချထားလဲ။
ဖြေ။ ။ မဏ္ဍပ်ဆောက်ပြီဆိုရင် CCTV ကင်မရာတပ်ဖို့တော့ ပြောထားပြီးပြီ။ မဏ္ဍပ် အကြီးဆိုရင် ၃၆၀ ဒီဂရီ လှည့်လို့ရတဲ့ ကင်မရာအကြီး တလုံး တပ်ရမယ်။ ကင်မရာ အသေး ၄ လုံး တပ်ရမယ်။ မဏ္ဍပ် အလတ်ဆိုရင်တော့ ကင်မရာအကြီး တလုံး၊ ကင်မရာ အသေး ၃ လုံး တပ်ရမယ်လို့ ပြောထားတယ်။
စည်းကမ်း ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့လည်း မဏ္ဍပ်တိုင်းက ကိုယ့်မဏ္ဍပ်နဲ့ကိုယ် လူဖွဲ့ထားပေးရမယ်။ မဏ္ဍပ်အကြီး ဆိုရင် ၁၅ ယောက်လောက် ရှိရမယ်။ မဏ္ဍပ်အငယ် ဆိုရင် ၁၀ ယောက်လောက် ရှိရမယ်။ ဒီအဖွဲ့တွေက ယူနီဖောင်း ဝတ်ထားရမယ်။ တာဝန်ဆိုတဲ့ တံဆိပ်တွေ ပတ်ထားရမယ်။ တုတ်၊ ဓား၊ လက်နက် ကိုင်လို့မရဘူး။ လိုအပ်ရင် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။
သူတို့ အလုပ်က အရမ်းမူးနေတဲ့ သူတွေကို ထိန်းပေးရမယ်။ ကားတွေမှာ မဏ္ဍပ်ရှေ့မှာ အရမ်းကြာနေရင် ပြန်ထွက်ပေးဖို့ ပြောလို့ရတယ်။ ယဉ်ထိန်းတွေ ကတော့ မီးပွိုင့်တိုင်းမှာပဲ ရှိမှာ။
မေး။ ။ သင်္ကြန်ကာလအတွင်းမှာ ဖြစ်နိုင်တဲ့ မူးယစ်ရမ်းကား သောင်းကြမ်းမှုတွေ၊ ယဉ်တိုက်မှုတွေကို ဘယ်လိုဖြေရှင်းပေးမလဲ။
ဖြေ။ ။ သင်္ကြန်ကာလမှာ အင်းလျားကန်ထဲကို မူးမူးနဲ့ ဆင်းပြီး ရေနစ်သေတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။ အဲဒါမျိုးတွေကို စောင့်ကြည့်ဖို့ အရေးပေါ်အဖွဲ့တခု ထားပေးထားတယ်။ မီးသတ်အဖွဲ့တွေပါ။ တွေ့ခဲ့ရင် ချက်ချင်း ကယ်ဆယ် ပေးမယ်။
ယဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် ယဉ်ထိန်းရဲတွေကို လမ်းဆုံ ၊ လမ်းခွ တွေမှာ အပြည့်ချထားပေးမယ်။ ယာဉ်တွေ မတော်တဆ ပျက်လို့ ရှိရင်လည်း ချက်ချင်း ရွှေ့ထုတ်နိုင်အောင် စီစဉ်ထားတယ်။
ဒီရက်တွေက ရုံးပိတ်ရက်တွေ ဖြစ်နေတဲ့ အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ အထူး တရားရုံးတွေ မြို့နယ်တိုင်းမှာ ဖွင့်ပေးထားမယ်။ မြို့နယ်အလိုက် ဖြစ်လာတဲ့ ပြဿနာအားလုံးကို တရားရုံးက ရှင်းပေးလိမ့်မယ်။ ချက်ချင်း
ဖြေရှင်းလို့ ရတဲ့ကိစ္စတွေကို တရားရုံးတွေက တန်းရှင်းပေးလိမ့်မယ်။
မေး။ ။ အကြမ်းဖက်မှုလိုမျိုး အရေးပေါ် ပြဿနာ တခုဖြစ်လာရင် ဘယ်လောက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်အောင် စီစဉ်ထားလဲ။
ဖြေ။ ။ ဘယ်နေရာ ၊ ဘယ်အချိန်မှာ ဘာဖြစ်မလဲ ဆိုတာ မပြောနိုင်တဲ့ အတွက် ဖြစ်ရင်တော့ အကြောင်းကြားပေးပါ။ သတင်းကို လက်ဦးမှု ရဖို့လိုတယ်။ သတင်းရခဲ့ရင် တယောက်ယောက်က တို့ဆီကို အကြောင်းကြား ပေးလိုက်တာနဲ့
ချက်ချင်း ဆောင်ရွက်လို့ ရတယ်။
ရုတ်တရက် ပြဿနာ တစုံတရာ တက်မယ်ဆိုရင် ချက်ချင်း ထိန်းနိုင်အောင် လုံခြုံရေး အဖွဲ့လေးတွေကို မဏ္ဍပ်တွေနဲ့ မနီးမဝေးမှာ ထားထားတယ်။
မေး။ ။ သင်္ကြန်မှာ မူးယစ်ဆေးဝါးသုံးဖို့ တချို့လူငယ်တွေ ဆိုရင် အခုကတည်းက ကြိုစုနေပြီဆိုတဲ့ သတင်းမျိုးတွေ ကြားနေရ တယ်။ အဲဒီ ပြဿနာကို ဘယ်လိုဖြေရှင်းဖို့ ရှိပါသလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ လက မူးယစ်ဆေးဝါး ဆယ်သိန်းလောက် မိတယ်။ တသန်းပေါ့။ အရေးယူ ဆောင်ရွက်ပြီးပြီ။ အဓိက ကတော့ သုံးစွဲတဲ့သူကို အရေးယူမယ်။ မဏ္ဍပ်က တာဝန်ရှိနေရင်လည်း သူ့ကို Black List စာရင်းသွင်းလိုက်မယ်။
အလားတူပဲ အရက်ဘီယာ ၊ မူးယစ်ဆေးဝါး ရောင်းချမှု မရှိအောင်လည်း လုပ်ဆောင်ထားတယ်။ တကယ် ရောင်းနေရင်လည်း အရေးယူမယ်။ အရက်ပုန်း ရောင်းရင်လည်း ဖမ်းရမှာပဲ။
မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပါ။
ဖြေ။ ။ ပြောချင်တာက တို့ရဲ့ သံချပ်စိစစ်ရေး ကော်မတီဟာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မရှိဘဲနဲ့ ဘာလို့ ရန်ကုန်မှာ လုပ်ရတာလဲလို့ မေးကြတယ်။ သံချပ်ကို ဘာကြောင့် စိစစ်ရသလဲဆိုတော့ တို့အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ထောက်ပြတာတွေကို ကြောက်လို့မဟုတ်ဘူး။
အဓိကက တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ၊ နောက်တချက်က လတ်တလော ဖြစ်နေတဲ့ ဘာသာရေး ဆိုင်ရာ ကိစ္စတွေမှာ တယောက်နဲ့ တယောက် အထင်မြင်လွဲမှားစရာတွေ သံချပ်ထဲမှာ ပါသွားခဲ့လို့ရှိရင် လေထဲ လွင့်သွားတဲ့ အတွက် လိုက်ဖမ်းယူလို့ မရတော့ဘူး။ ဆောရီးဆိုပြီး မရတော့ဘူး။ အဲဒီအချိန်မှာ ဘာသာရေး ဆိုင်ရာ ပဋိပက္ခတွေ ဖြစ်မှာ။
မဖြစ်စေချင်တဲ့ အတွက် စကား အသုံးအနှုန်းလေးတွေကို ဆီလျော်တဲ့ အသုံးဖြစ်အောင် ပြောင်းပေးတာ။ မဖြုတ်ပစ်ဘူး။ ကျန်တဲ့ ကိစ္စ မပိတ်ပင်ပါဘူး။ တို့ရဲ့လုပ်ဆောင်ချက်တွေ ထောက်ပြရင် ပြုပြင်ဖို့ပဲ ရှိတယ်။ ဒီဟာအတွက် ကြောက်စရာ အကြောင်း မရှိပါဘူး။ အရေးယူတာက နောက်၊ ဖြစ်မှာက အရင်ပါ။ ။